မြန်မာနိုင်ငံတွင် ဆန်နှင့်ဆီသည် မရှိမဖြစ်သော အရေးကြီးကုန်စည်များဖြစ်ပြီး လူအများ ကြိုက်နှစ်သက်စွာ စားသုံးနေကြသော ကုန်စည်များလည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံအတွင်းတွင် ဆန်စပါးကို အဓိကအနေဖြင့် စိုက်ပျိုးနေသကဲ့သို့ ဆီထွက်သီးနှံများကိုလည်း အလေးထားစိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ဆီ (တစ်နည်းအားဖြင့်) ဟင်းရွက်ဆီ၊ စားသုံးဆီများအား တိရိစ္ဆာန်၊ အပင် သို့မဟုတ် ဓာတုဗေဒဖြင့် ပြုပြင်ထားသည့် အဆီများမှ ထုတ်လုပ်ရရှိပြီး စတင်အသုံးပြုခဲ့သည့် အချိန်ကာလကို လေ့လာကြည့်ရာတွင် ဘီစီ ၂၅၀၀၀၀ ဝန်းကျင်ခန့်မှ အစပြုခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် အဓိကစားသုံးကြသော စားသုံးဆီများထဲတွင် နေကြာဆီသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။ နေကြာသီးနှံသည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသည့်သီးနှံ ဖြစ်ပါသည်။ ထို့အပြင် နေကြာသီးနှံသည် အခြားဆီထွက်သီးနှံများထက် အရင်းအနှီးစရိတ် သက်သာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုလွယ်ကူခြင်း၊ သီးထပ်သီးနှံ/ ကြားသီးနှံအဖြစ် စိုက်ပျိုးနိုင်ခြင်း၊ စပါးရိတ်သိမ်းပြီးချိန် မိုးသီးနှံရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးနိုင်ခြင်းစသည့် အားသာချက်များအပြင် စိုက်ပျိုးပြီး ရက်ပေါင်း ၈၀ မှ ၈၅ ရက်အတွင်း ဈေးကွက်ဝင်ငွေပေါ်နိုင်သဖြင့် တောင်သူများအတွက် အကျိုးရှိသော၊ အကျိုးဖြစ်ထွန်းစေနိုင်သော ဆီထွက်သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။
လူအများအနေဖြင့် ပြည့်ဝဆီ၊ အစေ့အဆန်မှရရှိသော ဆီ၊ ဟင်းသီးဟင်းရွက်ဆီစသည်ဖြင့် ဆီအမျိုးမျိူးကို အသုံးပြုလျက်ရှိရာ နေကြာဆီသည် မပြည့်ဝဆီ အမျိုးအစားတွင် ပါဝင်ပါသည်။ နေကြာစေ့သည် ၄၅ ရာခိုင်နှုန်းမှ ၅၄ ရာခိုင်နှုန်းအထိ အဆီပါဝင်မှုရှိသည့် ဆီထွက်သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ လူကြိုက်များသော စားသုံးဆီတစ်မျိုးဖြစ်သည့် နေကြာဆီသည် ရွှေရောင်အဆင်းရှိပြီး အနံ့အရသာနှင့်လည်း ပြည့်စုံမှုရှိပါသည်။ နေကြာဆီတွင် linoleic Acid နှင့် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့်မပြည့်ဝဆီ အက်ဆစ်တို့များစွာပါဝင်ပါသည်။ နေကြာဆီသည် အသားအရေ ကျန်းမာမှုကို ကာကွယ်ရန်အတွက် လူ့ဆဲလ်များ ပြန်လည်မွေးဖွားမှုကို မြှင့်တင်ပေးပြီး သွေးထဲရှိ ကိုလက်စထရောများ ထွက်ရှိခြင်းကိုလည်း လျှော့ချပေးသည့် အဆင့်မြင့်အာဟာရအဆီတစ်မျိုးပင် ဖြစ်သည်။ ထို့အပြင် နေကြာဆီတွင် ဘေးအန္တရာယ်ဖြစ်စေသော ကိုလက်စထရော လုံးဝပါဝင်ခြင်း မရှိသည်ကို တွေ့ရပါသည်။
နေကြာပင်သည် တစ်နှစ်ခံပင်အမျိုးအစားဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးရန် လိုအပ်ပါသည်။ နေကြာ မျိုးများအနေဖြင့် နေကြာကြီး၊ နေကြာလေး၊ ဆီထွက်နေကြာစသည်ဖြင့် မျိုးကွဲပေါင်းများစွာ ရှိပါ သည်။ မြန်မာနိုင်ငံတွင်မူ အဓိကအားဖြင့် အစေ့စားနေကြာနှင့် ဆီစားနေကြာစသည့် နှစ်မျိုးကိုသာ စိုက်ပျိုးပါသည်။ နေကြာဆီတွင် မှိုပါဝင်မှု လုံးဝမရှိခြင်း၊ အနံ့အရသာကောင်းမွန်ခြင်းနှင့် အကြော်ခံ ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော၊ စားသုံးရန်သင့်တော်သော စားသုံးဆီတစ်မျိုး ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် နေကြာစိုက်ပျိုးမှုအများဆုံးနိုင်ငံများမှာ ယူကရိန်း၊ ရုရှားနှင့် ဥရောပ သမဂ္ဂတို့ဖြစ်ကြောင်း သိရသည်။ ကမ္ဘာပေါ်ရှိ နေကြာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် အဆင့်(၁၁)နေရာတွင် ရပ်တည်နေလျက်ရှိပါသည်။ နေကြာဆီသည် ကိုလက် စထရောထွက်ရှိမှုကို လျှော့ချပေးနိုင်သဖြင့် နှလုံးကျန်းမာရေးကို သန်မာကောင်းမွန်စေခြင်း၊ အသားအရေ အထူးသဖြင့် ဆံသားကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေခြင်း၊ အဆစ်ရောင်ခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်းစသော အကျိုးကျေးဇူးများကို ရရှိပါသည်။ နေကြာဆီသည် နှလုံးနှင့် သွေးကြောကျန်းမာရေးအတွက် ကောင်းမွန်စေသောဓါတ်စာတစ်မျိုးဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။
နေကြာဆီကို အရေပြားမွဲခြောက်ခြောက်ဖြစ်နေသူများ စားသုံးပေးသင့်ပါသည်။ နေကြာဆီကို အရေပြားပေါ်တွင် လိမ်းပေးခြင်းဖြင့် အရေပြားကို ပိုမိုစိုပြေစေနိုင်ပြီး အရေပြား၏ အစိုဓါတ်ကို ထိန်းသိမ်းပေးပါသည်။ နေကြာဆီသည် ဗီတာမင် E ကြွယ်ဝစွာ ပါဝင်သည့်အတွက် နေရောင်ခြည် ကြောင့် အရွယ်မတိုင်ခင်အိုမင်းခြင်း၊ ပါးရေတွန့်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ အရေပြားဆိုင်ရာရောဂါဝေဒနာများဖြစ်သော အရေပြားရောင်ရမ်းခြင်း၊ အရေပြားကြမ်းတမ်းခြင်း၊ အရေပြားပေါ်တွင် အနာဖြစ်ခြင်းတို့ကို သက်သာစေနိုင်ပြီး တင်းတိပ်၊ မှဲ့ခြောက်၊ ဝက်ခြံစသည်တို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။ နေကြာဆီကို ဆံပင်တွင်လိမ်းပေးပါက အခြားဆီများကဲ့သို့ ဆံပင်ကို နူးညံ့ပျော့ပျောင်းစေခြင်း၊ ဆံပင်ပေါက်နှုန်းမြန်စေခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ဆန်ပြီးလျှင် စားသုံးဆီသည် ဒုတိယအရေးကြီးဆုံးသော ကုန်စည်ဖြစ်သည်။ ထိုကြောင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံရန် လိုအပ်သည်။ ပြည်တွင်းဆီစားသုံးမှု ဖူလုံရန်အတွက် ဆီထွက်သီးနှံများကို အလေးပေး စိုက်ပျိုးရပါမည်။ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်းစသည်တို့ကို ရာသီအလိုက် စိုက်ပျိုးရမည်ဖြစ်ပြီး အထွက်နှုန်းတိုးစေရန်အတွက် တောင်သူ များထံသို့ စိုက်ပျိုးရေးနည်းပညာများ၊ မျိုးကောင်းမျိုးသန့်များ၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးပေါင်းသတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာများ၊ စိုက်ပျိုးရေးစရိတ်အတွက် လိုအပ်သောအတိုးနှုန်းသက်သာသည့် ချေးငွေများစသည်တို့ကို နိုင်ငံတော်မှပံ့ပိုးပေးရေး၊ လိုအပ်သော နည်းပညာအကူအညီကို မိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂတို့ကဲ့သို့သော အဖွဲ့အစည်းများထံမှရရှိနိုင်ရေးတို့ကို ဦးစားပေးလုပ်ဆောင်ရမည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် လူတို့၏ အခြေခံလိုအပ်ချက်များ ဖြစ်သော စား၊ ဝတ်၊ နေ၊ ရေးတွင် စားရေးသည် အဓိကကျသကဲ့သို့ ဆန်နှင့်ဆီသည်လည်း ထို့နည်းထပ်တူပင် အရေးပါသည်ကို တွေ့ရပါသည်။ စားသုံးဆီသည် မြန်မာနိုင်ငံတွင် မဟာဗျူဟာမြောက်သော ကုန်စည်တစ်ခုဟုဆိုချင်လျှင် ဆို၍ရပြီး အစိုးရအဆက်ဆက်က ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေး၊ ပြည်တွင်းဆီ စားသုံးမှုဖူလုံစေရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရပါသည်။ စားသုံးဆီ အခန်းကဏ္ဍသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောကိစ္စဖြစ်ပြီး ဆီထွက်သီးနှံများ အထွက်နှုန်းတိုးစေရေး၊ စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေး၊ ပြည်တွင်းဆီ စားသုံးမှု ဖူလုံစေရေးအတွက် အစိုးရ၊ စားသုံးသူ ပြည်သူ၊ လုပ်ငန်းရှင်တို့အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ပင် ဖြစ်ပါတော့သည်။
DOCA(ပဲခူး)