ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေပြီး ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတော်မှလည်း ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ဦးတည်ချက်ထား၍ ဆောင်ရွက် လျက်ရှိပါသည်။
ပြည်တွင်းရှိဆီစက်များအားလုံး စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်းဖြစ်သော ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ မူဝါဒများ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်များ အရည် အသွေး ကောင်းမွန်သော ဆီများထုတ်လုပ်နိုင်ရန် အဆင့်မီဆီစက်များ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီ ဆီ စက်သစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဆီစက်လုပ်ငန်းရှင်များအား အတိုးနှုန်းသက်သာစွာ ဖြင့် ချေးငွေများထုတ်ချေးပေးခြင်းလည်း ဆောင်ရွက်လျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးတွင် မြေပဲ၊ နှမ်းနှင့်ဆီထွက်သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံစိုက်ဧကနှင့် အထွက်နှုန်းပိုမိုတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံအထွက်နှုန်းပိုမိုရရှိရေးနှင့် စားသုံးဆီဖူလုံစေရေးတို့အတွက် တစ်နှစ်ထက် တစ်နှစ် ရာသီအလိုက် တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးသူတောင်သူများအနေဖြင့် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆီထုတ်လုပ်မှု တိုးတက်လာ မည်ဖြစ်ပါသည်။ ဆီထွက်သီးနှံများကို နှစ်စဉ်လျာထားချက်ပြည့်မီအောင် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၂-၂၀၂၄ ဘဏ္ဍာနှစ်တွင် (၂၁၉၅၅၆၉) ဧက၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် (၂၃၃၈၈၇၈) ဧက၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၂၃၄၇၈၈၀) ဧက စိုက်ပျိုးလျက်ရှိသည်။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနတွင် စက်မှုမှတ်ပုံတင်ထားပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည့် ဆီစက်စာရင်းများအနေဖြင့် အကြီးစား (၅၃)စက်၊ အလတ်စား(၂၃၈)စက်နှင့် အငယ်စား (၂၈၀)စက် စုစုပေါင်း ဆီစက်(၅၇၁)စက်တို့ ရှိပြီဖြစ်ကြောင်းလည်း သိရပါသည်။
မကွေးတိုင်းဒေသကြီးအနေဖြင့်လည်း ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် အရည်အသွေး ကောင်းစားသုံးဆီများထုတ်လုပ်ရန် ရည်ရွယ်၍ ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီ ဆီစက်များအသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကိုလည်း အဖွဲ့ခေါင်းဆောင်အဖြစ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက တာဝန်ယူ၍ အတွင်းရေးမှူး အဖြစ် မိမိတို့စားသုံးသူရေးရာဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီး ဆီစက်ချေးငွေ အဆိုပြုလွှာ တင်ပြလာသော ဆီစက်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးနိုင်ရန်အတွက် ချေးငွေအဆိုပြုလွှာ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အသစ်တည်ဆောက်မည့် ဆီစက်နှင့်အဆင့်မြှင့်တည်ဆောက်မည့် ဆီစက်များ၏ ဆီစက်တည်ဆောက်မည့်မြေနေရာ၏ မြေအမျိုးအစားအခြေအနေ၊ ပတ်ဝန်းကျင်အနေအထားနှင့် စက်မှုဇုန်အတွင်းတည်ရှိမှု ရှိ/မရှိ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိ/မရှိ၊ အဆောက်အဦ ပုံစံဒီဇိုင်း၊ တပ်ဆင်အသုံးပြုမည့်စက်ပစ္စည်းများ၊ လိုအပ်သည့်သွင်းအားစု၊ ကုန်ကြမ်း၊ ဈေးကွက် ရရှိနိုင်မှုအခြေအနေ၊ မြေပြင်အခြေအနေနှင့် ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ ချေးငွေ ပမာဏနှင့် ဆီလျော်မှုရှိ/မရှိ၊ လက်ရှိကုန်ထုတ်လုပ်မှုစွမ်းအားပမာဏ၊ တိုးချဲ့ထုတ်လုပ်နိုင်မည့်အစီအမံ၊ ဈေးကွက်ပိုမိုချဲ့ထွင်နိုင်မည့် အခြေအနေ၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ လက်ရှိတွင် နိုင်ငံတော်မှ ချေးငွေရယူထားခြင်း ရှိ/မရှိနှင့် ရောင်းချရမှုဝင်ငွေအခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး (Monitoring and Evaluating)အဖွဲ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဆီစက်လုပ်ငန်း များ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ်တင်ပြရေးအဖွဲ့တွင် ညွှန်ကြားရေးမှူးတစ်ဦး ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ ဖွံ့ဖြိုးရေးချေးငွေ ရယူထားသည့် ဆီစက်များအား ချေးငွေရယူမှု ထိရောက်စွာအသုံးချမှုနှင့် သတ်မှတ်ချိန်တွင် ချေးငွေပြန်လည်ပေးဆပ်မှုနှင့် စပ်လျဉ်း၍ ရေးဆွဲချမှတ်ထားသော လုပ်ငန်းစဉ်၊ သတ်မှတ်ချက် များနှင့်ကိုက်ညီမှုရှိစွာ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ၊ လုပ်ငန်းများအမှန်တကယ်လည်ပတ် ဆောင်ရွက်ခြင်း ရှိ/မရှိအား တိုင်းဒေသကြီးဆီစက်ချေးငွေလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ လုပ်ငန်းလည်ပတ်မှုအခြေအနေနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိရန် အလတ်စားစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် မကွေးမြို့၊ ရန်ပယ် (၁၉)လမ်းရှိ အောင်သပြေဆီစက်လုပ်ငန်းသို့ သွားရောက် ကွင်းဆင်းလေ့လာရာ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အများဆုံး အသုံးပြုပြီး အရည်အသွေးပိုင်းကို အဓိကထားထုတ်လုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီးပေးလျက် ရှိကြောင်း သိရသည်။ ဆီစက်လုပ်ငန်းကို ၂၀၁၂ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ရာ (၁၂)နှစ် ရှိပြီဖြစ်ကြောင်း၊ လုပ်သားအင်းအား(၈)ဦးခန့်ရှိပြီး ဆီစက်အတွက်လိုအပ်သော ကုန်ကြမ်းများကို မကွေး၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်မြို့တို့ရှိ ပွဲရုံများမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်ချောရောင်းအားပေါ်မူတည်ပြီး (၁)နှစ်လျှင် ကုန်ကြမ်းပိဿာချိန် (၄)သိန်းခန့်ဝယ်ယူရကြောင်း၊ (၁)ကြိမ်ဝယ်ယူလျှင် (၄)လ၊ (၅)လ အထိကြိတ်ခွဲနိုင်ရန် ဝယ်ယူသိုလှောင်ထားပြီး သိုလှောင်ရုံအတွင်း သန့်ရှင်းသပ်ရပ်စွာ ထားသိုကြောင်း၊ ဝယ်ယူရရှိလာသော မြေပဲများကို အစိုဓါတ်နည်းစေရန် စနစ်တကျနေလှမ်း၊ ဇကာချသန့်စင်ပြီး ကြိတ်ခွဲကြောင်း၊ တစ်ရက်လျှင် ဆီစက်(၁)လုံးကြိတ်ရန်အတွက် ကုန်ကြမ်း (မြေပဲဆံ၊ နှမ်း၊ နေကြာ) တစ်မျိုးကြိတ်လျှင် ပိဿာ(၆၀၀)လိုအပ်ပြီး (၁)ခါကြိတ်လျှင် ပိဿာ(၄၀)ခန့်ထည့်ရပြီး