“ကျန်းမာရေးနှင့်ညီညွတ်သော ဆေးဖက်ဝင်တမာကို စားသုံးကြပါစို့”

Powered by Drupal
Fri, 02/16/2024 - 10:44 -- consumer_admin

     ကျွန်တော်တို့မြန်မာနိုင်ငံတွင် တမာပင်ကို လူတိုင်းလိုလို သိရှိကြပါသည်။ ရှေးဘုရင်များလက်ထက်ကပင် တမာရိုးနှင့်သွားတိုက်ပါက သွားပိုးစားခြင်း၊ သွားကိုက်၊ သွားနာများမဖြစ်ဟု ယုံကြည်ကြပြီး ယနေ့ထက်တိုင် တမာခက်ကိုချိုး၍ သွားတိုက်နေသည်ကိုတွေ့ရှိရပါသည်။  မြန်မာစကားပုံတစ်ခုတွင် တမာတစ်ခက်သွားတစ်သက်ဟူ၍ ဆိုရိုးစကားရှိခဲ့ပါသည်။ တမာပင်ကို မြန်မာပြည်အနှံ့အပြားတွင် တွေ့ရှိရသော်လည်း မြန်မာပြည်အလယ်ပိုင်း၊ အပူးပိုင်းဒေသ၊ နေရာအနှံ့အပြားတွင် သဘာဝအတိုင်းပေါက်ရောက်နေသည်ကိုတွေ့ရှိရပြီး ကားလမ်းဘေးဝဲယာတို့တွင်လည်း စနစ်တကျစိုက်ပျိုးထားသည်ကိုတွေ့ရှိရပါသည်။ တမာကို အရပ်ဒေသအလိုက်၊ နေရာအလိုက် အမျိုးမျိုးခေါ်ဆိုကြပြီး ကုလားတမာ၊ မြန်မာတမာ၊ တောင်တမာ၊ ရေတမာ၊ ပန်းတမာ၊ တမာချိုနှင့် သင်္ဘောတမာဟူ၍ရှိပါသည်။ တမာပင်မှာ စားသုံးသူများအတွက် တန်ဖိုးမဖြတ်နိုင်သော အပင်တစ်ပင်ဖြစ်ပါသည်။ တမာပင်မှထွက်ရှိလာသော တမာစေ့ကိုကြိတ်ပြီး ၎င်းကို တမာပိုးသတ်ဆေး၊ တမာစေ့ကြိတ်မှုန့်မြေသြဇာအဖြစ် စိုက်ပျိုးရေးတွင် အသုံးပြုနိုင်ကြောင်းသိရှိရပါသည်။ မြန်မာတမာသည် ကုလားတမာထက်အရွက်ကြီးပြီး ၄င်းတမာရွက်နုကို ဆီးသီး၊ မန်ကျည်းသီးမှည့်တို့ဖြင့် ရေနွေးဖျော၍စားသုံးနိုင်သည့် စားတမာအမျိုးအစားဖြစ်ပါသည်။ တမာပင်သည် အစေးထွက်သောအပင်မျိုးဖြစ်ပြီး ထွက်ရှိလာသောအစေးကို ဆေးဝါးဖော်စပ်ရာတွင်လည်းကောင်း၊ အထည်အလိပ်လုပ်ငန်းများ၌ အဝတ်အထည်များကို ကော်တင်သောအခါတွင်လည်း ထည့်သွင်းအသုံးပြုကြပါသည်။ မြန်မာနိုင်ငံတွင် တမာပင်မှာ ဆေးဖက်ဝင်သဖြင့် ၎င်းတမာကိုစိုက်ပျိုးကြောင်းသိရှိရပြီး တမာခေါက်ကို အားတိုးဆေးဖော်စပ်ရာတွင်လည်းကောင်း၊ တမာသီး၊ တမာရွက်၊ တမာဆီကိုသီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးအဖြစ်အသုံးပြုရန်လည်းကောင်း၊ တမာပွင့်နှင့် တမာစေးကို အနာအကင်းသေစေသောဆေးနှင့် အစာကြေဆေးဖော်စပ်ရာ၌လည်းကောင်း အသုံးပြုကြပါသည်။ တမာဆီကိုသန်ကျဆေးအဖြစ်အသုံးပြုပြီး တမာရွက်ကိုကြိတ်၍အုံလျှင် ဝဲခြောက်နှင့်ပြည်တည်သော အဖုအပိန့်တို့ကိုပျောက်ကင်းစေနိုင်ကြောင်း၊ အရေပြားယားယံမှုကိုလည်းသက်သာစေကြောင်းသိရှိရပါသည်။ တမာရွက်မှာ ပိုးမွှားအတော်များများကိုနိုင်သည့် အာနိသင်ရှိသောကြောင့် အနာဖြစ်သည့်အခါ တမာရွက်ပြုတ်ရည်နှင့် အနာကိုဖန်ရည်ဆေးပေးခြင်း၊ တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးပါက အ‌ရေပြားယားယံမှုကို ပျောက်ကင်းသက်သာကြောင်းသိရှိရပါသည်။ တမာရွက်နုကို တစ်နှစ်တစ်ခါစားသုံးပေးခြင်းဖြင့်လည်း အူမကြီးကင်ဆာရောဂါကို ကာကွယ်ပေး ကြောင်းသိရှိရပါသည်။ ယခုအခါ ရာသီပေါ်တမာရွက်နုများဖြိုင်ဖြိုင်ပေါ်နေပြီဖြစ်သည့်အတွက် အညာဒေသနေပြည်သူများအနေဖြင့် တမာရွက်နုများကိုခူးဆွတ်ပြီး ဆီးသီးခြောက်၊ မန်ကျည်းသီးမှည့်နှင့် နနွင်းမှုန့်အနည်းငယ်ထည့်၍  ရေနွေးနှင့်ဖျောကာ  တမာရွက်နုများကို (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေပြီး မိသားစုအပိုဝင်ငွေရရှိနေကြောင်းသိရှိရပါသည်။ အညာဒေသမှထွက်ရှိလာသော တမာရွက်နုကို ခရမ်းချဉ်သီးငါးပိချက်ဟင်းဖြင့်တွဲဖက်၍ စားသုံးပေးခြင်းဖြင့် အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် တစ်နှစ်တစ်ခါဝယ်ယူစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော တမာရွက်နုကို ဝယ်ယူစားသုံးပေးသင့်ပါကြောင်း၊ တမာပင်သည် တစ်ပင်လုံးအသုံးဝင်သည့်အပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)