ကွမ်းသီးစိုက်ပျိုး ဝင်ငွေတိုး

Powered by Drupal
Tue, 09/24/2024 - 11:44 -- consumer_admin

     ကွမ်းသီးပင်ကို အင်္ဂလိပ်အမည်  ၊Betel   Plam ၊ရုက္ခဗေဒ အမည်၊Areca Catachu ဖြစ်ပြီး မူရင်းဒေသမှာ ဖိလစ်ပိုင်နိုင်ငံဟု သိရှိရပါသည်။ အပင်အမြင့်သည် (၆၀-၉၀)ပေ အထိရှိတတ်ပြီး သတ်တမ်းမှာ (၆၀-၁၀၀)နှစ်အထိရှင်သန်နိုင်ပါသည်။ အမြစ်သည် ဘေးပတ်လည် (၃) ပေနှင့်အနက် (၂)ပေထိ ဆင်းသက်ပါသည်။ ပင်စည်ပေါ်တွင် အရွက်များထွက်ပေါ်ခဲ့သောနေရာတွင် အရစ်များ ပေါ်လာ ပြီးပင်စည်   ပိုင်းတွင်စိတ်ပြီး ခါးလည်ပိုင်းကျဲကာ အဖျားပိုင်း ပြန်စိတ်သွားပါသည်။ တစ်နှစ်သားတွင် ကွမ်းလက် (၄မှ၅)လက်ထွက်ပါသည်။ အရွယ်ရောက်အပင်တွင် (၈မှ၁၂)လက်ထွက်ပါသည်။ အညွှန့်ဘဝမှ ကြွေကျ သည်အထိ (၂)နှစ်ခန့်ကြာတတ်ပါသည်။ တစ်နှစ်လျှင်ကွမ်းလက် (၆)လက်ထွက်ရှိပြီး (၄မှ၆) နှစ်ကြာလျှင် ပန်းခိုင်စထွက်၍ (၃မှ၆)ခိုင်အထိ ထွက်တတ်ပါသည်။ ဦးဆုံးထွက်သောအခိုင်မှာ အသီးမတင်တတ်ပါ။ ပင်မပန်းခိုင်အရှည် (၁မှ၂) ပေ၊ ဒုတိယပန်းခိုင် (၂၀မှ၂၅)ခု ဖြာထွက်ပါသည်။ လေအားဖြင် ဝတ်မှုန်ကူးပြီး မနက်(၉မှ၁၂)နာရီတွင် ဝတ်မှုန်များလွှင့်တက်ပြီး အဖိုပွင့်များ ကြွေကျမှသာ အမပွင့်များ ပန်းပွင့်ကြပါသည်။ အသီးပုံစံအမျိုးမျိုး ရှိသော်လည်း ကွမ်းသီးသည် အစေ့ဆန် အမျိုးအစား ဖြစ်ပါသည်။ မျိုးများအနေဖြင့် အိုးပေါက်ကွမ်းသီး၊ ချည်ဝင်ကွမ်းသီး၊ ကွမ်းသီးမွှေး ကွမ်းသီးပုဟု ရှိပါသည်။

      တစ်နှစ်ပတ်လုံး မိုးရေချိန်လက်မ (၈၀မှ၁၀၀)ရှိပြီး ပူအိုက်စွတ်စိုသည့် ဒေသများ၊ မိုးရေချိန် (၆၀)   လက်မအောက်ရှိ ဒေသများတွင် ရေသွင်းစိုက်ပျိုးနိုင်သည်။ မိုးခေါင်လျှင် အပင်ကြီးထွားမှုနှေး၍ လေပူလေခြောက်တိုက်လျှင် အသီးတင်မှုနည်းပါသည်။ ကွမ်းခြံအတွင်း လေထုစိုထိုင်းဆများခြင်းကို ကြိုက်ပါသည်၊ မိုးရေချိန် (၈၀)လက်မ၊ အပူချိန် (၂၈မှ၃၂) စင်တီဂရိတ်ရှိပါက အကောင်းဆုံးအနေအထားဖြစ်ပါသည်။

