တစ်နိုင်တစ်ပိုင် နို့စားနွားမွေးမြူခြင်းမှ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းအဖြစ် ဖော်ဆောင်လျက်ရှိသည့် "မကွေးဒိန်ချဉ်"

Powered by Drupal
Wed, 10/02/2024 - 13:52 -- consumer_admin

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်တွင် ဖရစ်ရှန်နွားမျိုးနှင့် ဖရစ်ရှန်နှင့် ဗမာနွားစပ်မျိုးဖြစ်သည့် နို့စားနွားအကောင်(၄၀)ကို ခြံသွင်းစနစ်ဖြင့် မွေးမြူထားပြီး နွားနို့မှတစ်ဆင့် "မကွေးဒိန်ချဉ်" တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ကာ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။

   သမရိုးကျ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ဒိန်ချဉ် လုပ်ငန်းကို ၂၀၂၁ ခုနှစ်မှ စတင်လုပ်ကိုင်ကြောင်း၊ မွေးမြူထားသည့် နွားအကောင်ရေ (၄၀)ကျော်အနက် (၁၂)ကောင်မှ နို့ထုတ်လုပ်ကြောင်း၊ ရရှိသည့်နို့များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဒိန်ချဉ်တစ်မျိုး တည်းသာ ထုတ်လုပ်ရောင်းချကြောင်း၊ တိရစ္ဆာန်အစာအဖြစ် မင်းဘူး (စကု) မြို့နယ်ရှိ ကျေးရွာများမှ ကောက်ရိုးနှင့် ပြောင်းရိုးကို နွေရာသီတွင် ဝယ်ယူသိုလှောင်ကြောင်း၊ ထို့အပြင် မကွေးမြို့ရှိ ပဲကြော်ပဲ လှော်ဖိုများမှ ပဲကြီးအခွံများကို ပိဿာအလိုက် ဝယ်ယူခြင်းနှင့် မြက်(အစို)ရိတ်၍ ရောင်းချသူများ ထံမှလည်း မြက်တစ်အိတ်လျှင် ကျပ် (၂၀၀၀)ဖြင့် ဝယ်ယူကြောင်း၊ နို့စားနွားများကို အစာကျွေးခြင်း အနေဖြင့် တစ်ရက်လျှင် မြက်အိတ် (၃၀)ခန့် ကုန်ကျကြောင်း၊ တိရစ္ဆာန်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး တိမွေးကုဆရာဝန်များဖြင့် ကာကွယ်ဆေးထိုးနှံခြင်းများလည်း ဆောင်ရွက်ကြောင်း သိရသည်။

    ဒိန်ချဉ်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် နွားနို့ကို ကိုယ်တိုင်မွေးမြူထားသည့် ခြံထွက်နွားနို့နှင့် သကြားကိုသာ အသုံးပြုကြောင်း၊ ဒိန်ချဉ်နွားနို့တစ်ပိဿာကို မီးသွေးမီးဖိုတွင် ကျို၍ (ကြက်သီးနွေးခန့်) အပူကျန်သည်အထိ အအေးခံပြီး ဒိန်ချဉ်ဖြစ်စေမည့် အကျိုးပြု ဘက်တီးရီးယားများ (ပိုးရှင်) ပါဝင်သည့် နယူးဇီးလန်နိုင်ငံထုတ် Culture အမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်းထည့်မွှေပြီး (၁၅)နာရီ အကြာတွင် ဒိန်ချဉ်အလျဉ်ဖြစ်သွားကာ ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားရကြောင်း၊ ထပ်မံ၍ နွားနို့ (၂၀)ဂါလန်ကို ကျိုပြီး သကြားဖြင့်ရော၍ အအေးခံထားပြီး ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားသည့် ဒိန်ချဉ်အလျဉ် ထမင်းစားဇွန်း(၂)ဇွန်းခန့်နှင့် ရောမွှေလိုက်ပါက ဒိန်ချဉ်အဖြစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ တစ်ရက်လျှင် ဒိန်ချဉ် ဂါလန်(၂၀)ပုံး (၅)ပုံးထွက်ရှိပြီး (၀.၃၅)လီတာဘူး (၃၀၀)ရရှိကြောင်း၊ နေ့စား လုပ်သား ၅ ဦးခန့်ရှိပြီး တစ်ရက် တစ်ဦးလျှင် ကျပ်(၁၀၀၀၀) ပေးရကြောင်း၊ တစ်ရက်လျှင် နို့စားနွားမတစ်ကောင်ကို (၂)ကြိမ် နို့ညှစ်ရပြီး တစ်ကောင်နို့ညှစ်ခအနေဖြင့် ကျပ် (၁၀၀၀)ပေးရကြောင်း မကွေး၊ မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ မင်းလှမြို့နယ်များသို့ အများဆုံး ဖြန့်ချီကြောင်း၊ ဈေးနှုန်းများမှာ ဒိန်ချဉ် (၁)လီတာဘူး တစ်ဘူးလျှင် ကျပ်(၄၅၀၀) ၊ (၀.၆) လီတာဘူး တစ်ဘူးလျှင် ကျပ်(၂၅၀၀) ၊ (၀.၃၅) လီတာဘူး တစ်ဘူးလျှင် ကျပ်(၁၆၀၀)တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး ကျန်းမာရေး နှင့်ညီညွတ်သည့် ဒိန်ချဉ်ရရှိစေရေးအတွက် သန့်ရှင်းမှုနှင့် လတ်ဆတ်မှုသည် အဓိကကျပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့်  MSME ပြခန်း/ ပြပွဲ များတွင်လည်း ဝင်ရောက်ပြသခြင်း၊ ရောင်းချခြင်းများလည်း ရှိပါကြောင်း၊ ဆက်လက်၍လည်း နွားနို့ကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန် အမယ်သစ်များကို တီထွင်ဆန်းသစ်မှုများဖြင့် တိုးချဲ့ထုတ်လုပ် သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရပါသည်။

     ထိုကဲ့သို့ အရည်အသွေးကောင်းမွန်သော တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ကာ အလုပ်လက်မဲ့ဦးရေလျှော့ချရေးကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။  ထို့အပြင် မိမိတို့၏ထုတ်ကုန်များသည် ဒေသတွင်းဈေးကွက်၌သာမက ပြည်ပဈေးကွက်ဝင်သည့် ထုတ်ကုန်ပစ္စည်းများအဖြစ် ကူးပြောင်းထုတ်လုပ်လာနိုင်စေရေး စဉ်ဆက်မပြတ်ကြိုးစား ဆောင်ရွက်သင့်ပါကြောင်း အကြုံတိုက်တွန်း ရေးသားလိုက်ပါသည်။

DOCA(မကွေး)