မြေကြီးမှ ရွှေထွက် ဇွဲကပင်မြေက နေဗီယာမြက်

Powered by Drupal
Mon, 09/02/2024 - 14:04 -- consumer_admin

     နေဗီယာမြက်သည် ပူနွေးစိုစွတ်ပြီးရေရသည့် မည်သည့်နေရာတွင်မဆို  ရာသီချိန်ခါမရွေး စိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးရုံသာမက မွေးမြူရေးလုပ်ငန်းရှင်များအတွက်ပါ တိရစ္ဆာန်အစားအစာ ရှားပါးမှုကိုလည်း ဖြည့်ဆည်းပေးနိုင်မည့်ဖြစ်ပါသည်။  နေဗီယာမြက်၏ မူရင်းမိခင်နိုင်ငံသည်  ထိုင်းနိုင်ငံဖြစ်ပြီး ပါချောင့်ဝမ်တက္ကသိုလ်မှ စိုက်ပျိုးရေးပညာရှင် များက သုတေသနပြုလုပ်အောင်မြင်ခဲ့သော မြက်မျိုးဖြစ်ကာ  အာဖရိကဌာနေ မြက်ဖြစ်ကြောင်း သိရသည်၊၊ မူရင်းအမည်ရင်းမှာ နေဗီယာပါချောင့်ဝမ်ပါဟုခေါ်ပြီး မြန်မာနိုင်ငံတွင် နေဗီယာမြက် လို့အလွယ်ခေါ်ကြသည်။ အချို့က ထိုင်းမြက်၊ ဗီတာမင်မြက် ဟုလည်းခေါ်ကြသည်။ နေဗီယာ မြက်ကို မိုးဦးရာသီနှင့်မိုးကုန်သည့်ရာသီပိုင်းလို အချိန်မျိုးတွင် စိုက်ပျိုး၍အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ရာသီဥတုသည် အပူပိုင်း မုတ်သုန်ဖြစ်ပြီး မိုးရေချိန်ရရှိသည့် ပမာဏမတူညီသောကြောင့်  နေရာဒေသအလိုက် စိုက်ပျိုး ပုံစံနှင့်စိုက်ပျိုးချိန်မတူနိုင်ကြောင်းနှင့် နေဗီယာမြက်စိုက်ပျိုးလိုသူများသည် မိမိတို့စိုက်ခင်းအတွက် ရေအလုံအလောက်ပေးနိုင်မည်   ဆိုပါက ပူပြင်းသည့်နွေရာသီ၌ပင်  စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

   ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဒေသတွင်း စိုက်ပျိုးမွေးမြူရေးတောင်သူများ လူမှုစီးပွားရေးဖွံဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်စေရေးအတွက်    ကရင်ပြည်နယ်၊ ဘားအံမြို့ စက်မှုဇုန်အတွင်း တောင်သူတစ်ဦးစိုက်ပျိုးထားသော တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက် ခင်းသို့ ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် စားသုံး သူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြည်တွင်းဌာခွဲတာဝန်ခံနှင့် ဝန်ထမ်းများ သွားရောက်လေ့လာခဲ့ကြပါသည်။         

  နေဗီယာမြက် စိုက်ပျိုးတောင်သူဦးနေတိုးက “ကျွန်တော်အနေနဲ့ကတော့ နေဗီယာမြက်ကို ဝါသနာအရ စိုက်ပျိုးရင်းကအခုဆိုစီပွားဖြစ်ပါစိုက်ပျိုးနေပါပြီ။ ကျွန်တော်နေဗီယာမြက်ကို ၂၀၂၂ခုနှစ် မိုးကုန်ပိုင်း၌ ပထမစိုက်ခင်းအဖြစ် ၃ ဧက စိုက်ပျိုးပြီး အပင်အရေအတွက် အနေနဲ့ကတော့ ၁၅၀၀၀ ခန့်စိုက်ပျိုးခဲ့ပါသည်။ စရိတ်အနေနဲ့ နေဗီယာမြက် ၁၅၀၀၀ အပင်အတွက် တစ်ပင်ကို ၅၀  ကျပ်နဲ့ဝယ်စိုက်တာပါ။  မြေပြင်ထွန်ယက်စရိတ် နဲ့ မြေဩဇာအတွက် ကုန်ကျစရိတ်က ၁ သိန်း ၅ သောင်းခန့် ကုန်ကျခဲ့ပါတယ်။ နေဗီယာမြက် အပင် ၁၅၀၀၀ အတွက် ကုန်ကျစရိတ် စုစုပေါင်း ၉ သိန်းခန့်ကုန်ကျခဲ့ပါတယ်၊၊ အခုဆိုရင်စိုက်ပျိုးတာ ၃ နှစ်ထဲဝင်လာပြီး အကျိုးအမြတ်အနေနဲ့ သိန်းတစ်ရာနီးပါးရရှိနေပါပြီ” ဟု ၎င်းက နေဗီယာမြက်စိုက်ပျိုးရာမှရရှိလာသော အကျိုးအမြတ် များအား  အားတက်သရော ရှင်းပြသည်။

