ပြည်တွင်းဖျော်ရည်ထုတ်လုပ်မှုလုပ်ငန်းများက ကြီးထွားလာသော ဖျော်ရည်ဝယ်လိုအားကို ဖြည့်ဆည်းပေး

Powered by Drupal
Fri, 08/18/2023 - 10:19 -- consumer_admin

   ဖျော်ရည်ကို ရဟန်းသံဃာကပ်လှူခြင်း၊ လူကြီးမိဘကန်တော့ခြင်း၊ အလှူဒါနပြုတိုက်ကျွေးခြင်း၊ ဧည့်သည်များကိုဧည့်ခံခြင်း၊ ဟိုတယ်များတွင် ကြိုဆိုယဉ်ကျေးမှုအဖြစ်သုံးခြင်း၊ လူနာအားဖြည့်စာအဖြစ် လက်ဆောင်ပေးခြင်းတို့တွင် အစဉ်သဖြင့် သုံးစွဲလျက်ရှိသည်။ ထို့ပြင် သစ်သီးဖျော်ရည်မှရရှိသည့် အာဟာရဓာတ်ကိုမက်မောကြပြီး လူကြီး /လူငယ်မရွေး ဖျော်ရည်သောက်သုံးရသည်ကိုကြိုက်နှစ်သက်ကြသည်။ သစ်သီးဝလံများတွင် ဗီတာမင်စီနှင့် တခြားအာဟာရဓာတ်အသီးသီးပါဝင်ပြီး ကင်ဆာကိုကာကွယ်ခြင်း၊ ရောဂါကိုတိုက်ထုတ်ပေးခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကိုကောင်းစေခြင်းတို့အပြင် အကျိုးများစွာရှိကြောင်းသိရသည်။

   စားသုံးသူများသည် အလွန်ပြုပြင်ထားသောသကြားပါသည့် အချိုရည်များအစား ကျန်းမာရေးနှင့်ညီညွတ်သော သဘာဝသစ်သီးဖျော်ရည်သုံးစွဲမှုမှာ တိုးတက်လာသည်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကိုယ်ခံအားကိုအထောက်အကူပြုသည့် စားသောက်ကုန်ကိုရှာဖွေလာကြပြီး သစ်သီးဖျော်ရည်သောက်သုံးမှုကိုတွန်းအားပေးလာကြသည်။ သစ်သီးဖျော်ရည်တွင် သစ်သီး၊ ရေ၊ သကြားနှင့် အချဉ်ဓာတ်တို့ပါဝင်သည်။ ကျန်းမာရေးအထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် သောက်သုံးလိုသော်လည်း တားမြစ်ဆိုးဆေးများနှင့် တာရှည်ခံဆေးများကိုသုံးစွဲခြင်း၊ ကောင်းမွန်သောထုတ်လုပ်မှုဖြစ်စဉ် (GMP/ GHP) များကိုလိုက်နာမှုမရှိခြင်း၊ မသင့်တော်သော/ အလွန်အကျွံဖြစ်စေသော နည်းများအသုံးပြုခြင်းများဖြင့်ထုတ်လုပ်ပါက ဖျော်ရည်၏အာဟာရတန်ဖိုးကိုမရရှိဘဲ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်။

      ဖျော်ရည်ထုတ်လုပ်ရာတွင် သိုလှောင်ခြင်း၊ သန့်စင်ခြင်း၊ ကျိုချက်ခြင်း၊ ဖော်စပ်ခြင်း၊ ပိုးသတ်ခြင်း၊ အပူပေးစနစ်နှင့် သိုလှောင်ကန်များသုံးစွဲခြင်း၊ ထုပ်ပိုးခြင်းလုပ်ငန်းစဉ်တစ်လျှောက် တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုလုပ်ငန်းမှအစ စီးပွားဖြစ် ခေတ်မီစက်ကိရိယာများသုံးစွဲထုတ်လုပ်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိကြသည်။ ၎င်းတို့အနက် အရည်အသွေးနိမ့်ထုတ်ကုန်များကိုအသုံးပြုခြင်း၊ သစ်သီးအစား အရောင်နှင့် အချိုအတုများသုံးစွဲထုတ်လုပ်ခြင်းတို့ကိုမပြုလုပ်နိုင်စေရန် တားမြစ်ကန့်သတ်မှုများဖြင့် ထိန်းကျောင်းရပါမည်။ ပြည်တွင်းစားသုံးသူများကို လုံခြုံစိတ်ချရပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရပြည့်ရရှိစေနိုင်ရေးမှာ အရေးကြီးသဖြင့် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် ထုတ်လုပ်မှုများဖြစ်ရန်လိုအပ်ပါသည်။

  အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ်ထုတ်လုပ်သည့် ဖျော်ရည်လုပ်ငန်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်လျှောက်ထားနိုင်သည်။ ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးပြီး ထောက်ခံချက်မှတ်ပုံတင်လက်မှတ်ထုတ်ပေးသည်။ ပြည်တွင်း/ပြည်ပတင်ပို့ရောင်းချမည့်ဖျော်ရည်များ၊ ပြည်ပမှသွင်းလာသည့်ဖျော်ရည်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်လျှောက်ထားရပါမည်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး FDA လက်မှတ်ထုတ်ပေးခြင်းနှင့် ဈေးကွက်အတွင်းရှိ ဖျော်ရည်များကိုစစ်ဆေးပြီး ခွင့်မပြုဓာတုဆေးများကိုသုံးစွဲပါက သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ကြေငြာသည်။ ထိုသို့ထုတ်ပြန်ကြေညာသည့်အနက် ပြည်တွင်းဖျော်ရည်များပါဝင်သကဲ့သို့ ပြည်ပမှတင်သွင်းလာသည့် နာမည်ကြီးဖျော်ရည်ပုလင်းများပင်ပါဝင်ကြောင်းတွေ့ရသဖြင့် ကျန်းမာရေးနှင့်အညီထုတ်လုပ်ရေးသည် အရေးပါကြောင်းတွေ့ရသည်။ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများကိုသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစေခြင်းဖြင့် စားသုံးသူများအနေဖြင့် ဖတ်ရှုသိရှိ၍ ရွေးချယ်နိုင်စေသည့်အပြင် လုပ်ငန်းရှင်ဘက်ကလည်း မိမိထုတ်ကုန်ကို သတ်မှတ်ထားသည့် ကုန်အညွှန်းပြည့်စုံစွာဖော်ပြခြင်းဖြင့် အာမခံချက်ပေးမှုကို ကြော်ငြာပြီးသားဖြစ်သွားစေသည့်အကျိုးကိုရရှိစေပါသည်။ ဈေးဝယ်စင်တာများတွင် သက်ဆိုင်ရာထောက်ခံချက်များပါရှိမှသာ ဆိုင်၌ တင်ရောင်းသည့်စနစ်ဖြင့်လည်း အရည်အသွေးကောင်းမွန်မှု၊ စနစ်ကျမှုကိုအထောက်အကူဖြစ်စေသည်။ ထို့ကြောင့် ဖျော်ရည်ကြော်ငြာများတွင် အရည်အသွေး သတ်မှတ်ချက်များနှင့်အညီထုတ်လုပ်ထားကြောင်းကို FDA ထောက်ခံချက်အမှတ်များ၊ အသေးစားစက်မှုလက်မှုမှတ်ပုံတင်အမှတ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ လမ်းညွှန်ချက်စည်းကမ်းများနှင့်အညီ ထုတ်လုပ်ထားကြောင်း ထည့်သွင်းကြော်ငြာကြသည်ကို တွေ့ရပါသည်။ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြမှုကိုမလိုက်နာခြင်း၊ နာမည်ကြီးတံဆိပ်ကို အတုထုတ်လုပ်ရောင်းချဖြန့်ဖြူးခြင်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးအရေးယူဆောင်ရွက်ရလျက်ရှိကြောင်းတွေ့ရသည်။ ဘာသီးနှံမှမဝယ်ဘဲ အချိုရည်ထုတ်နေကြသော မြန်မာပြည်မှ စက်ရုံများ၊ အဆိပ်ကို ပိုက်ဆံပေးကာ သောက်နေကြရသောဘဝများ စသည့်ခေါင်းစဉ်များဖြင့် မမှန်မကန်လုပ်နေသည့် အချိုရည်ထုတ်လုပ်သူများကြောင့် ကလေးများမှာ အသည်းကျောက်ကပ်ပျက်စီး၊ ဆီးချို၊ သွေးတိုးဖြစ်ရကြောင်းရေးသားထားသည့် သတင်းဆောင်းပါးများမှာ ဓာတုအချိုခဲ၊ အချဉ်ခဲ၊ ဆိုးဆေး၊ အနံ့၊ တာရှည်ခံဆေးများဖြင့် အချိုရည်ဟုပါကင်ပိတ်၍ ရောင်းချနေကြောင်း ရေးသားထားသကဲ့သို့ မဖြစ်အောင် အထူးဂရုပြုကြရပါမည်။ မြန်မာနိုင်ငံ၏ဖျော်ရည်ထုတ်လုပ်ရောင်းချမှုမှာ ဒေသအသီးသီးအလိုက် နာမည်ကောင်းနှင့် ဈေးကွက်ရရှိပြီး ဂုဏ်သိက္ခာရှိသော တံဆိပ်များစွာရှိကြပါသည်။