မိနစ်(၄၀)ခန့် ကြာမြင့်ကြောင်း၊ ကုန်ချောအနေဖြင့် မြေပဲဆီဆိုလျှင် (၂၅၂)ပိဿာ၊ နှမ်းဆီဆိုလျှင်(၃၀၀)ပိဿာ၊ နေကြာဆီဆိုလျှင် (၁၉၂)ပိဿာထွက်ရှိပြီး ဆီစစ်ခုံ(၂)လုံးဖြင့် အရည်အသွေး ပြည့်မီပြီး ရောင်းတန်းဝင် သည့်အထိ အဆင့်ဆင့် စစ်ယူကြောင်း၊ ၎င်းဆီများကို ဆီကန် များထဲသို့ ထည့်ပြီးနောက် (၅၀)ကျပ်သား၊(၁)ပိဿာ၊ (၃)ပိဿာ၊ (၅)ပိဿာ၊ (၁၀)ပိဿာ ပုံးများဖြင့် ထုပ်ပိုး၍ မြေပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ နှမ်းဆီ(၁) ပိဿာလျှင် ကျပ် (၁၆၅၀၀)၊ နေကြာဆီ (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀) ဈေးနှုန်းဖြင့် တစ်ရက်လျှင် ပျမ်းမျှပိဿာ (၂၀၀ မှ ၅၀၀)အတွင်း ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ဝယ်ယူ စားသုံးသူများကို အိမ်အရောက်ဝန်ဆောင်မှုပေးသည့်အပြင် ရန်ကုန်၊ ကျိုက်လတ်၊ ပုသိမ်၊ ဟင်္သာတ၊ နေပြည်တော်မြို့များသို့ အဓိကတင်ပို့ ရောင်းချရကြောင်း၊ လုပ်ငန်းအတွေ့အကြုံအနေဖြင့် ပဲ၊ နှမ်း ကုန်သည်အဖြစ် လုပ်ကိုင်ရာမှ ဆီစက်လုပ်ငန်းသို့ ကူးပြောင်း လုပ်ကိုင်ချိန်တွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး လုပ်ငန်းစတင် လည်ပတ်ပြီး(၄)နှစ် အကြာမှ လုပ်ငန်းမှာ(၈၅%)အထိ တည်ငြိမ်မှုရှိလာပါကြောင်း၊ ဆီကြိတ်ရာတွင် ကုန်ကြမ်းသည် အလွန်အရေးကြီး ပြီး ကုန်ကြမ်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန် ကျွမ်းကျင်မှုသည် မရှိမဖြစ် အရေးပါသောကြောင့် ကုန်ကြမ်းမကောင်းပါက ဆီ၏ အရည်အသွေးကို ထိခိုက်စေနိုင်ပါကြောင်း၊ မိမိ၏ဝယ်ယူနေကြ စားသုံးသူမိတ်ဆွေများကို ထိန်းထားနိုင်ရန်အတွက် အရည်အသွေးပိုင်းကို အဓိကထားရောင်းချပြီး သင့်တင်မျှတသည့်ဈေးနှုန်းဖြင့် စေတနာပါပါဆက်ဆံရောင်းချကြောင်း၊ ကိုယ့်လုပ်ငန်းကို တန်းဖိုးထားပြီး ကျွမ်းကျင်မှုရှိမည်ဆိုလျှင် အများကြီး တိုးတက်လာနိုင်ကြောင်း လုပ်ငန်းရှင်မှ ပြောကြားခဲ့ပါသည်။
ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်လုပ်သည့် Supply Chain တစ်လျှောက်တွင်ရှိသော လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ချေးငွေ၊ မျိုးစေ့၊ ရေနှင့်ဓါတ်မြေဩဇာ၊ သွင်းအားစုများ အချိန်မီရရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုမှသာ ဆီစက်များ စွမ်းအားပြည့်လည်ပတ်ကြိတ်ခွဲနိုင်ပြီး ဆီစက်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပါသည်။ ဆီကြိတ်ခွဲထုတ်လုပ်မှုမှ စားသုံးဆီများအပြင် ဆီကြိတ်ဖတ်များရရှိပြီး တိရိစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးပြုကြ၍ မွေးမြူရေးလုပ်ငန်းများအတွက်လည်း တိရိစ္ဆာန်အစာ ဖူလုံမှုရှိစေပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးခြင်းမှသည် ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ကာ မွေးမြူရေးလုပ်ငန်းများအထိပါ အကျိုးကျေးဇူးများစွာ ခံစားစေမည်ဖြစ်ပါသည်။
