ဆေးဖက်ဝင်သော ရဲယိုပင်

Powered by Drupal
Mon, 10/28/2024 - 15:19 -- consumer_admin

ရဲယိုပင်သည် မြန်မာပြည်အနှံ့ပေါက်ရောက်ပြီး မြစ်ချောင်းအင်းအိုင်များ၊ ကမ်းရိုးတန်းများတွင် သဘာဝအတိုင်း ပေါက်ရောက်သည်ကိုလည်းတွေ့ရှိရပါသည်။ ရှေးယခင်က အိမ်တိုင်းနီးပါးတွင် ရဲယိုပင်ရှိပြီး ရှေးလူကြီးများသည် ရဲယိုသီးနှင့် ရဲယိုရွက်ကို သဘာဝဆေးစာအဖြစ် စားသုံးခဲ့ကြ သည်။ ရှေးလူကြီးများသည် ရဲယိုရွက်ကို ငါးဖြင့်ပေါင်း၍ ငါး‌ပေါင်းထုပ်အဖြစ်လည်းကောင်း၊ ပုစွန်ပေါင်းထုပ်လုပ်၍လည်းကောင်း၊ ရဲယိုရွက်ကို ပြုတ်၍ ငါးပိရည်နှင့်တွဲဖက်၍ တို့စရာအဖြစ်လည်းကောင်း၊ မြန်မာ့ရိုးရာသားရေစာဖြစ်သော ဟင်းထုပ်တွင် ရဲယိုရွက်ကို အုပ်၍လည်းကောင်း အမျိုးအမယ်စုံလင်စွာလုပ်စားကြသည်ကိုတွေ့ရပါသည်။ ယခုခေတ်တွင်မူ ရဲယိုပင်၏ ဆေးဖက်ဝင်ပုံကို လူအများ စိတ်ဝင်စားမှုမရှိတော့သည်ကိုတွေ့ရပါသည်။
ကမ္ဘာပေါ်ရှိ အပင်များထဲတွင် ရဲယိုပင်သည် xeronine ဟုခေါ်သော ဆေးဖက်ဝင် ဓာတုပစ္စည်းအများဆုံးပါဝင်သည့်အပင်ဖြစ်သည်။ နာနတ်သီးထက် ရှစ်ဆခန့်ပိုများသည်ကိုတွေ့ရပါသည်။ ရဲယိုပင်၊ ရဲယိုသီး၊ ရဲယိုရွက်အစိတ်အပိုင်းအားလုံးသည် လူ၏ခန္ဓာကိုယ်အထွေထွေကျန်းမာရေးအတွက် လွန်စွာအစွမ်းထက်သော၊ အသုံးဝင်သော၊ အကျိုးပြုသော သဘာဝဆေးတစ်ရပ်ဖြစ်ပါသည်။ ရဲယိုရွက်သာမက ရဲယိုသီးကိုလည်း ဆေးအဖြစ်စားသုံးနိုင်ပါသည်။ ရဲယိုသီးနှင့် ရဲယိုရွက်တို့ကို ဆေးဖက်ဝင်သော သဘာဝဆေးအစာအဖြစ် ရှေးယခင်ကတည်းက လူအများ လက်ခံစားသုံးလာခဲ့ကြသည်။ ရဲယိုရွက်တွင် အများဆုံးပါဝင်သော အာဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်ပြီး ကစီဓာတ်မှာ ဒုတိယအများဆုံးဖြစ်သည်။ ရဲယိုရွက်သည် အဆုတ်ကင်ဆာဆဲလ်များကိုသေစေနိုင်ပြီး ခန္ဓာကိုယ်အတွက် မကောင်းသော၊ အကျိုးမပြုသောဆဲလ်များကိုလည်း တိုက်ဖျက်နိုင်ပါသည်။
လေဖြတ်လေငန်းဝေဒနာရှင်များ၊ ဆီးနှင့်ကျောက်ကပ်ရောဂါရှိသူများ၊ အရိုးအဆစ်အားနည်းပြီး ကျီးပေါင်းရောဂါရှိသောဝေဒနာရှင်များသည် ရဲယိုရွက်ကို ငါးခူနှင့်ရောချက်စားပါက သက်သာပျောက်ကင်းစေပါသည်။ ထို့ပြင် ရဲယိုရွက်သည် အူကျရောဂါ၊ လေချုပ်ရောဂါ၊ ဝမ်းဗိုက်နာရောဂါ၊ အာခေါင်ပူလောင်သောရောဂါ၊ သည်းခြေဖောက်ပြန်သောရောဂါနှင့် သွေးတိုးရောဂါတို့ကိုပျောက်ကင်းစေပါသည်။ ကိုယ်ဝန်ဆောင်မိခင်များအတွက် ရဲယိုရွက်ကိုပြုတ်၍ သုပ်စားပါက နို့ရည်ခန်းရောဂါ၊ နို့ချောင်းပိတ်ရောဂါတို့ကို ပျောက်ကင်းစေသည့်အတွက် ရဲယိုရွက်သည် ကိုယ်ဝန်သည်မိခင်များအတွက် သင့်လျေ်သော မြန်မာ့ဆေးအစာတစ်မျိုးဖြစ်ပါသည်။ အနာရင်း၍ မြုံနေလျှင် ရဲယိုရွက်ကို ကြိတ်ချေ၍အုံပေးပါက အနာနုလျှင်ပိန်၍ အနာရင့်လျှင် ပေါက်ထွက်စေပါသည်။ ရဲယိုရွက်သည် အဆစ်နာခြင်း၊ အဆစ်ရောင်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။
ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကြပ်ြပ်ာဂါရှိသူများအနေဖြင့် ရဲယိုသီးကိုပျားရည်နှင့်‌ ခေါက်၍စားပေးပါက သက်သာပျောက်ကင်းစေပါသည်။ ရဲယိုသီးအမှည့်ကို ထန်းလျက်ခဲနှင့်နယ်၍စားပါက မီးယပ်ချုပ်သူများအတွက် မီးယပ်သွေးကို ပုံမှန်ဆင်းစေပါသည်။ ထို့ပြင် ဝမ်းဖော၊ ဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ အစာမကြေရောဂါများကို သက်သာပျောက်ကင်းစေကာ ရင်ချောင်စေပါသည်။ လေထိုးလေအောင့်နှင့် သွေးတက်ရောဂါရှိသူများအနေဖြင့် ရဲယိုသီးနုနုကိုပြုတ်၍ သုပ်စားပါက သက်သာပျောက်ကင်းစေပါသည်။ ရဲယိုသီးသည် သွားနှင့်သွားဖုံးရောဂါများကိုလည်းသက်သာစေနိုင်ပြီး ရဲယိုသီးမမှည့်တမှည့်တစ်လုံးကိုမီးဖုတ်ပြီး ဆားနှင့်ရောနယ်စားပါက သွားဖုံးရောင်ခြင်းကို သက်သာစေနိုင်ပါသည်။
ရဲယိုသီးကိုစားသုံးခြင်းဖြင့် သွေးကြောများကိုကျယ်စေပြီး သွေးလည်ပတ်မှုကိုကောင်းစေပါသည်။ ရဲယိုရွက်နှင့် ရဲယိုသီးကို ကျန်းမာရေးအတွက် စားသုံးပေးခြင်းသာမက ရဲယိုသီးကိုလည်း ဖျော်ရည်အဖြစ်လည်း ဆေးဖြစ်ဝါးဖြစ်သောက်သုံးနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ရဲယိုရွက်နှင့် ရဲယိုသီးတို့သည်ခါး၍ ပူစပ်စပ်အရသာရှိသဖြင့် အဖျားကိုဖယ်ထုတ်ကာ သလိပ်ကိုနိုင်သည်။ သွေးလည်ပတ်မှုကောင်းစေသဖြင့် ခန္ဓာကိုယ်အနှံ့ သွေးကြောများမှတစ်ဆင့် ဦးနှောက်သို့ အောက်ဆီဂျင်ကောင်းစွာရောက်ရှိစေပါသည်။ အဆုတ်ဆဲလ်များကိုကျန်းမာစေသည်။ ထို့ကြောင့် မုတ်သုံရာသီတွင် ပေါပေါများများရနိုင်သော ရဲယိုရွက်နှင့် ရဲယိုသီးကို များများစားသင့်ကြောင်း အကြုံပြုရေးသားလိုက်ရပါတော့သည်။
DOCA(ပဲခူး)