ကျောက်ချဉ်၏ အသုံးဝင်ပုံ

Powered by Drupal
Thu, 08/29/2024 - 11:55 -- consumer_admin

   မြန်မာတိုင်းရင်းဆေးပညာဖြစ်သည့် ကျောက်မျိုးငါးပါးအစုထဲတွင် ကျောက်ချဉ်လည်း ပါဝင်ပါသည်။ ကျောက်ချဉ်တွင် အလူမီနီယမ်၊ ဆာလဖိတ်နှင့် ပိုတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းများ ပါဝင်ပါသည်။ ကျောက်ချဉ်ကို အင်္ဂလိပ်လို (Alum)ဟုလည်း ခေါ်ဆိုကြသည်။ ကျောက်ချဉ်သည် သဘာဝတွင်းထွက် အနွယ်ဝင်တစ်မျိုးလည်း ဖြစ်သည်။ ကျောက်ချဉ်သည် အရေပြားရောဂါအမျိုးမျိုးအတွက် အထူးသင့်တော်သည့် ဆေးတစ်လက်ဖြစ်သည်။

   မြန်မာ့တိုင်းရင်းဆေးကျမ်းများတွင် ကျောက်ချဉ်သည် ဖန်သည်၊ ချိုသည်၊ ချဉ်သည်ဟု ဆိုကြပြီး လူကိုလည်း ပိန်စေသည်။ အဖျားရောဂါ၊ ဝမ်းတွင်းပိုး အဆိပ်များကို ဖယ်ရှားပေးပြီး အနာများကို အသားနုတက်စေသည်။ အစာကိုလည်း‌ ကျေစေသည်။ ကျောက်ချဉ်သည် သွေး၊ သည်းခြေ၊ လေ၊ သလိပ်၊ အပူလွန်ခြင်း၊ အူသိမ်၊ အူမတွင် ပြည်နာဖြစ်ခြင်း၊ သလိပ်ခြောက်ခြင်း၊ မျက်စိနာ၊ ငန်းနာ၊ အဖျားကြောင့် ဖြစ်သော နူနာအဖျား၊ မျက်စိနာ၊ ဆီးအောင့်သောအနာ၊ သူငယ်နာ၊ မြင်းသရိုက်၊ လိပ်ခေါင်း ရောဂါတို့ကိုလည်း သက်သာစေသည်။

    ကျောက်ချဉ်သည် ဆေးဖက်ဝင်ပြီး ကျန်းမာရေးကို အထောက်အကူပြုသော်လည်း ကိုယ်တွင်း ဝေဒနာအတွက်လည်း  ကျောက်ချဉ်ကို စားသုံးသည့်အခါ ခန္ဓာကိုယ်အတွက် သင့်တင့်မျှတသည့် ပမာဏကို စားသုံးပေးသင့်သည်။ ကျောက်ချဉ်ကို အများအပြား စားသုံးပါက ဘေးထွက်ဆိုးကျိုးလည်း ရှိလာနိုင်သည်။

   ကျောက်ချဉ်သည် အရေးပြားရောဂါအမျိုးမျိုးအတွက် အထူးသင့်တော်သည့် ဆေးကောင်း တစ်လက်ဖြစ်သည်။ ကိုယ်တွင်းကိုယ်ပမှရှိသည့် အညစ်အကြေးများကိုလည်း သန့်စင်ပေးသည်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေသည်။ လူ့ခန္ဓာကိုယ်အရေအပြားနှင့် ပတ်သတ်လျှင် ကျောက်ချဉ်သည် တုပကင်းသည့် ဆေးကောင်းတစ်လက်ဖြစ်ပါသည်။ ထိမိခိုက်မိ ကွဲရှဒဏ်ရာဖြစ်ပြီး သွေးခြေဥလျှင် ကျောက်‌ချဉ်ကို ရေသန့်နှင့် သွေးလိမ်းနိုင်ပါသည်။

   ကျောက်ချဉ်သည် အမျိုးသားများထက် အမျိုးသမီးများ ပို၍အသုံးပြုသင့်သည်။ အမျိုးသမီး များအဖြစ်များသည့်  မီးယပ်ရောဂါအတွက်လည်း ဆေးအဖြစ်မှီဝဲသုံးစွဲနိုင်ပြီး သားအိမ်ကျဉ်း ဆေးအဖြစ်လည်း သုံးစွဲနိုင်သည်။ ရိုးရိုးမွေးသည့် အမျိုးသမီးများ အနာမြန်မြန်ကျက်စေရန်အတွက် ကျောက်ချဉ်ရေနှင့် ဖန်ရေဆေးခြင်း၊ ကျောက်ချဉ်ရေစိမ်ခြင်းဖြင့် ပိုးသေခြင်း၊ အသားနုတက်ပြီး အနာရွတ်မကျန်စေခြင်း၊ အနာကျက်မြန်ပြီး၊ အနံ့အသက်ဆိုးများ ကင်းစင်စေပြီး ပါးစပ်အတွင်း အနာရှိလျှင် ကျောက်ချဉ်အနည်းငယ်ယူ၍ အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်တွင် လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

   ကျောက်ချဉ်သည် အမျိုးအစား အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွင် အသုံးပြုရသည့် ကျောက်ချဉ်သည် ပိုတက်ဆီယမ်ကျောက်ချဉ် တစ်မျိုးတည်းသာ ဖြစ်သည်။ ကျောက်ချဉ်သည် အဆိပ်ဟူ သမျှပြေစေတဲ့ ဂုဏ်သတ္တိရှိသည်။ ကျောက်ချဉ်ကို ကမ္ဘာတစ်လွှားတွင် ရေသန့်စင်ရာနှင့် ချိုင်းလိမ်းသည့်နေရာတွင် အများဆုံး အသုံးပြုကြသည်။ ကျောက်ချဉ်သည် ဈေးသက်သာသလို ရောဂါတော်တော်များများကိုလည်း အိမ်တွင်းကုထုံးအဖြစ် အသုံးပြုလို့ရကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)