ကြက်သွန်နီစိုက်ပျိုးခြင်းနှင့် ကျန်းမာရေးအတွက် ရရှိနိုင်သောအကျိုးကျေးဇူးများ

Powered by Drupal
Tue, 05/28/2024 - 15:15 -- consumer_admin

      လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် ကြက်သွန်နီကို လူသားတို့စားသုံးခဲ့ကြသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ ခိုင်လုံသောအထောက်အထားများအရ လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀) ကျော်က အီဂျစ်ပြည်တွင် ကြက်သွန်နီစိုက်ပျိုးခဲ့ကြောင်း အထောက်အထားများကိုတွေ့ရသည်။ ကြက်သွန်နီသည် အော်လီယံမျိုးရင်းတွင်ပါဝင်သော အော်လီယံဆက်ဖာမျိုးစိတ်ဖြစ်ပြီး မြေပေါ်တွင် ထောင်မတ်နေသောအညှောက်ပါရှိသည်။ အလယ်ပိုင်းအာရှဒေသတွင် ကြက်သွန်နီအရိုင်းများပေါက်ရောက်သည်။ မြန်မာနိုင်ငံဒေသအနှံအပြားတွင်လည်း ကြက်သွန်နီကိုစိုက်ပျိုးကြသည်။

ကြက်သွန်နီပုံသဏ္ဌာန်

          ကြက်သွန်နီသည် အပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁ပေခန့်ထိရှိပြီး ပင်စည်မှာ ဥ၏အောက်ခြေတွင်ရှိသည်။ ကြက်သွန်နီသည် အရွက်များစုပြုံထွက်သည်။ ပြွန်ပုံရှိပြီး ပြောင်ချော၍ ပျော့ပျောင်းသည်။ အခေါင်းပါပြီး အပေါ်ဘက်သို့သေးသွယ်၍ ရွက်ထိပ်မှာ ချွန်သည်။ အရာင်မှာ အစိမ်းရင့်ရောင်ရှိပြီး ရွက်ရင်းအောက်ခြေဖြူသည်။ အပွင့်များပွင့်လာလျှင် လုံးဝိုင်းသောထီးပုံသဏ္ဌာန်ပန်းခိုင်အဖြူလေးများပွင့်သည်။ ပြာသို၊ တပို့တွဲတွင် ပန်းပွင့်ကြသည်။ ကြက်သွန်နီဥသည် နီညိုရောင်ရှိပြီး လုံးဝိုင်းသည်။ ကြက်သွန်နီဥ၏ အပေါ်ယံကို ပါးလွှာသောအဖတ်များဖြင့် အထပ်ထပ်ဖုံးအုပ်ထားပြီး အတွင်း၌ အရည်ရွှမ်းသောအသားဖတ်များရှိသည်။

ပျိုးထောင်ခြင်း

      ကြက်သွန်နီမျိုးစေ့ကို ပျိုးထောင်ရန်အတွက် အကျယ် ၃ပေ၊ အမြင့် ၈လက်မခန့်နှင့် အရှည်သင့်လျော်သော ပေါင်များပြုလုပ်ပြီးနောက် မျိုးစေ့ကို လက်ဖြင့်ညီညာစွာချ၍ ထွန်ခြစ်ဖြင့် မြေကိုဆွဲကာဖုံးအုပ်ရမည်။ ထို့နောက် ရေပန်းကရားဖြင့်ရေလောင်းပြီး ကောက်ရိုးအုပ်ထားပေးရမည်။ ၅ရက်ကျော်လျှင် ကောက်ရိုးဖယ်ပေးပြီး ရေကို လိုသလိုလောင်းပေးခြင်းနှင့် လက်ပေါင်းလိုက်ခြင်းပြုလုပ်ပေးရပြီး ပျိုးပင်သက် ၄၅ရက်ရှိလျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။

ပြောင်းရွှေ့စိုက်ပျိုးခြင်းနှင့် အပင်ပြုစုခြင်း

       ကြက်သွန်နီသည် လွယ်ကူစွာပေါက်ရောက်လွယ်ပြီး ပူးနွေးစွတ်စိုသော ရာသီဥတုကိုကြိုက်နှစ်သက်သည်။ ကြက်သွန်နီပျိုးပင်များကို စိုက်ပျိုးနိုင်ရန်အတွက် မြေပြုပြင်ရာတွင် အကျယ် ၄ပေ၊ အလျား ၆ပေရှိ စိုက်ကွင်းများတွင် တစ်လက်မခန့်နက်သော မြောင်းကလေးများကို ၆လက်မခန့်အကွာဖော်သွားပြီး တစ်ပင်နှင့်တစ်ပင် ၄လက်မခန့်ခြား၍ စိုက်ပျိုးနိုင်သည်။ကြက်သွန်နီများကို စိုက်ခင်းတွင် စနစ်တကျစိုက်ပျိုးကာ ရေလောင်းပြီးနောက် တစ်လအကြာတွင် တစ်ကြိမ်ရေသွင်းပေးရန်လိုအပ်ပါသည်။ ၎င်းနောက် ၆ရက်မှ ၈ရက်အကြာ တစ်ကြိမ်ပုံမှန် ရေသွင်းပေးရပြီး လိုအပ်ပါက ၈ကြိမ်အထိရေပေးသွင်းနိုင်သည်။

