ခဝဲသီးစားသုံးခြင်း၏ အကျိုးကျေးဇူးများ

Powered by Drupal
Tue, 10/15/2024 - 16:24 -- consumer_admin

          ခဝဲပင်သည် ဘူး၊ ဖရုံ စသောအပင်မျိုး၌ပါဝင်၍ နှစ်စဉ်စိုက်ပျိုး၍ရသော အပင်မျိုးဖြစ်ပါသည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ပေါက်တတ်သော အပင်အမျိုးဖြစ်ပါသည်။ ခဝဲသီး၏အရှည်သည် အလျား ၇လက်မမှ ၁၅လက်မအထိ ရှည်သည်။ ခဝဲပင်၏အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဘက်သို့သေးသိမ်သွားသည်။ လတ်ဆက်နေချိန်၌ ခဝဲသီးသည် အစိမ်းရင့်ရောင်ရှိ၍ သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိသည်။ အရည်ရွှမ်း၍ပွ၏။ အစေ့မှာ သခွားစေ့ကဲ့သို့ ရှိ၏။ အပွင့်မှာ အဝါရောင်ရှိသည်။ ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ပေ၄၀၀၀ထက်နိမ့်သော အရပ်ဒေသတို့၌ စိုက်ပျိုးနိုင်ပါသည်။ ခဝဲသီးတွင်ပါရှိသော စောင်းများကိုခြစ်ထုတ်ပြီး ကြော်ချက်၍သော်လည်းကောင်း၊ ဟင်းချိုချက်၍သော်လည်းကောင်း ချက်ပြုတ်၍စားသောက်နိုင်ကြသည်။ မြေပြင်ညီညာသောဒေသများ၌ ခဝဲပင်ကို အများအားဖြင့် ဧပြီလအလယ်မှစ၍ ဇူလိုင်လအလယ်အထိစိုက်ပျိုးကြသည်။ မျိုးစေ့ ၂ပေါင်/ ၃ပေါင်ခန့်မှာ တစ်ဧကကျယ်ဝန်းသော မြေကွက်ပေါ်၌ စိုက်ပျိုးရန်အတွက် လုံလောက်သည်။ ခဝဲပင်ကိုစိုက်ပျိုးပုံမှာ မြေအကွာအဝေး ၆လက်မစီခြားသောတွင်းများကို စီတန်းကာတူးရသည်။ ထို့နောက် မျိုးစေ့များကို တွင်းထဲသို့ထည့်၍ တွင်းများကို မြေကြီးဖြင့် ပြန်ဖို့ရသည်။ မိုးအနည်းငယ်ရွာသွန်းသော ဒေသများတွင် ခဝဲပင်များကို စင်မထိုးဘဲ စိုက်ပျိုးကြသည်။ သို့သော် မိုးများသောဒေသများတွင်မူ စင်ထိုး၍စိုက်ပျိုးကြသည်။ အကြောင်းမှာ စိုစွတ်သောမြေပေါ်တွင် ကြာမြင့်စွာ ခဝဲသီးကျနေပါက ပုပ်လွယ်သောကြောင့်ဖြစ်ပါသည်။ ခဝဲပင်ကို မြေဩဇာကောင်းသော မြေပေါ်တွင်သာစိုက်ပျိုးကြသည်။ မြေဩဇာညံ့ဖျင်းသောဒေသများ၌ ပြာနှင့်နွားချေးအဆွေးများကို မြေဩဇာအဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာရွာသွန်းလာသည့်အချိန်ထိ ရေမှန်မှန်လောင်းပေးရသည်။ အချိန်မှန်မှန်ပေါင်းသင်ပေးမှသာ အပင်များသန်စွမ်းလာမည်ဖြစ်သည်။ အယဉ်များနှင့် အရိုင်းမျိုးဟူ၍ အမျိုးအစား (၂)မျိုးရှိရာ အရိုင်းမျိုးသည် ခါးသောအရသာရှိသည်။

        ခဝဲသီးတွင် အဆီပါတင်မှုနည်းပါးပြီး ကယ်လိုရီပါဝင်မှုလည်းနည်းသည်။ ခဝဲသီးကိုစားသုံးပေးခြင်းဖြင့် သွေးသန့်စင်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေခြင်း၊ အသားဝါရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေခြင်း၊ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနိုင်ချေလျေ့ာနည်းစေခြင်း၊ ရောင်ရမ်းမှုကိုလျော့နည်းစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ အစာအိမ်ကိုကူညီနိုင်ခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများကိုရရှိစေနိုင်ပါသည်။ ခဝဲသီးချိုချိုကို ဟင်းရည်ချက်၍သော်လည်းကောင်း၊ ဆီပြန်ချက်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းလျာတစ်ခွက်ကိုရရှိစေပါသည်။

DOCA(ပဲခူး)