ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ အလည်တစ်ခေါက်လာရောက်၍ဖြစ်စေ နွေရာသီကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်၍ဖြစ်စေ ခရီးသွားလာရင်း ကြုံကြိုက်သောအခါ အိမ်ပြန်ခရီးလက်ဆောင်အဖြစ် ပဲခူးမြို့ဒေသထွက်ဖြစ်သည့် ပဲခူးငါးချဉ်ကို ဝယ်ယူကြကြောင်းသိရှိရပါသည်။
ငါးချဉ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြသူများသည် ရှေးမိဘဘိုးဘွား လက်ထက်မှစ၍ ယနေ့ထိတိုင်အောင် လုပ်ကိုင်လျက်ရှိရာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ဒေသထွက် မိရိုးဖလာစဉ်ဆက်မပြတ်လုပ်ကိုင်လာခဲ့ရာ လက်မှုစားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။ ယနေ့အချိန်အခါတွင် ခေတ်မှီနည်းပညာများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ရာ၌ တချို့ထုတ်လုပ်မှုအဆင့်များတွင် စက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာပြီး ရှေးအစဉ်အလာမပြတ် အရည်အသွေးထိန်းသိမ်းလျက်ရှိကာ စားသုံးသူများအတွက် အစားအသောက်များကို ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် စေတနာမေတ္တာများဖြင့် ယုံကြည်စိတ်ချစွာစားသုံးနိုင်ရန် ဓာတုဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာထုတ်လုပ်ထားသည့်အတွက် ဝယ်ယူစားသောက်သူများ စိတ်ချမ်းမြေ့စွာဝယ်ယူစားသောက်နိုင်ရန် ရှေးရှု၍ အစဉ်အဆက်မပြတ်ကြိုးစား၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
ငါးချဉ်လုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်ရာတွင် ကုန်ကြမ်းအဆင်နှင့်ကုန်ချောအဆင်ဟူ၍သတ်မှတ်ပြီး လုပ်ကိုင်လျက်ရှိရာ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ရောက်အောင် လူအပါအဝင် အထောက်အကူပြုပစ္စည်းများနှင့် စက်ကိရိယာများကိုအသုံးပြုကာ စားသုံးသူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးကိုဦးစားပေးကာ နေ့စဉ်မပြတ်ကြည့်ရှုစစ်ဆေး၍ ထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်။ ငါးချဉ်ပြုလုပ်သည့်ငါးမှာ ငါးဖယ်ဖြစ်ပြီး ငါးဖယ်ရှားသည့် အချိန်ကာလများတွင် ငါးမြစ်ချင်းကို အစားထိုးအသုံးပြုကြပြီး ငါးများကို ငါးဒိုင်များမှဝယ်ယူ၍ ထုတ်လုပ်ကြကြောင်းသိရှိရပါသည်။
ငါးချဉ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် ရှေးဦးစွာ အသုံးပြုမည့်ငါးများကို ကြေးခွံခွာခြင်း၊ ခေါင်းဖြတ်ရင်ခွဲခြင်း၊ အရေခွံချွတ်ခြင်းများပြုလုပ်ပြီး ရေဖြင့်အထပ်ထပ်အခါခါ စင်ကြယ်အောင်ဆေးကြောပြီး အရေခွံချွတ်ထားသောငါးများကို အသားနှင့်အရိုးခွဲခြား၍ ငါးအသားများကို ကြိတ်စက်ထဲတွင်ထည့်ကာ ကြေညက်အောင်ကြိတ်ယူရပါသည်။ ကြိတ်ယူထားသော ငါးအသားများကို ငါးအရည်ပြောင်စင်အောင် အရည်ညစ်စက်ဖြင့်ညစ်ယူကာ ညစ်ယူထားသော ငါးအသားစများကို ဆား၊ ထမင်း စသည်များဖြင့် အချိုးအဆမှန်ကန်တိကျစွာရောစပ်၍ သမအောင် အင်တုံကြီးထဲတွင်ထည့်၍ ရောနယ်ပေးရပါသည်။ ရောနယ်ထားသောငါးအသားများကို သိပ်သည်းကျစ်လျစ်မှုရှိစေရန် အင်တုံ၏ဘေးနံရံတွင် (၁)လုံးချင်းစီပုံရိုက်ခြင်းဖြင့် ကုန်ကြမ်းနောက်ဆုံးအဖြစ်သို့ရောက်ရှိကာ ဆက်လက်၍ ကုန်ချောအဆင့်တွင် ပုံရိုက်ထားသော ငါးချဉ်လုံးများကို အရိုးမပါသောတောင်စွန်ဖတ်ဖြင့်ပတ်၍ ထုပ်ပိုးမှုပြုလုပ်ပါသည်။ တောင်စွန်ဖက်ကိုအသုံးပြုရခြင်းမှာလည်း ငါးချဉ်အသားတာရှည်ခံနိုင်စေရန် အထောက်အကူပြုကြောင်းသိရှိရသောကြောင့် အသုံးပြုခြင်းဖြစ်ပါသည်။ တောင်စွန်ဖက်ဖြင့် ထုပ်ပိုးမှုပြုလုပ်ထားသောငါးချဉ်များကို ထပ်မံ၍ အရည်ကျမှုကိုကာကွယ်ရန် ပလတ်စတစ်အိတ်ပါးဖြင့်ထည့်ကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စနစ်တကျထုပ်ပိုးမှုများပြုလုပ်ကာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ၍ စားသုံးသူများ အလွယ်တကူစားသုံးနိုင်ရန် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။
ငါးချဉ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသောသူများမှာလည်း မိမိဒေသထုတ်ကုန်ဖြစ်သည့်ငါးချဉ်များကို စားသုံးသူများအား အလွယ်တကူဝယ်ယူစားသောက်နိုင်ရန်အတွက် ဝန်ဆောင်မှုများအသီးသီးပေးလျက်ရှိရာ ပဲခူးမြို့သို့ အလည်တစ်ခေါက်လာရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင် ငါးချဉ်ရှိကြောင်းအသိပေးလိုက်ရပါသည်။
DOCA(ပဲခူး)