အလေးထားရမည့် ဆန်စပါးကဏ္ဍ

Powered by Drupal
Tue, 09/17/2024 - 14:35 -- consumer_admin

      ဆန်စပါးသည် မြန်မာနိုင်ငံတွင် အဓိကစားသုံးသောသီးနှံဖြစ်ပြီး မြန်မာ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကာ မဟာဗျူဟာမြောက်သော သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံး၏ သီးနှံ စိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်း၊ ဧကအားဖြင့် ၁၇ သန်းခန့်ကို နှစ်စဉ်စိုက်ပျိုးပြီး ထွက်ရှိလာသည့် စပါးသီးနှံများ၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်လုပ်ငန်းအမျိုးမျိုး ထုတ်လုပ်မှုတွင် အသုံးချသည်။ ကျန်ရှိသော ၂၀ ရာခိုင်နှုန်းကိုသာ ပြည်ပသို့တင်ပို့ကြောင်းကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်သောစာရင်းဇယားများအရ သိရှိရပါသည်။

     ထို့အပြင် ဆန်စပါးသည် ပြည်တွင်းပြည်ပဈေးကွက် သေချာသော သီးနှံထုတ်ကုန်တစ်မျိုးဖြစ်သည့်အတွက်ကြောင့် ပြည်တွင်းဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် ငွေကြေးအရင်းအနှီးများစွာ ကိုင်ဆောင်ထားသူတို့အဖို့ ဝင်ရောက်ရင်းနှီးလုပ်ကိုင်သင့်သော ကဏ္ဍကောင်း တစ်ရပ်လည်းဖြစ်ပါသည်။

      မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးလေ့ရှိသော ဆန်စပါးအမျိုးအစားများမှာ ဧည့်မထအုပ်စု၊ လက်ရွေးစင်အုပ်စု၊ ငစိန်အုပ်စု၊ မီးဒုံးအုပ်စု၊ ဗျတ်အုပ်စုစသည်တို့ ဖြစ်ပါသည်။ ဧည့်မထအုပ်စုတွင် ပြည်ခရိုင်၌ စိုက်ပျိုးနေသော အရည်အသွေးကောင်းမွန်သည့် ပင်ထောင်ဧည့်မထ၊ ဧည့်မထပင်တိုကလေး စပါးမျိုးများ၊ ရခိုင်ပြည်နယ်တွင် စိုက်သော ချီဒူးပါးနှင့် တနင်္သာရီတွင် စိုက်သော ရဟိုင်းစပါးတို့ ပါဝင်ပါသည်။ ထိုစပါးမျိုးတို့ သည် ထိုင်းနိုင်ငံတွင် စိုက်ပျိုးနေသော စပါးမျိုးတို့၏ အရည်အသွေးကို မှီသည်ကို တွေ့ရပါသည်။ ယင်းစပါးမျိုးတို့၏ ဆန်ရည်ဆန်သားသည် ရှည်လျားသေးသွယ်ပြီး ပုလဲရောင်ရှိသည်ကိုလည်း သိရပါသည်။

       လက်ရွေးစင်အုပ်စုတွင် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းတွင် စိုက်ပျိုးနေသော လက်ရွေးစင်စပါးမျိုးများ အားလုံးပါဝင်သည်။ အညာဒေသတွင် စိုက်ပျိုးသော ငယွန်းဝါ၊ တောင်ထိပ်ပန်း၊ ရွှေအပ်နှင့် ရွှေဘို ခွန်နီ၊ မြန်မာနိုင်ငံအောက်ပိုင်းတွင် စိုက်ပျိုးသော မောင်ညိုနှင့် နှံကားတို့ ပါဝင်သည်။ ငစိန်အုပ်စုတွင် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးသော ခဲစပါး၊ မှော်ဘီငစိန်၊ စိန်ကြီး၊ ရွှေခြေကျင်း၊ ငကျောက်ကြီးနှင့် ရှမ်းငြိမ်း တို့ပါဝင်သည်။ ယင်းတို့ကို နိုင်ငံခြားသို့ တင်ပို့ရာ ဆန်ဝယ်သော နိုင်ငံတိုင်းတွင် မြန်မာ့ဆန်ဟု သိကြသည်။

     မီးဒုံးအုပ်စုဝင်စပါးမျိုးများဖြစ်သော ငကျွဲ၊ မီးဒုံးမွှေး၊ ပေါ်ဆန်းမွှေးတို့ကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသ များတွင် ပြည်တွင်းစားသုံးရန်အတွက် စိုက်ပျိုးကြသည်။ မီးဒုံးအုပ်စုဝင် ဆန်စပါးများကို ကမ္ဘာ့အရှေ့ဖျားနိုင်ငံ များသို့ တချို့တဝက်တင်ပို့ကြောင်း စာရင်းဇယားများအရ သိရပါသည်။ ဗျတ်စပါးမျိုးသည် အသက်ကြီးသဖြင့်  ကောက်ကြီးစပါးဟုလည်း ခေါ်ကြသည်။ ဗျတ်စပါး မျိုးများကို ပြည်တွင်းစားသုံးရန် နေရာတိုင်းတွင် ဧရိယာ အနည်းငယ်မျှစီ စိုက်ပျိုးကြကြောင်းကိုလည်း သိရသည်။