   တောင်သူများ ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်သူများအနေနဲ့ မိုးမကျမီနှင့်မိုးနှောင်းပိုင်း များတွင် “နေဗီယာ"မြက်ကို စိတ်ဝင်တစား စိုက်ပျိုးကြမည်ဆိုလျှင် မိမိတို့စိုက်ပျိုးသည့် ဒေသရဲ့ မိုးရေချိန်မှာ အဓိကဖြစ်ပြီး၊ မိမိစိုက်ပျိုးသည့်မြေသည်ရေမမြုပ်သောနေရာ ကုန်းမြေ၊ ယာမြေ၊ တာရိုး၊ ကန်ဘောင်၊ တောင်မြေ၊ မြစ်ချောင်းဘေး ကုန်းမြင့်တွေ. ဖြစ်နေမယ်ဆိုရင်ဖြင့် မိုးတွင်း မိုးများချိန်တွင်လည်း စိုက်ပျိုးနိုင်မှာဖြစ်ပြီး နေဗီယာမြက်စိုက်ပျိုးခြင်းအားဖြင့် မိမိတို့ မွေးမြူထားသော တိရစ္ဆာန်များအတွက် မွေးမြူရေးအစာ မပူပင်ရသည့်အပြင် အခြားမွေးမြူရေးလုပ်ငန်းများသို့လည်း  နေဗီယာမြက်ကို တိရစ္ဆာန်အစားအစာအဖြစ် ရောင်းချနိုင်ခြင်း နှင့် နေဗီယာမြက် စိုက်ပျိုးလိုသူများကိုလည်းမျိုးပင်အနေဖြင့် ရောင်းချနိုင်ကြောင်း ၎င်းကဆက်လက်ရှင်းပြခဲ့သည်။ နေဗီယာမြက်သည် ရေကြိုက်သော အပင်ဖြစ်သောကြောင့်  အပူချိန်မြင့်မားသော  မတ်လ မှ မေလအထိ စိုက်ပျိုးခင်းကို ရေပေးနိုင်အောင် ကြိုတင်ပြင်ဆင်ပြီးစိုက်ပျိုးနိုင်ပါသည်။ ကရင်ပြည်နယ်သည် မိုးအသင့်အတင့် ကောင်းသောဒေသဖြစ်သောကြောင့်  နေဗီယာမြက်ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်းသိရသည်။

