ကတွက်သီးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်

Powered by Drupal
Tue, 10/15/2024 - 13:17 -- consumer_admin

       မြန်မာနိုင်ငံတွင် ကတွက်သီးပင်များမှာ နေရာအနှံ့အပြားတွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပေါက်ရောက်မှုများပါသည်။ ကတွက်ပင်မှသီးသော ကတွက်သီးကို လူအများက စားသုံးရန်သိသော သူရှိသကဲ့သို့ မသိသောသူများလည်းရှိပါသည်။ ပြည်ခရိုင်အနေဖြင့် ကတွက်ပင်အများဆုံးပေါက်ရောက်သောမြို့မှာ ပြည်မြို့ဖြစ်ပြီး ထွက်ရှိသောကျေးရွာများမှာ ပျဉ်ပင်ကိုင်း၊ အေးမြသာယာနှင့် ရွာသစ်ကျေးရွာတို့တွင် အလေ့ကျပေါက်ရောက်ကြပါသည်။ ကတွက်ပင်မှာ နှစ်ရှည်ပင်ဖြစ်ပြီး အမြဲစိမ်းလန်းသောအပင်တစ်မျိုးဖြစ်ပါသည်။ ကတွက်ပင်မှာ အသီးကို ပင်စည်တွင် ပြွတ်ခဲနေအောင်သီးပါသည်။ ကတွက်သီးသည် နှစ်ပတ်လည်သီးသောအသီးမျိုးဖြစ်ပြီး ဝါဆို၊ ဝါခေါင်နှင့် တော်သလင်းလတို့သည် အသီးအများဆုံးသီးသောကာလများဖြစ်၍ ကျန်လများတွင် အနည်းငယ်သာသီးပြီး အသီးမှာ အနည်းငယ်သေး၍ အရည်အသွေးမကောင်းပါ။ ကတွက်သီးအမှည့်ကို သူ့ချည်းအတိုင်းစားသုံးကြသည့်အပြင် ထန်းလျက်၊ သကြားတို့ဖြင့် ယိုထိုး၍လည်းစားသုံးကြပါသည်။

        ပြည်ခရိုင်အနေဖြင့် ကတွက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရောင်းချသောမြို့မှာ ပြည်မြို့ဖြစ်ပါသည်။ ပြည်မြို့တွင် ကတွက်ယိုလုပ်ငန်းကို ထုတ်လုပ်ရောင်းချသူအများအပြားရှိပြီး ပြည်လက်ဆောင် ကတွက်ယိုအဖြစ် လူသိထင်ရှားရှိပါသည်။ ထိုကတွက်ယိုကို ထပ်မံ၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကတွက်သီးဂျယ်လီနှင့် ကတွက်သီးဖျော်ရည်များ ထပ်မံတိုးချဲ့ထုတ်လုပ်ရောင်းချရန် စီစဉ်လျက်ရှိပါသည်။ ထို့သိုအလေ့ကျပေါက်ရောက်သော ကတွက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကတွက်ယို၊ ကတွက်သီးဂျယ်လီ၊ ကတွက်သီးဖျော်ရည်များကို ထုတ်လုပ်ရောင်းချနိုင်မည်ဆိုလျှင် MSMEs ကဏ္ဍလည်းဖွံ့ဖြိုးတိုးတက်လာနိုင်သကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ပါသည်။

     ပြည်မြို့မှထွက်ရှိသော ကတွက်သီးများကို ဒေသတွင်းဈေးကွက်များတွင် ရောင်းချကြပြီး ယိုမျိုးစုံလုပ်ငန်းရှင်များကလည်း ရသလောက်အဝယ်ရှိပါသည်။ ယိုစုံလုပ်ငန်းရှင်များက နှစ်ပတ်လည်ရောင်းချနိုင်ရေးအတွက် ရသလောက်ဝယ်ယူမှုရှိသဖြင့် ဈေးကွက်တွင် အနည်းငယ်သာရောင်းချကြောင်းသိရပါသည်။ ရောင်းချသောကတွက်သီးဈေးမှာ အလုံးအကြီး/ အသေး/ သောင်းပြောင်း (၁၀၀) လျှင် (၁၀၀၀-၁၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ထို့ကြောင့် ကတွက်သီးမှာ အရင်းအနှီးကုန်ကျစရိတ်မရှိဘဲ အလေ့ကျပေါက်သော သီးပင်တစ်မျိုးဖြစ်၍ ပေါက်ရောက်သောအိမ်များ၊ ခြံများရှိပိုင်ရှင်များမှာ နှစ်စဉ် မြေကြီးကငွေသီးပြီး မိသားစုဝင်ငွေများလည်းရရှိနိုင်ပါသည်။ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့်လည်း ကတွက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကတွက်ယိုများပြုလုပ်၍ ရောင်းချခြင်းဖြင့်လည်း စားသုံးသူများက ကြိုက်နှစ်သက်၍ ရောင်းချရပါသည်။ အိမ်တွင်းစီးပွားရေးလုပ်ငန်းအဖြစ် ကတွက်သီးဂျယ်လီ၊ ကတွက်သီးဖျော်ရည်များကို ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး မိသားစုအတွက် အလုပ်အကိုင်များလည်းရရှိသည့်အပြင် အခြားသူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာနိုင်မည်ဖြစ်ပါသည်။

DOCA(ပဲခူး)