သစ်စိမ်းမြေဩဇာ (ခေါ်) ပိုက်ဆံလျှော်အကြောင်း သိကောင်းစရာ

Powered by Drupal
Mon, 09/23/2024 - 14:34 -- consumer_admin

      စိုက်ပျိုးရေးအတွက် အရေးပါသောသီးနှံဖြစ်သည့် ပိုက်ဆံလျှော်သည် သစ်စိမ်းမြေဩဇာဖြစ်သည့်အလျောက် အခြားသီးနှံများမဖြစ်ထွန်းနိုင်သော အခြေအနေတွင် အောင်မြင်စွာစိုက်ပျိုးနိုင်သည်။ ပိုက်ဆံလျှော်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၁၉၈၂ခုနှစ်တွင် မျိုးစေ့ထုတ်ဝေနိုင်ခဲ့သည်။ ယခုအခါ ပိုက်ဆံလျှော်ကို အပူပိုင်း၊ သမပိုင်းနှင့် တချို့အအေးပိုင်းဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာသည်ကိုတွေ့ရှိရပါသည်။ ပိုက်ဆံလျှော်မှရရှိသောလျှော်ဖြင့် ထုတ်ကုန်များထုတ်လုပ်နိုင်သည့်အပြင် မြေဩဇာအဖြစ်လည်းကောင်း၊ ကျွဲ၊နွားစာအဖြစ်လည်းကောင်း အသုံးဝင်သည်။ မြေဩဇာအဖြစ်အသုံးပြုမည်ဆိုပါက သီးနှံပင်များအတွက် အာဟာရတန်ဖိုးများစွာပါဝင်သည့်အပြင် ကျွဲ၊ နွားများအတွက်လည်း ပရိုတိန်းဓာတ်များစွာပါဝင်ကြောင်းသိရှိရပါသည်။

        ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုမည်ဆိုပါက စိုက်ကွင်းအတွင်း စိုက်ပျိုးပြီး ထယ်မှောက်၍ မြေဆီလွှာနှင့်ရောနှောရမည်ဖြစ်သည်။ သို့မဟုတ် အခြားစိုက်ခင်းများတွင် စိုက်ပျိုးပြီးနောက် သီးနှံစိုက်ပျိုးမည့် ကွင်းအတွင်းသို့သယ်ဆောင်ကာ ထည့်သွင်းပေးခြင်းဖြင့်လည်း မြေဩဇာအဖြစ်အသုံးပြုနိုင်ပါသည်။ ထို့ပြင် စိုက်ပျိုးပြီးသော ပိုက်ဆံလျှော်ပင်များကိုအခြောက်လှန်း၍ ထုထောင်းထားလျှင်လည်း အချိန်ကြာမြင့်စွာသိုလှောင်ထားနိုင်ပြီး မြေဩဇာအဖြစ်အသုံးပြုနိုင်ပါသည်။ ပိုက်ဆံလျှော်၏ အားသာချက်မှာ အထူးတလည် မြေယာပြုပြင်စရာမလိုဘဲ စိုက်ပျိုးနိုင်သည့်အပြင် နေရာဒေသအမျိုးမျိုးတွင်လည်းစိုက်ပျိုးနိုင်ပါသည်။ သို့သော် နှင်းခါးရိုက်ခြင်း၊ ဆားငန်ပေါက်ခြင်းနှင့် ရေဝပ်ခြင်းတို့ကိုခံနိုင်ရည်မရှိပါ။ ခြောက်သွေ့ခြင်းကိုခံနိုင်ပြီး မြေစေးများတွင်လည်း စိုက်ပျိုးနိုင်သကဲ့သို့ မြေဩဇာမကောင်းသော မြေများတွင်လည်းစိုက်ပျိုးနိုင်ပါသည်။ စိုထိုင်းဆမြင့်မားသောနေရာများတွင် ထုတ်လုပ်မှုပိုမိုကောင်းမွန်ပါသည်။ အပင်ပေါက်မြန်သော အမျိုးအစားဖြစ်သည့်အတွက် စိုက်ပျိုးပြီး ၂ရက်မှ ၃ရက်အတွင်း အပင်ပေါက်များကိုတွေ့နိုင်ပါသည်။

        သစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုမည်ဆိုပါက စိုက်ပျိုးပြီး ၂လခွဲအကြာတွင် ထယ်မှောက်ကာ အသုံးပြုနိုင်ပါသည်။ မြေဆီလွှာအတွင်း အော်ဂဲနစ်အကြွင်းအကျန်များပြားလာပြီး ကာဗွန်သိုလှောင်မှုကိုမြင့်မားစေပါသည်။ မြေဆီလွှာအား ပြန်လည်ကောင်းမွန်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကိုလည်း တားဆီးရာရောက်ပါသည်။ သို့ဖြစ်ပါ၍ အဖက်ဖက်မှ အသုံးဝင်၍ စီးပွားဖြစ်စိုက်ပျိုးနိုင်သော ပိုက်ဆံလျှော်ပင် (ခေါ်) သဘာဝသစ်စိမ်းမြေဩဇာအား တိုးမြှင့်စိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)