   နေဗီယာမြက် စိုက်ပျိုးရာတွင် မျိုးအဆင့်သင့်ဖြစ်၍ မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိသော်လည်း စိုက်ပျိုးမည့်အချိန်တွင်  စိုက်ခင်းတစ်ခင်းလုံးသို့ ရေပြည့်ဝစွာ မပေးဝေနိုင်ပါက နေဗီယာမြက်ကိုပျက်ဆီးဆုံးရှုံးမှုမဖြစ်အောင် မစိုက်သေးပဲ မြက်မျိုးပင် အဆစ်ပိုင်းများကို တန်းစီ ၍အရိပ်မှာ ထောင်ထားကာ အပေါ်က ကောက်ရိုးမြက်ခြောက်ခပ်ပါးပါးဖုံးပြီး ရေလောင်းထား ပေးလျှင်  ၁၀ရက်ခန့်ထိ အထားခံနိုင်ပြီး အတက်နှင့်အမြစ်များထွက်လာမည်ဖြစ်သည်၊၊  နေဗီယာ မြက်သည် ၁ ဧကလျှင် အပင်ရေ ၅၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး နေဗီယာမြက် စတင်စိုက်ပျိုးမည် ဆိုပါက   မိမိတို့စိုက်ပျိုး မည့် စိုက်ခင်မြေနေရာအား  မြေအရင်ပြုပြင်ရမည်ဖြစ်သည်။ နေဗီယာမြက်သည် ရေကြိုက်သော အပင်ဖြစ်သည့်အပြင် ထယ်ရေးညက်သော မြေတွင်လည်းအထူးဖြစ်ထွန်းသောကြောင့် ထယ်ရေးကို ၃ စပ်မှ ၄စပ်ထိ မောင်းပေးရန်လိုအပ်သည်။ ထို့နောက် စိုက်ပျိုးရန် မြောင်းဘောင် ဖော်ပြီး  မြေနေရာအလိုက် ၃ ပေပတ်လည် (သို့) မိမိစိတ်သဘောအတိုင်း ဆောင်ရွက်နိုင်သည်။ နေဗီယာမြက်သည် အပင်ပွားသန်သောကြောင့် ပုံမှန်အားဖြင့် အပင်ကြား ကို အဆင့်သင့်ရုံ ၁ ပေ ၂ပေခြား၍ ကုန်ကျစရိတ်မျိုးဖိုး တတ်နိုင်မှုအပေါ်မူတည်၍ သင့်သလို စိုက်ပျိုးကြပြီး တန်ကြားကိုမူ လူဝင်နိုင်ထွက်နိုင်ရုံ ၂ ပေမှ ၃ ပေထိ ခြားတတ်ကြောင်း သိရသည်။  စိုက်ပျိုးရာတွင် အပင်အရင်း အဖျားမမှားရန်  ဂရုစိုက်ဖို့လိုအပ်ပြီး စိုက်ခင်းအတွင်းရှိ ပေါင်းမြက်ပင်များနှင့်မမှားစေရန်အတွက် အပင်ကို လက်တစ်ဆစ်ခန့်ဖော်ထားရမည်။ ဤသို့မှသာ စိုက်ခင်းအတွင်း ပေါင်းမြက်များ ရှင်းလင်း ရာတွင် အလွယ်တကူသိရှိနိုင်လိမ့်မည်ဖြစ်သည်။

    နေဗီယာမြက် စတင်စိုက်ပျိုးရာတွင် အပင်ထွက်စမှာ အနီရောင်ဖြစ်ပြီး အပင်ကြီးလာ သည်နှင့်အမျှ တဖြည်းဖြည်းစိမ်းလာမည်။ အပင်ကြီးလာသည်နှင့် အရွက်များဖြာထွက်လာကာ အုပ်ဆိုင်းလာမည်ဖြစ်သည်။ နေဗီယာမြက်ကို နွေရာသီနှင့်မိုးနှောင်းရာသီတွင် စိုက်ပျိုးမည် ဆိုပါက အပူချိန်ပြင်းသည့်အချိန်ဖြစ်သည့်အတွက် စိုက်ပျိုးပြီးသည်နှင့် တစ်ပြိုင်တည်းရေပေးရန် လိုအပ်ပြီး အပင်အမြင့် ၁ ပေခန့်ရောက်ပြီးလျှင် တန်းကြားကိုပေါင်(ဘောင်)လုံး၍ မြေကိုအပင်ရင်းထိဆွဲ တင်ကာ အပင်အောက်ခြေ မြေဖို့ပေးရမည်။  ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့်  နေဗီယာမြက် နှင့်အတူ ပေါက်ရောက်နေသော ပေါင်းမြက်များကို ရှင်းလင်းပြီးဖြစ်သည့်အပြင် အဆိုပါ ပေါင်းမြက် များကို သဘာဝမြေဩဇာအဖြစ် ပြန်သုံးနိုင်မည်ဖြစ်သည်။  စိုက်ပြီး ၁ ပတ် အကြာတွင် အပင်အသစ် သားတက်များ ထွက်လာပါက  ကျွဲချေး/နွားချေးသဘာဝ မြေဩဇာများကိုတန်းကြား မြောင်းထဲ ထည့်ကျွေးပါကအလေအလွင့် နည်းပါးပါပြီး မြက်ခင်းကိုရေပေးမည်ဆိုလျှင် ဘောင်တင်ထားသည့် တန်းကြားမြောင်းကို ရေမောင်းသွင်းပေးလိုက်ရုံဖြင့် ရေလေလွင့်မှုမရှိပဲ  ကုန်ကျမှုစရိတ်သက်သာ စေမည်ဖြစ်ပါသည်။ စိုက်ခင်းစိုက်ပျိုးပြီးခါစ တွင်  ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ၊သိုး၊ ကျွဲ၊ နွား စသည့် အကောင် များမဝင်စေရန်မူ သတိပြုရမည် ဖြစ်သည်။