    မြန်မာနိုင်ငံသည် သစ်သီးဝလံကုန်ကြမ်းပေါများစွာရရှိနိုင်သော နိုင်ငံတစ်ခုဖြစ်သည်။ ကုန်ကြမ်းဖျော်ရည်အသုံးပြုနေသည့် သရက်၊ ဖရဲ၊ သခွား၊ ဆီးသီး၊ ငှက်ပျောသီးများသည် ပိုလျှံသဖြင့် ပြည်ပသို့တင်ပို့လျက်ရှိသည့် သစ်သီးဝလံများဖြစ်ပါသည်။  ဖျော်ရည်ထုတ်လုပ်သည့် လိမ္မော်၊ စပျစ်၊ စတော်ဘယ်ရီ၊ နာနတ်၊ ရှောက်၊ သံပရာ၊ လိုင်ချီး၊ မန်ကျည်း၊ မာလကာ အသီးများမှာလည်း ပြည်တွင်းတွင်ထွက်ရှိနေသော အသီးများဖြစ်သည်။ သစ်သီးဝလံအခြေခံစားသောက်ကုန်နှင့် ဖျော်ရည်ထုတ်လုပ်ခြင်းသည် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြည်ပသို့တင်ပို့နိုင်မှုနည်းပါးနေသေးသည့်ကာလမှာ ပြည်ပသွင်းကုန်အစားထိုးအဖြစ် အားပေးမြှင့်တင်ရမည့် ကုန်ထုတ်လုပ်မှုတစ်ခုဖြစ်ပါသည်။

   ဖျော်ရည်ထုတ်လုပ်ရာတွင်လိုအပ်သည့် စက်ပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများနှင့် ပါကင်စက်များ စသည့်ကုန်ချောထုတ်လုပ်ရန်လိုအပ်သော အထောက်အကူပစ္စည်းများကို မဖြစ်မနေတင်သွင်းရသည်။ ဖျော်ရည်ကဏ္ဍတွင် ဖျော်ရည်အကျဲ၊ ဖျော်ရည်အဆီ၊ ဂက်စ်ပါသည့် ဖျော်ရည်နှင့် ဖျော်ရန်အမှုန့်များ၊ အသင့်သောက်ဖျော်ရည်နှင့် အားဖြည့်အချိုရည်အမျိုးအစားများကိုတွေ့ရပါသည်။ ၎င်းတို့အနက် အသင့်သောက်ဖျော်ရည်နှင့် အားဖြည့်အချိုရည်အမျိုးမျိုး၊ ဖျော်ရည်ဖျော်ရန်အမှုန့်များကို ပြည်ပမှတင်သွင်းမှုများမှာ များပြားလျက်ရှိကြောင်းတွေ့ရပါသည်။ ဖျော်ရည်အဆီနှင့်အကျဲကို ပြည်တွင်းထုတ်လုပ်နိုင်မှုအင်အားများရှိသဖြင့် ပြည်တွင်းထုတ်ကုန်ကို အားပေးမြှင့်တင်ရန်လိုအပ်ပါသည်။ မိမိတို့နိုင်ငံ၏ ကုန်ကြမ်းသစ်သီးဝလံများကို ဈေးနိမ့်စွာရောင်းချရပြီး ကုန်ချောများကို ဈေးနှုန်းမြင့်မားစွာပြန်လည်ဝယ်ယူစားသောက်နေရပါက နစ်နာရပါသည်။ ပြည်တွင်းတွင် အိမ်တွင်းစီးပွားရေးလုပ်ငန်းမှသည် စီးပွားဖြစ်ဖျော်ရည်လုပ်ငန်းများထုတ်လုပ်ပါက ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ ဒေသထွက်ကုန်အဖြစ် မိမိတို့ဒေသဂုဏ်ကိုမြှင့်တင်နိုင်ခြင်း၊ ကိုယ်တိုင်စီးပွားရေးဖွံ့ဖြိုးမှုမှသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်းကို အထောက်အကူပြုစေပါသည်။