    စပါးမျိုးများကို အုပ်စုများ ခွဲခြားရာတွင် နည်းလမ်း(၂) ရှိသည်။ ယင်းတို့မှာ -

          (က)        စပါးသက်တမ်းအလိုက် အုပ်စုခွဲခြားခြင်း၊

          ( ခ)         စပါးလုံးအရွယ်အစားအလိုက် အုပ်စုခွဲခြားခြင်း

 တို့ဖြစ်ပါသည်။

          ထို့နောက် စပါးမျိုးများ၏ သက်တမ်းပေါ်မူတည်၍ ထပ်မံ၍ အုပ်စု (၃)စု ခွဲခြားထားပါသေးသည်။ ယင်းတို့မှာ -

          (က)        အသက်ရက်(၁၅၀)အောက်ငယ်သောစပါးမျိုးများကို သက်လျင်(ကောက်လျင်) စပါးမျိုး ဟူ၍လည်းကောင်း

          ( ခ)         (၁၅၀) မှ (၁၇၀)ရက်အတွင်းရှိသော စပါးမျိုးများကို သက်လတ် (ကောက်လတ်) စပါးမျိုး ဟူ၍လည်းကောင်း

          (ဂ)          (၁၇၀)ရက်အထက် ကျော်လွန်သော စပါးမျိုးများကို သက်ကြီး(ကောက်ကြီး)စပါးမျိုး      ဟူ၍လည်းကောင်း ခွဲခြားကြသည်ကိုတွေ့ရပါသည်။

          လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီး စိုက်ပျိုးရေးကဏ္ဍသည် အမျိုးသားပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ပါဝင်နေသည် ကို တွေ့ရပါသည်။

          မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါးဟူ၍ စိုက်ပျိုးကြရာ နွေစပါးသည် မိုးစပါးထက်ပိုမို၍ အထွက်ကောင်းသည်ကိုလည်း တွေ့ရပါသည်။ ယင်းကဲ့သို့ နွေစပါးသည် မိုးစပါးထက်ပို၍ အထွက်နှုန်းပိုရခြင်းမှာ မိုးရာသီထက် နွေရာသီတွင် မိုးတိမ်ကင်းစင်ပြီး စပါးပင်အတွက် နေရောင်ခြည်စွမ်းအင်ကို ပိုမိုရရှိသဖြင့် အပင်အတွက် အစာပိုမိုချက်လုပ်နိုင်သောကြောင့် ကြီးထွားဖွံ့ဖြိုးသီးပွင့်နိုင်ခြင်း ဖြစ်သည်။ နွေစပါးသည် စိုက်ပျိုးရေးနည်းစနစ်၊ မျိုးကောင်း မျိုးသန့် စိုက်ပျိုးခြင်း၊ စိုက်ချိန်မှန်အောင် စိုက်ပျိုးခြင်းစသည့် အခြေအနေ ကောင်းများတွင် နေရောင်ခြည်၊ ရေအလုံအလောက်ရရှိခဲ့ပါက တစ်ဧကလျှင် တင်းတစ်ရာကျော်အထိ အထွက်နှုန်းတိုးလာမည်ပင် ဖြစ်ပါသည်။ ၁၉၉၂ - ၁၉၉၃ ခုနှစ်မှစ၍ နွေစပါးကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြရာ ယခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မိုးစပါး စိုက်ဧရိယာ ဧက ၁၅ သန်းကျော်နှင့် နွေစပါး စိုက်ဧရိယာ ဧက ၂ ဒသမ ၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရပါသည်။

              အချုပ်အားဖြင့်ဆိုသော် ဆန်သည် အရှေ့တောင်အာရှ၏ အဓိကအစားအစာဖြစ်ပြီး ဆန်စပါးသည် ကမ္ဘာ့အရေးကြီးဆုံး အဓိကစားနပ်ရိက္ခာဖြစ်ကာ ကမ္ဘာ့စီးပွားရေး၏ အရေးအကြီးဆုံး ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါသည်။ ဆန်စပါးကဏ္ဍတွင် မူလစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမား များအတွက် သွင်းအားစုကုန်ကျစရိတ်များနှင့် လျော်ညီသည့် စပါးဈေးနှုန်း၊ သိုလှောင်ကြိတ်ခွဲသူ၊ ဝယ်ယူ ရောင်းချသူများအတွက် သင့်တင့်သည့် အကျိုးအမြတ်နှင့် စားသုံးသူပြည်သူများအတွက်လည်း ဖြစ်သင့်သည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဦးတည်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)