မဲဇလီဖူးသုပ်သည် ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာတို့ ဆေးဝါးအဖြစ် မိသားစုဝင်များအားလုံးစားသုံးရန် သို့မဟုတ် ပတ်ဝန်းကျင်အိမ်နီးချင်းများအား အလှူပေးရန်အတွက် စားသုံးကြသည့် ရိုးရာအသုပ်တစ်ခုဖြစ်သည်။ ယင်းအသုပ်တွင်ပါဝင်သော အဓိကပစ္စည်းများမှာ လတ်လတ်ဆတ်ဆတ်ဆွတ်ခူးထားသည့် မဲဇလီဖူး၊ အားလူးပြုတ်၊ ကြက်သွန်နီ၊ နှမ်းစေ့၊ ကြက်သွန်ဖြူတို့ပါဝင်ပြီး ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် ဆား၊ ဆီ၊ နှမ်းဆီနှင့် သံပရာရည်တို့ကိုအသုံးပြုသည်။ တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း မြန်မာလူမျိုးများအနေဖြင့် မဲဇလီဖူးကို ပြုတ်၍သုပ်စားခြင်း၊ ဟင်းချက်၍စားခြင်း စသည်ဖြင့် ပြုလုပ်စားသောက်လေ့ရှိကြသည်။ နက္ခတ်၊ ကြယ်တာရာစုံညီစွာပေါ်ထွန်းသောကြောင့် ထိုမဲဇလီဖူးတွင် အနာရောဂါများပျောက်ကင်းနိုင်သည့် အစွမ်းသတ္တိရှိသည်ဟုယုံကြည်ကြလေသည်။
DOCA(ပဲခူး)