ပိုးစာပင်စိုက်ပျိုးခြင်း၊ မွေးမြူခြင်းနှင့် ပိုးချည်လုပ်ငန်း

Powered by Drupal
Tue, 09/17/2024 - 12:10 -- consumer_admin

      မန္တလေးတိုင်းဒေသကြီးအတွင်း ပိုးစာပင်စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူခြင်းလုပ်ငန်းကို ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ပိုးစာပင်စိုက်ပျိုးထုတ်လုပ်သည့် ခြံ ၄ခြံတွင် (၁၀၉.၅)ဧကစိုက်ပျိုးထားရှိပါသည်။ ခြံအလိုက် စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့်-

(၁)     ပိုးချည်စက်နှင့်ပိုးစာသုတေသနခြံ               -         ၁၃ ဧက

(၂)      ဒိုးကွင်းပိုးစာခြံ                                        -         ၁၁ ဧက

(၃)     မျိုးပိုးဥနှင့်သုတေသနခြံ(ကန်တော်ကြီး)       -         ၅၅.၅ ဧက

(၄)     ထုံးဘိုပိုးစာခြံ                                           -        ၄၀ ဧကတို့စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း သိရပါသည်။

        စိုက်ပျိုးထုတ်လုပ်သောပိုးစာပင်မျိုးပေါင်း (၁၃)မျိုးအား ပြင်ဦးလွင်မြို့နယ်၊ ပိုးမျိုးဥနှင့် ပိုးစာသုတေသနခြံတွင် သုတေသနပြုစိုက်ပျိုးထားပြီး အဆိုပါမျိုးများမှာ တရုတ်ပိုးစာ၊ ပေါက်ခေါင်းမျိုး၊ BT 11(ထိုင်း)၊ မြန်မာရွက်ကြီး၊ Triilaid (ဗီယက်နမ်)၊ CIFC (တရုတ်)၊ BOSUN (တရုတ်)၊ မြန်မာလက်ခြား၊  ယိုးဒယားလက်ခြား(ထိုင်း)၊ S28 (ဗီယက်နမ်)၊ ယိုးဒယားရွက်ဝိုင်း (ထိုင်း)၊ Bodai (ဗီယက်နမ်)၊ BR 60 (ထိုင်း)မျိုးများဖြစ်ပါသည်။

      အဆိုပါ ပိုးစာမျိုး(၁၃)မျိုးအနက် တရုတ်မျိုးကိုသာ ဈေးကွက်သို့ဖြန့်ဝေနိုင်ပြီး ကျန်မျိုးများကို ဖြန့်ဝေနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။ ပိုးစာပင်စိုက်ပျိုးရာတွင် ယခင်က အပင် (၄၀၀၀)သာစိုက်ပျိုးခဲ့သော်လည်း ယခုအခါ တရုတ်မှလာသောမျိုးကိုသာ စိုက်ပျိုးရာတွင် ၁ဧကလျှင် အပင်(၁၈၀၀၀)ထိစိုက်ပျိုးနိုင်ပါသည်။ ပိုးစာပင်ကို ဩဂုတ်လမှ စက်တင်ဘာလထိ စိုက်ပျိုးကြပါသည်။ ပိုးစာပင်စိုက်ပျိုးပြီး ပိုးမွေးမြူမည်ဆိုပါက ၃x ၁ စိုက်စနစ်တွင် ပိုးစာကဒ် ၁၀ကတ်၊ ၅x ၂စိုက်စနစ်တွင် ပိုးစာကဒ် (၅)ကတ်၊ ပိုးစာ ၁ကဒ်လျှင် ပိုးကောင်ရေ ၃၅၀၀၀မှ ၃၈၀၀၀ထိပါဝင်ပြီး အလေးချိန်အားဖြင့် 16Kg ရှိပါသည်။

       မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးစာပင်စက်ရုံ (၁) ရုံရှိပြီး ပိုးများမွေးမြူကာ ပိုးချည်ထုတ်လုပ်နေပါသည်။ ပိုးမွေးမြူရေးအဆင့်ဆင့်တွင် ပိုးဖလံဘဝရောက်ရှိရန် အဆင့်ဆင့်မွေးမြူထားကြပြီး ပိုးဖလံအဆင့်သို့ရောက်ရှိလာလျှင် ပိုးအိမ်စတင်ဆောက်လုပ်ရာ ၆ရက်မှ ၈ရက်ထိကြာမြင့်ပါသည်။ ပိုးအိမ်ဆောက်လုပ်ခြင်းမှာ ပိုးသားလောင်းပါးစပ်မှထွက်ရှိသော ပိုးချည်မျှင်များကို ၎င်းကိုယ်တွင် ရစ်ပတ်လိုက်ပြီးနောက် အပြင်သို့ထွက်လာခြင်းဖြစ်ပါသည်။ ပိုးအိမ်အကောင်ရရှိရန် ပိုးသားလောင်းအပြင်သို့ ပြန်မထွက်မီ ပိုးအိမ်အား ပေါင်းအိုးဖြင့် အပူပေး၍ပြုတ်ရပါသည်။ ပိုးအိမ်ရရှိရန် ရက်ပေါင်း ၂၉ရက်မှ ၃၄ရက်အထိကြာမြင့်ပါသည်။ ပိုးကောင်၏ သက်တမ်းမှာ ၁လဖြစ်ပြီး ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလ၊ မေလများတွင် မွေးမြူရပါသည်။ ပိုးအိမ်အခြောက် ၅ပေါင်လျှင် ပိုးချည်မျှင် ၁ပေါင်ရရှိပြီး ပိုးအိမ်အစို ၁၂.၅ပေါင်လျှင် ပိုးချည်မျှင် ၁ပေါင်ရရှိပါသည်။

        ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးစာစက်ရုံ၏ ပိုးချည်ထုတ်လုပ်မှုမှာ ၅ရက်/ ၁ပတ်လျှင် လက်ကျန်ချည် ၅ပေါင်၊ စက်ဆွဲချည် ၄ပေါင်နှုန်းဖြင့် တစ်နှစ်ပတ်လုံး ပျမ်းမျှပေါင် ၂၀၀သာထုတ်လုပ်နိုင်ပါသည်။ ထွက်ရှိသည့်ပိုးချည်များကို ပြည်တွင်းသုံးနှင့် ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်သို့ အများဆုံးတင်ပို့နေကြောင်း၊ ပိုးစာပင်စိုက်ပျိုးထုတ်လုပ်မှုသည် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်နိုင်ပါသည်။

       မန္တလေးမြို့ ရက်ကန်းလုပ်ငန်းရှင်များအနေဖြင့် ပိုးထည်များကို ရက်လုပ်ရာတွင် ပြည်တွင်းပိုးနှင့်ရက်လုပ်သည့် ပိုးထည်များ၊ ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ဝင်ရောက်သော ပိုးထည်များနှင့်ရောနှောရောင်းချသည့်အခါ ပြည်တွင်းပိုးထည်မှာ ဈေးနှုန်းမြင့်သည့်အတွက် ဝယ်ယူမှုအားနည်းကြောင်း တရုတ်နှင့်ထိုင်းမှဝင်ရောက်သည့် ပိုးထည်များကို Ready Made များချုပ်လုပ်ရောင်းချသည့်အတွက် ဈေးနှုန်းသင့်တင့်သည့်အတွက် ဝယ်ယူမှုများကြောင်းလည်း လေ့လာသိရှိရပါသည်။

        ပိုးချည်မျှင်အနေနှင့် ပြည်တွင်းပြည်ပမှ ဝယ်လိုအားကောင်း၍ ပိုးစာစိုက်ပျိုးမွေးမြူသူများအတွက် တွက်ခြေကိုက်ခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းကြောင့် တိုးချဲ့စိုက်ပျိုးသင့်ပါသည်။ ဒေသတွင်းတစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များအတွက် အရင်းအနှီးချေးငွေရရှိရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန်၊ ပိုးထည်များအနေနှင့် မြန်မာ့ရိုးရာလက်မှုအနုပညာများနှင့် ဖန်တီးတီထွင်ထားခြင်းကြောင့် ရိုးရာလက်မှုအနုပညာမပပျောက်စေရေးတို့အတွက် ဝိုင်းဝန်း ၍ ကူညီဆောင်ရွက်ရန် ကြိုးပမ်းကြပါစို့။

DOCA(မန္တလေး)