      ကွမ်းသီးပင်သည် အပြုအစုကောင်းပါက (၄မှ၆)နှစ်အတွင်း စတင်သီးပြီး (၂၀မှ၂၅) နှစ်အတွင်း       ဖြိုင်ဖြိုင်သီးတက်ပါသည်။ စတင်သီးသောနှစ်တွင် တစ်ပင် (၃၀) လုံး ရရှိနိုင်သော်လည်း သတ်တမ်းရင့်လာ သည်နှင့်အမျှ တစ်ပင်လျှင် (၄၀၀)လုံးအထိ ရရှိနိုင်ပါသည်။ တစ်နှစ်လျှင် ကွမ်းသီးခိုင် (၆မှ၇)ခိုင် ထွက်ပါသည်။ကွမ်းသီးပင်အမျိုးအစားများမှာပန်းကွမ်းသီး၊(စားသုံးသူနည်းမစိုက်ပျိုး)၊ကွမ်းသီးရွှေဝါ(စားသုံးသူနည်း မစိုက်ပျိုး)၊ချွန်းကွမ်းသီးကတ်ချွန်း၊ မျှောချွန်း၊ ဘဲဥပုံချွန်း၊ မိချောင်းခေါင်း၊ သံပရာချွန်း( တရုတ်ပြည်သို့တင်ပို့) ၊     အဝိုင်းကွင်းသီး၊ ပြည်တွင်းစားသုံးသူများသည့်အတွက် စိုက်ပျိုးကြပါသည်။

      ကွမ်းသီးမှည့်ကို ပြည်တွင်းစားသုံးပြီး ကွမ်းသီးနုကို ပြည်ပသို့တင်ပို့ပါသည်။ ကွမ်းသီးနုကို ပြည်ပနိုင်ငံများတွင် သွားရည်စာ ပြုလုပ်ရာတွင်လည်းကောင်း၊ ဆေးဖော်စပ်ရာတွင် (အစာခြေဆေး၊ သန်ချဆေး၊ စိတ်ကျရောဂါဆိုင်ရာရောဂါများ၊ ခံတွင်းရနံ့သန့်စင်ရည်များ)လည်းကောင်း၊ အသုံးပြုကြပါသည်။ ကဖင်းနှင့် ဆေးရွက်ကြီးကဲ့သို့ စိတ်ကို လန်းဆန်းတက်ကြွစေပါသည်။

     မြောင်းမြမြို့နယ်တွင် ကွမ်းသီးပင်ကို ဥယျာဉ်မြေ၊ လယ်မြေများတွင် စိုက်ပျိုးပြီး(၁၄၄၆)ဧကစိုက်ပျိုးပါသည်။ တစ်ဧကလျှင် ကွမ်းသီးပင်    (၈၀၀-၉၀၀)ပင်ခန့်   စိုက်ပျိုးပြီး  အရွယ်ရောက်     ကွမ်းသီး တစ်ပင်၌  တစ်နှစ်လျှင် (၁၅၀)လုံးပါ (၆)ခိုင် ခန့်ထွက်ရှိ၍ အလုံး(၉၀၀ မှ ၁၀၀၀)ခန့် ထွက်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့်  မြောင်းမြမြို့နယ်တွက် လက်ရှိ ကွမ်းသီးမှည့် တစ်လုံး (၉၀) ကျပ်ဈေးရှိပြီး ရောင်းတန်းဝင် ကွမ်းသီးအနုတစ်လုံးလျှင် (၁၃၀ မှ ၁၆၀)ကျပ်ဈေး ရှိပါသည်။ ကွမ်းသီးအနု တစ်ပိဿာ(၆၂ လုံး မှ ၆၅လုံး)လျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူနေပြီး တစ်နေ့လျှင် ပိဿာ (၈၀၀၀-၉၀၀၀)ခန့် ရန်ကုန် ကွမ်းသီးနုစက်ရုံသို့ တင်ပို့လျက်ရှိပါသည်။ ကွမ်းသီးနုများကို နှစ်စဉ်ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်က ကွမ်းသီးအနု တစ်ပိဿာလျှင် (၂၇၀၀-၃၀၀၀)ကျပ်ခန့် ဈေးရရှိပြီး ယခုနှစ်တွင် ကွမ်းသီးဈေးကောင်းရခဲ့ပါသည်။

    မြောင်းမြမြို့နယ်အနေဖြင့် ကွမ်းသီးအမှည့်များကို ဒေသတွင်းစားသုံးပြီး ကွမ်းသီးအနုများကို ရန်ကုန်သို့ တင်ပို့ရောင်းချနေပါသည်။ ကွမ်းသီးနုစက်ရုံများမှ ကွမ်းသီးနုများကို ပြုတ်ခြင်း၊ အခြောက်ခံခြင်း ပြုလုပ်၍ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့နေပြီး ပြည်ပဝင်ငွေတိုးတက်ရရှိသော နှစ်ရှည်သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)