   မြန်မာနိုင်ငံရှိ တိရိစ္ဆာန်မွေးမြူသူများရဲ့အဓိကပြသနာမှာ အစာရှားပါးခြင်းနှင့် တိရစ္ဆာန် အစားအစာဈေးနှုန်း ကြီးမြင့်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြောင်းရိုး၊ ပဲရိုး၊ ထန်းသီး၊ ပဲမှော်၊ မြက် ခြောက်၊ ကောက်ရိုးခြောက်၊ ကြက်သွန်မြိတ်ခြောက် စသောအဆင်ပြေရာအစားများကို နွေရာသီ အတွက် ကြိုတင်စုဆောင်းသိမ်းဆည်းထားကြရသည်။  တိရစ္ဆာန်အစားအစာ ရှားပါးခြင်းနှင့် ဈေးနှုန်း ကြီးမြင့်ခြင်း အခက်အခဲကိုမကျော်ဖြတ်နိုင်ကြသောကြောင့် မိမိတို့မွေးမြူထားသည့် ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ ကျွဲ၊ နွား၊ သိုး၊ မြင်းများရောင်းချနေရသည့် တောင်သူဦးရေ သည်လည်း နှစ်စဉ်တိုးလာ မြဲဖြစ်သည်။ ယင်းကဲ့သို့ ကြုံတွေ့ရသည့် အခက်အခဲများကို တောင်သူဦးကြီးညီအကိုမောင်နှမ များအနေနဲ့ နေဗီယာမြက်ကို မြက်ချဉ်ဖက်ပြုလုပ်သိမ်းဆည်း၍ မိမိမွေးမြူထားသောတိရစ္ဆာန် များကိုကျွေးမွေးခြင်း (သို့မဟုတ်) မြက်ချဉ်ဖတ်ရောင်းချခြင်းဖြင့်  အခက်အခဲများစွာကို ကျော်လွှား နိုင်မည်ဖြစ်သည်။ နေဗီယာမြက် မြက်ချဉ်ဖက်လုပ်နည်းမှာ လွယ်ကူလှသည် ဦးစွာပထမ မြက်ကိုစဉ်းပြီး လေလုံသောပလပ်စတစ် အိတ်အကြီး(သို့)အဖုံးပါသော ပလပ်စတစ်ပုံးထဲတွင် နေဗီယာမြက်ကိုဖိ သိပ်ထည့်ပါ လေမကျန်ပါစေနှင့်  ပလပ်စတစ်အိပ်အသုံးပြု၍ မြက်ချဉ်ဖတ်ပြုလုပ်သူများ အနေဖြင့်  အိတ်မပေါက်အောင် သတိထားရပါမည်။ ထို့နောက် အရိပ်ရသည့်နေရာတွင် မြေမြှုပ်သိမ်းဆည်း ရပါမည်၊၊

