အေးမြသောဒေသများတွင် များစွာဖြစ်ထွန်းသည့် ဂေါ်ရခါးသီး (ရှမ်းပြည်နယ်အခေါ်) စူကာသီးများသည် တစ်နှစ်ပတ်လုံး ကောင်းစွာပေါက်ရောက်ပါသည်။ ဂေါ်ရခါးသီးသည် အရသာအလွန်ကောင်းမွန်ပြီး အချိုဓာတ်အပြည့်အဝပါဝင်သော ဟင်းသီးဟင်းရွက်တစ်မျိုးပင်ဖြစ်ပါသည်။ စူကာသီးအပင်သည် အနွယ်ပင်အမျိုးအစားဖြစ်၍ မြန်မာနိုင်ငံတွင်သာမက အနောက်နိုင်ငံများတွင်လည်း များစွာလူကြိုက်များသော အသီးတစ်မျိုးဖြစ်ပါသည်။
ဂေါ်ရခါးပင်မှထွက်ရှိသော ဂေါ်ရခါးညွန့်များကိုလည်း ကြော်/ချက်စားနိုင်ပြီး အရည်ရွှမ်းသောစူကာသီးကို ကြက်ဥနှင့်ရောမွှေ၍ ကြော်စားလေ့ရှိသည့်အပြင် မိမိနှစ်သက်သည့် အသားငါးများနှင့်လည်းရောနှော၍ ချက်ပြုတ်နိုင်ပြီး အတို့အမြုပ်အနေဖြင့်လည်းသုံးဆောင်ကြပါသည်။ ဂေါ်ရခါးသီးသည် ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ် စသည့် အကျိုးပြုဓာတ်များစွာပါဝင်ပါသည်။ အမျှင်ဓာတ်နှင့် ရေဓာတ်များစွာပါဝင်သောကြောင့် ကိုယ်အလေးချိန်လျော့ကျဖို့ရန်ကူညီပေးခြင်း၊ သွေးပေါင်ချိန်တက်ခြင်းကိုလျှော့ချပေးခြင်း၊ ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း စသည့် အကျိုးအာနိသင်များစွာရရှိနိုင်သော ဂေါ်ရခါးသီး (ခေါ်) စူကာသီးများကို ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းတစ်ခွက်အဖြစ် သုံးဆောင်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ရှမ်း)