သံပုရာသီးစိုက်ပျိုးခြင်းနှင့် သံပုရာသီး၏ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Tue, 10/22/2024 - 13:49 -- consumer_admin

သံပုရာပင်သည် နှစ်ရှည်သီးပင်ဖြစ်၍ စိုက်ပျိုးသူ၏ရည်ရွယ်ချက်မှာ စိုက်ခင်းတွင်ရာခိုင်နှုန်း များများသီးရန်၊ တစ်ပင်ချင်းအလိုက် အသီးများများတင်ရန်၊ တင်သောအသီးများ အရောင်၊အဆင်း၊ အနံ့အရသာ၊ အရွယ်အစားကောင်းမွန်စေရန် အဓိကဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သံပုရာအမျိုး အစားပေါင်းများစွာရှိရာ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့်မျိုးကို ရွေးချယ်စိုက်ပျိုးရန်ဖြစ် ပါသည်။ သံပုရာမျိုးများမှာ မြန်မာ့သံပုရာ၊ ဟော်လန်သံပုရာ၊ မလေးရှားသံပုရာ၊ အီတလီသံပုရာ၊ အမေရိကန်သံပုရာနှင့် အင်ဒိုနီးရှားသံပုရာဟူ၍ သံပုရာအမျိုးအစား (၆)မျိုးရှိပါသည်။
မြန်မာ့သံပုရာမျိုးများသည် ရေမြေရာသီဥတုပေါ်မူတည်၍ သီးပွင့်ဖြစ်ထွန်းပါသည်။ အထူး သဖြင့်တော၊ တောင်၊ စိမ့်စမ်းရှိသောဒေသကို နှစ်သက်သည်။ ဟော်လန်မျိုးမှာမူ မြန်မာသံပုရာနှင့် နှိုင်းယှဉ်လျှင် မြန်မာပြည်အနှံ့ စိုက်ပျိုးနိုင်သည်။ အီတလီမျိုးမှာ နေရာအနှံ့ စိုက်ပျိုးဖြစ်ထွန်းသော် လည်း အထူးသဖြင့်မိုးများသောဒေသကို ကြိုက်နှစ်သက်သည်။ အမေရိကန်မျိုးမှာလည်း ရာသီဥတု ပေါ်မူတည်၍ဖြစ်ထွန်းမှုဖြစ်ပြီး သီးအားနည်းပါသည်။ မလေးရှားမျိုးမှာ နေရာဒေသမရွေး စိုက်ပျိုးနိုင် သော်လည်း မိုးများသောဒေသကိုနှစ်သက်ပြီး သီးအားလည်းနည်းပါသည်။ အင်ဒိုနီးရှားမျိုးမှာ နောက် ဆုံးရွေးချယ် ရရှိသည့်မျိုးဖြစ်ပြီး အထက်ပါသံပုရာသီးမျိုးများထက် သီးအားကောင်းခြင်း၊ ရေမြေရာ သီဥတုမရွေးစိုက်ပျိုးနိုင်ခြင်း၊ အသီးအထားခံခြင်း၊ အစေ့မရှိခြင်း၊ အရည်ရွှမ်းခြင်းနှင့် မြန်မာပြည် အနှံ့အပြား စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်ကို သိရှိရ၍ အခြားမျိုးများထက် မျိုးကောင်း၊ မျိုးစေ့ ဖြစ် ပါသည်။
သံပုရာပင်ကိုစိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၁၂)ပေပတ်လည် သော်လည်းကောင်း၊ (၁၅)ပေတန်းနှင့် တစ်ပင်နှင့်တစ်ပင်(၁၀)ပေခြားသော်လည်းကောင်း ပန္နရိုက် စိုက်ပျိုးနိုင်သည်။ စိုက်ကျင်းကို(၂¬¬x၂x၂)၂ပေပတ်လည်တူးပြီး၊ နွားချေးဆွေးနှင့် အပေါ်ယံမြေ(၁/၃)ပုံ (မြေမပြည့်သေးပါက ၎င်းကျင်းပတ်လည်မှ အပေါ်ယံမြေကိုလွှာယူပြီး ပြည့်သည်အထိမွှေပါ။ မြေဆွေးများမထည့်မီ စိုက်ကျင်းကို မီးသင်းပေးပါက ပိုးမွှားရောဂါသက်သာပြီး အပင်ပိုမိုဖြစ်ထွန်း စေပါသည်။) အပင်ကိုစိုက်ကျင်းတွင် စိုက်ပျိုးပါကမိုးဒဏ်လေဒဏ်၊ တိရိစ္ဆာန် ဒဏ်မှ ကာကွယ်ရန် တိုင်ငုတ်တစ်ခုစိုက်၍ အပင်မလှုပ်ရန် ချည်နှောင်ထားရန်လိုအပ်ပါသည်။ စိုက်ပျိုးထားသော သံပုရာပင်များကိုလည်း (၂)လခန့်အနည်းဆုံး ပေါင်းရှင်းခြင်းကို ရှောင်ပါ။ စိုက်ပျိုးပင်များ ရွက်နုထွက်လာ သောအခါ ပိုးမွှားရောဂါကျတတ်၍ ကြိုတင်ပြီး တစ်လတစ်ကြိမ်(သို့)နှစ်ကြိမ် ဆေးဖျန်းပေးရပါသည်။ စိုက်ပျိုးပြီး(၆)လခန့် ကြာသောအခါ ဒုတိယအကြိမ်အစာကျွေးခြင်း၊ မြေဆွခြင်းများပြုလုပ် ပေးရပါသည်။ မြန်မာနိုင်ငံအနေဖြင့် သင့်တော်သောစိုက်ပျိုးချိန်မှာ ဇွန်လနှင့် ဇူလိုင်လဖြစ်သော်လည်း ရေပေးနိုင်ပါက တစ်နှစ်ပတ်လည် စိုက်ပျိုးနိုင်ပါသည်။ တစ်ဧကလျှင် အပင်(၃၀၀)စိုက်ပျိုး နိုင်သည့်အတွက် လိုအပ်သောပျိုးပင်များ၊ လိုအပ်သောမြေဩဇာများကို မစိုက်ပျိုးမီကြိုတင်စု ဆောင်းထားရမည်ဖြစ်ပါသည်။ အပင်လျှင်မြန်စွာကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အသီးဖြစ်ပေါ်ချိန်တွင် ရေလုံလောက်စွာ သွင်းပေးပါ။ သို့သော်ရေမဝပ်စေရန် ဂရုစိုက်ရပါမည်။ စိုက်ခင်းရေသွင်းချိန်တွင် ပင်စည်သို့ တိုက်ရိုက်ရေမထိစေရပါ။ အပင်အရွယ်အစားအလိုက် ရေဝပ်ကျင်းကို ပြုလုပ်၍ အသုံးပြုနိုင်ပါသည်။ စိုက်ခင်းအတွင်း ရေသွင်းခြင်းကို မတ်လမှဇွန်လအတွင်း အနည်းဆုံးတစ်ပတ်တစ်ကြိမ်၊ နိုဝင်ဘာလမှဖေဖော်ဝါရီလအတွင်း (၂)ပတ်တစ်ကြိမ် ဆောင်ရွက်ပါ။ ပန်းပွင့်မှုညီညွတ်မှုရှိစေရန် ဒေသအလိုက်အသီးထွက်ချိန်ကိုချိန်ဆပြီး အပင်ညှိုးသည်အထိ ရေဖြတ်ပြီး ရေဝအောင်သွင်းပြီး ဓာတ်မြေဩဇာကျွေးပေးခြင်းဖြင့် တစ်ပြိုင်နက် ပန်းပွင့်အောင်ဆောင်ရွက်ရပါမည်။
အသီးခူးပြီးတိုင်းရေတက်များ၊ အတွင်းဘက်သို့ လှည့်ထွက်လာသောကိုင်းများ၊ ကိုင်းသေ၊ ကိုင်းညှက်များ၊ မြေကြီးနှင့်ထိနေသောကိုင်းများ၊ ရောဂါရကိုင်းများကို ရှင်းလင်းဖြတ်တောက်ဖယ် ရှားပေးရပါမည်။ အပင်၏အစိုဓာတ်နှင့် အမြစ်၏အပူရှိန်ထိန်းသိမ်းရန်၊ ဒီဇင်ဘာလမှစ၍ ပင်ခြေ၏ (၄)ပေပတ်လည်တွင် ကောက်ရိုး(သို့)မြက်ခြောက်များဖြင့် ထူထူဖုံးပေးရမည်။ ရွက်ထွင်းစားပိုး၊ ပင်စည်ဖောက်ပိုး၊ ပျနှင့်မှိုရောဂါများကို မျက်ခြေမပျက် ကာကွယ်နှိမ်နင်းပေးရမည်။ သံပုရာတွင် ဘက်တီရီးယားရောဂါပိုးများ ကျရောက်လေ့ရှိရာ ပိုးသတ်ဆေးများဖြင့် အချိန်မီပတ်ဖြန်းကာကွယ် နှိမ်နင်းပေးရပါမည်။ အရသာချဉ်၍ ခံတွင်းရှင်းစေသော သံပုရာသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေသောကြောင့် ခန္တာကိုယ်ရှိဆဲလ်များကို ကာကွယ်ပေးရုံသာမက နာတာရှည် ရောဂါများ မဖြစ်စေရန်ကိုပါ ကာကွယ်ပေးပါသည်။ သံပုရာသီးတွင် ဗီတာမင်Cကြွယ်ဝသောကြောင့် ကိုယ်ခံအားကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါသည်။ ဗီတာမင်Cသည် သွေးဖြူဥဆဲလ်ထွက်ရှိမှုကို တိုးစေရန်ကူညီပေးပြီး ရောဂါပိုးများဝင်ရောက်ကူးစက်မှုများ မဖြစ်စေရန် အထိရောက်ဆုံး ကာကွယ်ပေးပါသည်။ သံပုရာသီးသည် အသားအရေကျန်းမာလှပစေရန်အတွက် အကောင်းဆုံးအားဖြည့် ပေးပါသည်။ နှလုံးရောဂါသည် ကမ္ဘာပေါ်တွင်သေဆုံးမှုအမြင့်ဆုံးရောဂါတစ်ခုဖြစ်ပါသည်။ သံပုရာသီးကိုစားသုံးပေးခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ သံပုရာသီးသည် သွေးပေါင်ချိန်ကို ထိန်းညှိပေးသောကြောင့် စားသုံးပေးသင့်ပါသည်။ သွေးကြောထဲတွင် အဆီများစုပုံစေခြင်းများ မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းသည်ဟုဆိုသော်လည်း တန်ဆေးလွန်ဘေးဆိုသကဲ့သို့ အများကြီးစားသုံးမိလျှင် ထိခိုက်စေမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့်ရောဂါအခံရှိသူများ၊ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် ဆေးသောက်နေရသောသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ စားသုံးသင့်ပါသည်။
DOCA(ပဲခူး)