စပါးပေါ်ချိန် တောင်သူပျော်ချိန်

Powered by Drupal
Tue, 10/08/2024 - 12:18 -- consumer_admin

          ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်၍ မိုးစပါးများ စတင်ရိတ်သိမ်းစပြုတော့မည့် ကာလတစ်ခုဖြစ်ပါသည်။

စပါး

        စပါးကိုကြိတ်ခွဲခြင်းဖြင့် ဆန်ရရှိပါသည်။ ဆန်သည် မြန်မာလူမျိုးတို့ အဓိကစားသုံးသော အစားအစာတစ်ခုဖြစ်သကဲ့သို့ တချို့မြန်မာမုန့်များပြုလုပ်ရာတွင်လည်းအသုံးပြုကြပါသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး မြန်မာနိုင်ငံဟုဆိုလိုက်လျှင်လည်း ဆန်စပါးပေါကြွယ်ဝသောနိုင်ငံအဖြစ် ကမ္ဘာနိုင်ငံများထဲတွင် သက်ဝင်ထင်ရှားပါသည်။

စိုက်ပျိုးပုံ

         စပါးသည် ရာသီနှစ်ရာသီအပြင် တချို့သောနေရာဒေသများတွင် ခုလပ်စပါးအဖြစ်လည်းစိုက်ပျိုးကြပါသည်။ နွေစပါးနှင့် မိုးစပါးဟူဖြစ်ပြီး စိုက်ပျိုးရပုံလည်းတူပါသည်။ မြက်ခုတ်၊ ပေါင်းသင်၊ ထယ်ထိုး၍ စပါးအစေ့ချစနစ်ဖြင့်စိုက်ပျိုးနိုင်သကဲ့သို ပျိုးပင်ကလေးများကိုနုတ်ကာ ကောက်စိုက်သမများဖြင့် အပင်မြေစိုက်နည်းဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ မိုးစပါးသည် မိုးရေကိုမှီ၍ စိုက်ပျိုးနိုင်ပြီး နွေစပါးသည် လယ်ရေသွင်းနည်းဖြင့် ဆည်မြောင်း၊ ချောင်း၊အိုင်များကိုအမှီပြုကာ စိုက်ပျိုးနိုင်ပါသည်။ ခုလပ်(ရေကျနောက်လိုက်) စပါးသည် မိုးအကုန် နွေရာသီအစပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

ရိတ်သိမ်းပုံနှင့်သိမ်းဆည်းပုံ

          စပါးကို ရိတ်သိမ်းပုံအမျိုးမျိုးဖြင့် ရိတ်သိမ်းကြပြီး နေရာဒေသအလျောက် ရိတ်သိမ်းပုံကွဲပြားမှုများလည်းရှိပါသည်။ ယခင်ကာလများတွင် စပါးကိုရင့်မှည့်အောင်ထား၍ စပါးရိတ်သမများနှင့်ရိတ်ကာ တလင်းထဲတွင် နွားများဖြင့် နယ်ပြီးရရှိလာသော အစေ့အဆံများကို လေတဖြူးဖြူးတွင် ဂေါ်ထိုး၍ အပြောင်သန့်စင်ကာ အိတ်ခွံထဲသို့ထည့်၍ ဆန်စက်ပို့ခြင်း၊ စပါးကျီများတွင် သိမ်းဆည်းကြပါသည်။ ယခုကာလများတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ စက်ယန္တရားကြီးများပေါများလာသည့်အတွက် ရိတ်ခြွေစက်များဖြင့် ရိတ်သိမ်းကြပါသည်။ ခြွေစက်မှ ကျလာသောစပါးများကို နေပူပူထဲတွင် ဖြန့်လှန်းခြင်း၊ အခြောက်ခံစက်ဖြင့် အခြောက်ခံကာ ဆန်စက်ပို့၍လည်ကောင်း၊ စပါးကျီထဲတွင်လည်ကောင်း ထားသိုသိမ်းဆည်းကြပါသည်။ ခြွေစက်ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းသည် အလေအလွင့်အနည်းငယ်ရှိသော်လည်း အချိန်ကုန်သက်သာ၍ အလုပ်သမားအင်အားအသုံးပြုရခြင်းနည်း၍ တောင်သူဦးကြီးများအတွက် အသုံးဝင်သော စက်ပစ္စည်းများလည်းဖြစ်ပါသည်။ အောက်တိုဘာလမှစ၍ နိုဝင်ဘာလကုန်အထိ စပါးလှိုင်လှိုင်ပေါများပြီး စပါးစိုက်တောင်သူများ ငွေရွှင်သောကာလတစ်ခုဖြစ်ပါသည်။ ကူးသန်းရောင်းဝယ်ကြသော စပါးပွဲစားများ၊ ရောင်းချသူတောင်သူများဖြင့် လယ်ကွင်းထဲတွင် စည်ကားလျက်ရှိပါသည်။ ပွဲစားဟု ခေါ်ယူသုံးနှုန်းခြင်းသည် လယ်ကွင်းထဲအရောက် တောင်သူများထံမှ လာရောက်ဝယ်ယူပြီး ဆန်စက်ကြီးနှင့် စပါးပွဲရုံများသို့ တင်ပို့ရောင်းချနေသူဖြစ်ပါသည်။ တချို့တောင်သူဦးကြီးများသည် ရိတ်ခြွေစက်မှ ကျလာသောစပါးကို လာရောက်ဝယ်ယူသောပွဲစားထံသို့ တိုက်ရိုက်ရောင်းချသူများလည်းရှိပါသည်။ တချို့သည် နေပူလှန်း၍ အခြောက်ခံကာ ဆန်စက်ကြီးများသို့ပို့ဆောင်ပြီး ဆန်ကြိတ်ခွဲရောင်းချသူများလည်းရှိပါသည်။

          ကျွန်ပ်တို့လိုအပ်သော စားနပ်ရိက္ခာဆန်စပါးကို ရာသီဥတုနှင့်ယှဉ်၍ ပင်ပန်းကြီးစွာစိုက်ပျိုးကြသော တောင်သူဦးကြီးများအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ထုတ်ချေးလျက်ရှိပြီး တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိရေးနှင့် စားသုံးသူများ သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး နိုင်ငံတော်အစိုးရမှ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

         ပဲခူးတိုင်းဒေသကြီး‌၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အနီးတဝိုက်တွင် ထွက်ရှိသောစပါးကို လယ်ကွက်အတွင်း စပါးအစို တင်း(၁၀၀)လျှင် ၁၄၀၀၀၀၀ကျပ်၊  ဆန်စက်အရောက် စပါးအစို တင်း (၁၀၀)လျှင်  ၁၅၀၀၀၀၀ကျပ်ဖြင့်ရောင်းချနေရကြောင်း စပါးစိုက်တောင်သူဦးကြီးတစ်ဦးထံမှသိရှိရပါသည်။ စပါးဈေးသည် အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ ရှိနေကြောင်းကိုလည်း စပါးဝယ်ယူသူထံမှသိရှိရပါသည်။

DOCA(ပဲခူး)