   မြေမြှုပ်ခြင်းသည် မြက်ချဉ်ဖက်အိတ်များကို အပူသက်သာနိုင်စေသလို ထိခိုက်ပျက်စီးမှု ကလည်းကာကွယ်ပြီးသာဖြစ်သွားမည်ဖြစ်သည်။ ထို့နောက်၂၁ရက်ကြာပါက  မူလမြက်၏ အရည် အသွေးမပျက်သည့် ချဉ်ဖက်မြက်ကိုရရှိမည်ဖြစ်သည်။  ၎င်းမြက်ချဉ်ဖက်သည် ၆လအထိ အထား ခံနိုင်သောကြောင့် နှစ်တစ်နှစ်၏ အချိန်ကာလတဝက် အစားအစာရှားပါမှု ပြသနာကိုကောင်းစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ သဘာဝပေါက်ရောက်သော ဒေသမြက်များသည် အသားဓာတ်ပါဝင်မှုအမြင့်ဆုံး ၅ရာခိုင်နှုန်းသာပါဝင်သော်လည်း  နေဗီယာမြက်သည် ၂၀ ရာခိုင်နှုန်းထိ အသားဓာတ်ပါဝင်မှု များသောကြောင့် မိမိတို့မွေးမြူထားသည့် တိရိစ္ဆာန်အကြီးမြန်ကာ အသားတိုး၍ ဈေးကွက်၌ မျက်နှာ ပန်းလှပါသည်။ နေဗီယာမြက်သည် အထွက်နှုန်းကောင်းပြီး  အကြမ်းခံနိုင်မှုကြောင့် တစ်နှစ်လျှင် တစ်ဧကတန်ချိန် ၁၅၀ ကနေ ၂၀၀ ကျော်ထိထွက်နိုင်သောကြောင့် အစားလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းနိုင်ပါသည်။ ထို့အပြင် နေဗီယာမြက်သည် အသားဓာတ်ပါဝင်မှုမြင့်မားပြီး နူးညံ့သောကြောင့်  ကျွဲ၊ နွား၊ ဆိတ်၊ ဘဲ၊ ဝက်၊ ကြက်၊ ငါး စသည့်တိရစ္ဆာန်များကိုပါ ကျွေးလို့ရပါသည်။ ကျွဲ/နွားတိုကို နေဗီယာမြက်တစ်မျိုးထဲကျွေးနိုင်သော်လည်း  အခြားတိရစ္ဆာန်များကိုမူ မူလအစား နှင့်အချိုးကျ ရောစပ်၍ဖြည့်စွက်စာအဖြစ် ကျွေးနိုင်ကြောင်းသိရသည်။ ‘‘မွေးမြူးရေးသမား အများစုဟာ.. ကုန်ကျ စရိတ် သက်သာရာကိုသာ ဦးစားပေးနေကြတုန်းဗျ။ တဖက်ကပြန်ကြည့်မည်ဆိုရင် ကိုယ်ရဲ့ခြံ ကုန်ကျစရိတ်သက်သာမှ အမြတ်ကျန်မှာပါ။ ဒါကတော့ မွေးမြူးရေးသမားတိုင်းပါပဲ။ ဒီအတွက် စိုက်ပျိုးမွေးမြူရေးသမားတွေအနေနဲ့ တွက်ခြေကိုက်ဖို့အတွက် နည်းလမ်းရှာပြီးလုပ်ရမယ်ဗျ။  မြန်မာနိုင်ငံမွေးမြူးရေးသမားတွေက မိရိုးဖလားအဆင့်ကနေမတက်သေးဘူးဗျ၊၊ ဒါကြောင့် ကျေးလက်နေ တောင်သူတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျွန်တော့အနေနဲ့ ဦးဆောင်ပြီး စံပြ စိုက်ပျိုးမွေးမြူရေးတွေလုပ်နေတာ” ဟု စိုက်ပျိုး မွေးမြူရေးလုပ်ငန်းရှင် ဦးနေတိုးက ပြောသည်။

     နိဂုံးချုပ်အားဖြင့်အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံသည် လူဦးရေးသန်းပေါင်း ၁၀၀၀ကျော်ရှိပြီး  မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တည်ရှိ၍ အဆိုပါနိုင်ငံများ၏ တိုပွားလာသော လူဦးရေကြောင့် စားနပ်ရိက္ခာအတွက် အသားငါးလိုအပ်ချက် နေ့စဉ်မြင့်တက်နေပြီး မြန်မာနိုင်ငံ၏  ဒေသအတွင်းကျွဲ/နွားတင်ပို့ရောင်းချမှုမှာ စာရင်းဇယားများအရ နှစ်စဉ်တိုးမြင့်လျက်ရှိသော်လည်း မွေးမြူရေးမှာ များစွာတိုးတက်မှု မရှိသောကြောင့် ရေရှည်တွင် တိရစ္ဆာန်ကောင်ရေ နည်းပါးလာမည် ဖြစ်ပါသည်။

   သို့ဖြစ်ပါ၍ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးစေရေး၊ နိုင်ငံခြားငွေတိုးတက်ရှာဖွေနိုင်ရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပေါ်၍ တောင်သူများဝင်ငွေတိုးစေရေးအတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် စိုက်ပျိုးထားရှိသည့်တွက်ခြေကိုက် ဖြစ်ထွန်းအောင်မြင် လျက်ရှိသည့်  နေဗီယာမြက်သည် စိုက်ပျိုးမွေးမြူရေးသမားများကို အကျိုးပြုသည့် မြေကြီးက ရွှေထွက်ဇွဲကပင်မြေကနေဗီယာမြက်ဟု တင်စား၍ စိုက်ပျိုး မွေးမြူရေး တောင်သူများအကျိုးငှာ ‌လေ့လာ၍ ရေးသားလိုက်ရပါသည်။      

DOCA(ကရင်)