ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း မြေပို၊ မြေကွက်လပ်များတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ်ဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းခြံအကျယ်စိုက်သူများအနေဖြင့် အမြင့်(၄)လက်မ အကျယ်(၂)ပေရှိသောဘောင်ရှည်များပြုလုပ်ကြပြီး ဘောင်တစ်ဘောင်နှင့် တစ်ဘောင်ကြား (၃)ပေခြားစိုက်ပျိုးကြပါသည်။ ကွမ်းခြံအကျဉ်းစိုက်ပျိုးသောသူများသည် အမြင့် (၄)လက်မ အကျယ်(၃)ပေနှင့် တစ်ဘောင်နှင့် တစ်ဘောင်ကြား (၁)ပေခွဲခန့်သာခြား၍ စိုက်ပျိုးကြောင်း သိရှိရပါသည်။ ကွမ်းမျိုးများကို ကြံခင်းမြို့နယ် အကောက်တောင်ဒေသ၊ပုသိမ်ခရိုင် သာပေါင်းမြို့နယ်များမှထွက်ရှိသောကွမ်းအညွှန့်များကို ဝယ်ယူစိုက်ပျိုးကြပြီး၊ ကွမ်းစိုက်တောင်သူ အချင်းချင်းချိတ်ဆက်၍ မျိုးကောင်းမျိုးသန့်များ ရှာဝယ်စိုက်ပျိုးကြပါသည်။ ဓါတ်မြေဩဇာအဖြစ် နွားချေး၊ ယူရီးယား၊ တီစူပါမြေဩဇာများ အသုံးပြုကြပြီး၊ ယခုနောက်ပိုင်းတွင် သုံးမျိုးစပ် ကွန်ပေါင်းမြေဩဇာများ၊ ထုံးမှုန့်နှင့် စက်ဖွဲပြာများလည်း ထည့်လေ့ရှိကြပါသည်။
(၆.၁၀.၂၀၂၄)နေ့တွင် ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်မှ ကွမ်းစိုက်တောင်သူ ဦးထွန်းထွန်း၏ (၀.၂၅)ဧကစိုက်ပျိုးထားသော ကွမ်းခြံသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ် ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာမှ တွေ့ဆုံ၍ ကွမ်းရွက်စိုက်ပျိုးထွက်ရှိမှု ၊ အကျိုးအမြတ် တွက်ခြေကိုက်မှုတို့ကို ကွင်းဆင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ကွမ်းစိုက်တောင်သူ ဦးထွန်းထွန်းမှ ကွမ်းမျိုး (ကွမ်းအညွန့်) များကို ယခု ၂၀၂၄ ခုနှစ်တွင် တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၂၅၀ ကျပ် မှ ၃၀၀ ကျပ် ဖြင့် ဝယ်ယူကာ တစ်ဧက၏ ဆယ်ပုံနှစ်ပုံခန့်(၀.၀၂ဧက)အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၁၀၀၀ မှ ၁၅၀၀ ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် ကွမ်းစိုက်ရန်ပြင်ထားသော ဘောင်ပေါ်တွင် ကန့်လန့်ဖြတ် တစ်ပေကြား မြောင်းများဆွဲပြီး မြောင်းများထိပ်တွင် တစ်ပေကြား တိုင်များစိုက်ရ၍ ကွမ်းခြံစင်ကို (၇ ပေ)ခန့် ပြုလုပ်ရပါသည်။ ထို့နောက် ကွမ်းညွှန့်များကို တိုင်နှစ်တိုင်ကြားမြောင်းအတွင်း ယှဉ်ချ၍ နှစ်ဆစ်မြုပ်ကာ မြေဖုံးရပါသည်။ ကွမ်းညွှန့်များကို အနေတော်ကွေး၍ တိုင်တွင်ထောင်ကာ လျှော်ကြိုးဖြင့် ချည်၍ ပင်ကြားတန်းကြား တစ်ပေကွာ ခွာ၍ စိုက်ပျိုးကြောင်း သိရှိရပါသည်။ ကွမ်းကို စိုက်ပျိုးပြီး သုံးလအကြာတွင် စတင်ခူးဆွတ်ရပြီး မြေအနေအထားနှင့် ကွမ်းညွန့် မျိုးကောင်းမျိုးသန့်အပေါ် မူတည် ၍ အနည်ဆုံး နှစ်နှစ်မှ ငါးနှစ်ခန့်အထိ ခူးဆွတ်ရနိုင်သော်လည်း၊ မိမိတို့ဒေသတွင် တစ်နှစ်လျှင် ခြံသက်တမ်း တစ်နှစ်သာထားပြီး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧက၏ ဆယ်ပုံ နှစ်ပုံခန့်(၀.၀၂ဧက)လျှင် မျိုး၊ သွင်းအားစု၊ တိုင်၊ အမိုး၊ အကာ၊ အလုပ်သမားအပါအဝင် ငွေ ကျပ် ၁၅ သိန်းခန့်ကုန်ကျကြောင်း၊အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၅ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ၁၀ ပိဿာခန့် ထွက်ရှိရာ တစ်လလျှင် ပိဿာချိန် ၂၀ ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ တတိယပတ်လောက်တွင် ဇလွန်မြို့ပေါ်ရှိ ကွမ်းဒိုင်များမှ လက်ကားဈေး တစ်ပိဿာလျှင် ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်ဖြင့် ဝယ်ယူပြီး၊ ၎င်းတို့မှ ပဲခူး၊ တောင်ငူ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ကွမ်းဈေးနှုန်း အနည်းငယ် ကျဆင်းလာသော်လည်း ကွမ်းအထွက်နှုန်းတိုးသဖြင့် အဆင်ပြေကြောင်း လေ့လာတင်ပြအပ်ပါသည်။
DOCA(ဧရာဝတီ)