  စစ်ကိုင်းတိုင်းဒေသကြီးသည် သစ်သီးဝလံပေါများစွာထွက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ သစ်သီးဝလံသည် ဈေးကွက်လိုအပ်ချက်အတိုင်းအတာကိုကျော်လွန်ပါက တာရှည်အထားမခံသဖြင့် လေလွင့်ပျက်စီးမှုနှင့်ကြုံတွေ့နိုင်ပါသည်။ ပိုလျှံသည့်သစ်သီးဝလံများကို တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းသည် လေလွင့်ဆုံးရှုံးမှုကိုကာကွယ်နိုင်ပြီး ဈေးနှုန်းပိုမိုရရှိခြင်းဖြင့် ဝင်ငွေပိုမိုရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒေသခံများအား သစ်သီးဝလံအခြေခံစားသောက်ကုန်နှင့် ဖျော်ရည်ထုတ်လုပ်နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။ သစ်သီးဝလံကုန်ကြမ်းအဆင့်မှ ဈေးကွက်ဝင်ဖျော်ရည်ဖြစ်သည်အထိ ထုတ်လုပ်ပုံအဆင့်ဆင့်ကို စနစ်တကျ စာတွေ့၊ လက်တွေ့ သင်ကြားပေးခြင်းဖြစ်ပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်ထုတ်လုပ်မှုမှသည် တိုင်းပြည်ကုန်သွယ်မှုကိုအထောက်အကူပြုနိုင်သည့်လုပ်ငန်းရှင်များဖြစ်ကြစေရန် ရည်ရွယ်လျက် ကုန်ကြမ်းလိုအပ်ချက်၊ အဆောက်အဦဆိုင်ရာသတ်မှတ်ချက်၊ လုပ်သားများဆိုင်ရာသတ်မှတ်ချက်၊  သန့်ရှင်းမှု၊ ထုပ်ပိုးမှု၊ လုပ်ငန်းထိန်းသိမ်းမှု၊ ကုန်အမှတ်တံဆိပ်နှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်လုပ်ထုံးလုပ်နည်းများကိုရှင်းလင်းသင်ကြားပေးသည်။ ဖျော်ရည်လုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာလုပ်ငန်းလက်ဆင့်ကမ်းခြင်း၊ ဖျော်ရည်ထုတ်လုပ်မှုနည်းပညာသင်တန်းမှရရှိသည့် အတတ်ပညာဖြင့် လုပ်ငန်းသစ်တည်ထောင်ခြင်းများကိုတွေ့ရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ဖျော်ရည်လုပ်ငန်းအရေအတွက်မှာ မုံရွာခရိုင်တွင် (၁၇)ခု၊ စစ်ကိုင်းခရိုင်တွင် (၂)ခု၊ ရွှေဘိုခရိုင်တွင် (၃)ခု၊ ခန္တီးခရိုင်တွင် (၃)ခု၊ ကန့်ဘလူခရိုင်တွင် (၂)ခုနှင့် ကလေး၊ ကသာ၊ ယင်းမာပင်ခရိုင်များတွင် (၁)ခုစီဖြင့် စုစုပေါင်းလုပ်ငန်း(၃၀)ခုရှိကြောင်းသိရှိရပါသည်။ မုံရွာမြို့နယ်တွင် ဖျော်ရည်ထုတ်လုပ်မှုလုပ်ငန်းအများဆုံးရှိသည့်အနက် ရွှေစင်ဖျော်ရည်အဆီမှာ ဈေးကွက်အတွင်း နှစ်ရှည်စွာအောင်မြင်လျက်ရှိပြီး အေးချမ်းသာတံဆိပ်နှင့် ဆက်ပိုင်ဖြိုးတံဆိပ် ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များမှာလည်း ကုန်စည်ပြပွဲများတွင် ပူးပေါင်းပါဝင်ပြသခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် ဈေးကွက်ဝင်လျက်ရှိပါသည်။ ဒေသထွက်ကုန်အဖြစ် လက်ဆောင်ပေးရာတွင် မျက်နှာပန်းလှလျက်ရှိသည်။ အဆိုပါ ဖျော်ရည်ပုလင်းများသည် အရည်ပျစ်ဖြစ်ပြီးတန်ဖိုးမှာ (၅၀၀၀)ကျပ်ခန့်ဖြစ်ပါသည်။ ပြည်တွင်းဖြစ်ဖျော်ရည်များမှာ အရည်အပျစ်အကျဲအလိုက် တစ်ပုလင်းလျှင် (၂၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်အထိတွေ့ရပြီး ပြည်ပဖျော်ရည်များမှာ (၅၈၀၀)ကျပ်မှ (၁၇၀၀၀)ကျပ်အထိရှိကြောင်းတွေ့ရပါသည်။ ပြည်တွင်းဖျော်ရည်လုပ်ငန်းရှင်များ တွေ့ကြုံကြရသောအခက်အခဲများမှာ ပြည်ပဖျော်ရည်များနှင့် ဈေးကွက်ယှဉ်ပြိုင်ရာတွင် အဆင့်မြင့်နည်းပညာများထပ်မံလိုအပ်ကြောင်း၊ ထုပ်ပိုးမှုအဆင့်ကိုမြှင့်တင်ပါက ဈေးနှုန်းကြီးမြင့်သွားမည်ဖြစ်ရာ ပြည်တွင်းစားသုံးမှုအားနည်းလျော့ပါးသွားမည့်အခြေအနေရှိကြောင်း၊ စူပါမားကတ်ကြီးများသည် ပြည်တွင်းထုတ်ဖျော်ရည်များကို လက်ခံလိုမှုအားနည်းနေသဖြင့် ပံ့ပိုးအားပေးရန်လိုအပ်ကြောင်းသိရှိရပါသည်။

  ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏စွမ်းဆောင်မှု၊ ကျွမ်းကျင်မှုသည် အရေးကြီးပါသည်။ မိမိနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများပေါများစွာရှိနေပါက တခြားရပ်ရွာသို့ သွားရောက်လုပ်ကိုင်ဝင်ငွေရှာစရာမလိုဘဲ အိုးမကွာအိမ်မကွာလုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။  စိုက်ပျိုးရေးအခြေခံစားသောက်ကုန်ဖြစ်သဖြင့် စိုက်ပျိုးတောင်သူများလည်းဖွံ့ဖြိုးတိုးတက်လာပါမည်။ နိုင်ငံအသီးသီးတွင် ဝင်ငွေမြင့်တက်သည်နှင့် ဖျော်ရည်သောက်နှုန်းမြင့်တက်ကြောင်းဖော်ပြထားသည်ကိုတွေ့ရသည်။ သို့ဖြစ်၍ ကြီးထွားလာသောဖျော်ရည်ဝယ်လိုအားကို ပြည်တွင်းဖျော်ရည်ထုတ်လုပ်မှုလုပ်ငန်းများက ဖြည့်ဆည်းပေးလျက်ရှိရာ ပြည်တွင်းဖြစ်ကိုအားပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။

DOCA(စစ်ကိုင်း)