ရိတ်သိမ်းခြင်း

       ကြက်သွန်နီကို တပေါင်းလ အရွက်များနွမ်းရိစပြုချိန်တွင် ကြက်သွန်ဥများကိုဖော်နိုင်သည်။ ကြက်သွန်ဥများဖော်ပြီးနောက် အရိပ်ထဲ၌ ကောင်းစွာခြောက်သွေ့အောင်ထားရမည်။ ကြက်သွန်နီကို အေး၍ခြောက်သွေ့ပြီး မှောင်သောနေရာနှင့် လေဝင်လေထွက်ပေါက်နေရာတို့တွင် ထားရှိခြင်းနှင့် အပေါက်ကျဲကျဲရက်လုပ်ထားသော ဂုန်နီအိတ်များဖြင့် ထုပ်ပိုးထားခြင်းဖြင့် သိမ်းဆည်းထားနိုင်ပါသည်။

အသုံးဝင်ပုံ

       ကြက်သွန်နီတွင် အဖြူ၊ အနီ၊ အဝါဟူ၍ အရောင်သုံးမျိုးရှိသည်။ အဝါသည် အနံ့အရသာပြည့်စုံသည်။ ချက်ပြုတ်သောအခါ အညိုရောင်ပြောင်းသွားသည်။ အနီရောင်မှာ အရောင်လှပသည်။ အဖြူရောင်ကို မက္ကဆီကန်လူမျိုးများကြိုက်ကြသည်။ ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကမ္ဘာ့လူမျိုးပေါင်းစုံတို့တွင် အသုံးပြုကြသည်။ ကြက်သွန်နီဥကိုသာမက ကြက်သွန်မြိတ်ကိုလည်းစားသုံးကြသည်။ ယခုအခါ ကြက်သွန်နီကိုကြာရှည်ခံအောင် အခြောက်ခံရေထုတ်၍လည်းကောင်း၊ အမှုန့်ပြုလုပ်၍လည်းကောင်း သိုလှောင်ထားကြသည်။ ကြက်သွန်နီကို ဟင်းထဲတွင်ထည့်ချက်စားသည့်အပြင် ပါးပါးလှီး၍ လတ်လတ်ဆတ်ဆတ် အစိမ်းလည်းစားသုံးကြသည်။ ကြက်သွန်နီကို အချဉ်တည်၍ ကြက်သွန်ချဉ်ပြုလုပ်ပြီးလည်းစားသုံးကြသည်။ ကြက်သွန်နီမျိုးပေါ်မူတည်၍ အချို၊ အစပ်၊ အမွှေးအရသာအစုံရှိသည်။

    ဆရာဝန်များကလည်း ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းများမှသက်သာစေရန်၊ မြွေဆိပ်ပြေစေရန်နှင့် ဆံပင်ကျွတ်ခြင်းမှကင်းဝေးစေရန်အတွက် ကြက်သွန်နီကို ဆေးအဖြစ်ညွှန်းခဲ့ကြသည်။ အမျိုးသမီးများ သွေးဆုံးချိန်တွင် ဖြစ်ပွားတတ်သော အရိုးကြွပ်ခြင်းနှင့် အမျိုးသမီးများ သားမြုံခြင်းကိုကုသရန်အတွက်လည်း ကြက်သွန်နီကို ဆေးအဖြစ် ဆရာဝန်များက ညွှန်ခဲ့ကြသည်။ သာမန်အအေးမိရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အရိုးကြွပ်ဆတ်သောရောဂါများကို ကုသရာတွင် ထိရောက်သည်။ ကြက်သွန်နီများများစားလျှင် ဦးခေါင်းပိုင်းနှင့် လည်ပင်းကင်ဆာ ရောဂါများကိုလည်းကာကွယ်ပေးနိုင်သည်။

     မြန်မာဆေးကျမ်းများအရ ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါပျောက်ကင်း၍ ဆီးရွှင်စေခြင်း၊ မီးဖုတ်ထားသော ကြက်သွန်နီကိုခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါပျောက်စေခြင်း၊ ကြက်သွန်နီရည်အနည်းငယ်ကိုတိုက်ကျွေးလျှင် ကလေးများဝမ်းဗိုက်နာရောဂါပျောက်ကင်းစေခြင်း၊ ကြက်သွန်နီအရည်ညှစ်၍ နားထဲသို့ တစ်နေ့လျှင် သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါပျောက်စေခြင်း စသည့်ရောဂါများနှင့် ကြက်သွန်နီကို ဒူလာပါဒရက်၊ မီးယပ်ပိန်ခြောက်၊ ရင်နာလေနာရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။

       ကြက်သွန်နီသည် လူသားတို့အတွက် များစွာအသုံးဝင်လှပေသည်။ ကြက်သွန်နီကိုစိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် ဝင်ငွေရရှိကာ အကျိုးစီးပွားဖြစ်ထွန်းနိုင်ပြီး ကြက်သွန်နီကို စားသုံးခြင်းဖြင့်လည်း လူသားတို့၏ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း အထက်မှာ တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ကြက်သွန်နီကို လူသားတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင်လည်း ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။ ထို့ကြောင့် ကြက်သွန်နီကို စနစ်တကျစိုက်ပျိုးထုတ်လုပ်မည်ဆိုပါက အကျိုးကျေးဇူးများစွာရရှိမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)