ဆီစက်လုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ ကုန်ကြမ်းပင် ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအား အရည်အသွေးကောင်းပြီး အထွက်နှုန်း ကောင်းမွန်စေရေး စိုက်ပျိုးရေးနည်းစနစ်များမျှဝေခြင်း၊ လိုအပ်သည့် အရင်းအနှီးများ ထုတ်ချေးပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံကုန်ကြမ်းများကိုလည်း တောင်သူများအတွက် ထိုက်သင့်သည့် အကျိုးအမြတ်များ ခံစားနိုင်စေရန်အတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဝယ်ယူပြီး ကောင်းမွန်သည့် ဈေးကွက်တစ်ခုအဖြစ် ဖော်ဆောင်ပေးခြင်းများလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုမှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှသည် ထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအထိ ပါဝင်သူအားလုံး အကျိုးဖြစ်ထွန်းစေမည်မှာအမှန်ဖြစ်ပါသည်။ထိုမှတဆင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးလာပြီး ပြည်တွင်းစားသုံးဆီဖူလုံရုံသာမက ပြည်ပနိုင်ငံများအထိ တင်ပို့နိုင်မည်ဖြစ်ပြီး ပြည်ပဝင်ငွေများ စီးဆင်းကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပါသည်။
ဆီစက်လုပ်ငန်းရှင်များဘက်မှလည်း ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်စင်သည့် စားသုံးဆီများရရှိရေး၊ ဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် အရည်အသွေးပြည့်မီသည့်ဆီများ ထုတ်လုပ်လာ စေရေး၊ ဈေးကွက်တွင် ရေရှည်တည်တံ့စေရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်မှသာလျှင် နိုင်ငံစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိုဆီစက်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန်မသွားစေပဲ ရေရှည်တည့်တံ့ပြီး ထုတ်လုပ်မှုဖြစ်စဉ်တွင် ပါဝင်နေသူအားလုံး အကျိုးကျေးဇူးများရနိုင်မည်ဖြစ်သည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် သီးနှံအထွက်နှုန်း၊ စိုက်ဧကနှင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးအားပေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံ များကို ကုန်ကြမ်းအတိုင်း ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းထက် (Value Added) တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ တင်ပို့ ရောင်းချခြင်းသည် ပြည်ပဝင်ငွေပိုမိုရရှိမည်ဖြစ်ပါသည်။
တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ဆီထွက်သီးနှံကုန်ကြမ်းများကို အပြည့်အဝအသုံးချပြီး ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ဒေသတွင်း ဆီလိုအပ်ချက်ကို လုံလောက်ရုံသာမက အခြားဒေသ များသို့ ရောင်းချပေးခြင်း၊ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံသို့ တင်ပို့နိုင်စေရေး ဈေးကွက်ဖော်ဆောင်မှုများ ကြိုးစားဆောင်ရွက်ခြင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုမှသည် ဆီကြိတ်စက်နှင့် ဈေးကွက်ဆီသို့တိုင်အောင် တန်ဖိုးမြှင့်ကွင်းဆက်တလျှောက် ပါဝင်သူအားလုံးနှင့် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုမှသာ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရုံသာမက ငွေကြေးလည်ပတ်စီးဆင်းကာ လူမှုစီးပွားဘဝများ အဆင်ပြေလာမည်ဖြစ်သလို နိုင်ငံ့စီးပွားမြှင့်တင်ရေးကိုလည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)