မြန်မာနိုင်ငံတွင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသည် အရေးပါသောကဏ္ဍတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် MSMEs လုပ်ငန်းများဖြစ်သော ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် ၉၀ရာခိုင်နှုန်းကျော်ရှိပြီး လုပ်သားအင်းအားအများစုကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများပေးထားကြောင်းသိရပါသည်။ နိုင်ငံတော်အစိုးရမှလည်း MSMEs လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ မြို့၊ ရွာ၊ ရပ်ကွက်များတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အပြင် ဒေသထုတ်ကုန်များထုတ်လုပ်၍ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။
ပြည်ခရိုင်အနေဖြင့် MSMEs လုပ်ငန်းရှင်ပေါင်း ၅၀ ကျော်ရှိရာ စားသောက်ကုန်ကိုအခြေခံသည့် လုပ်ငန်းရှင်မှာ များစွာရှိပြီး လူသုံးကုန်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းလုပ်ငန်းမှာ အနည်းငယ်သာရှိပါသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများတွင် စားသောက်ကုန်လုပ်ငန်းများက အများဆုံးလွှမ်းမိုးလာသည်ကိုတွေ့ရပါသည်။ စားသောက်ကုန်များ အဓိကဦးစားပေးထုတ်လုပ်လာမှုကြောင့် ကျန်ကုန်ကြမ်းပစ္စည်းများဖြစ်သော သစ်တောထွက်ဝါးများ၊ သစ်များ၊ ကြိမ်များ၊ ရေထဲတွင်ပေါက်ရောက်သော ဗေဒါရိုးများအား လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းနေကြောင်းတွေ့ရှိရပါသည်။ သဘာဝကထွက်ရှိသော ဝါးကုန်ကြမ်းကို လူအသုံးအဆောင်များဖြစ်သော ကုလားထိုင်၊ စားပွဲနှင့် ကျန်သောလူသုံးကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ သစ်ကိုလည်း ထို့အတူ ပန်းပွတ်လုပ်ငန်းများပြုလုပ်၍ လူအသုံးအဆောင်ပစ္စည်းအများအပြားကိုလည်းကောင်း၊ ကြိမ်ကိုလည်း လူအသုံးအဆောင်ပစ္စည်းများထုတ်လုပ်၍လည်ကောင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုသို့ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို အဆင့်မြှင့်တင်ထုတ်လုပ်၍ ဈေးကွက်များ၊ ဈေးရောင်းပွဲတော်များတွင် ရောင်းချမည်ဆိုပါက လူသိများပြီး ပြည်တွင်းဈေးကွက်တွင်သာမကပဲ ပြည်ပဈေးကွက်အထိပါ ထိုးဖောက်ဝင်ရောက်နိုင်ပြီး လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် စွန့်ပစ်ပစ္စည်းဖြစ်သော ဗေဒါရိုးကိုလည်း တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် လူသုံးကုန်ပစ္စည်းများထုတ်လုပ်လျက်ရှိရာ ထိုမှတစ်ဆင့် ဗေဒါရိုးကို ကြာရှည်အထားခံပြီး ဒီထက်မကအဆင့်မြှင့်တင်ပြီး လူအသုံးအဆာင်ပစ္စည်းများထုတ်လုပ်လာနိုင်ပါက အမှိုက်ထဲက ရွှေဖြစ်လာနိုင်မည်ဖြစ်ပါသည်။ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ ကုန်စည်ပြပွဲများကျင်းပပေးခြင်း၊ ပြိုင်ပွဲများကျင်းပ၍ ဆုများချီးမြှင့်ခြင်း၊ နည်းပညာများဖြန့်ဝေပေးခြင်း၊ ငွေကြေးအထောက်အပံ့များပေးခြင်းများအား နိုင်ငံတော်မှ ကူညီပံ့ပိုးမြှင့်တင်ပေးလျက်ရှိပါသည်။
ထို့ကြောင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသောက်ကုန်လုပ်ငန်း များကို ဦးစားပေးလုပ်ကိုင်သည့်အပြင် အခြားသောသစ်တောထွက် ပစ္စည်းသံယံဇာတများကိုလည်း တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်သွားမည်ဆိုလျှင် အစားအသောက်လုပ်ငန်းထက် သဘာဝသံယံဇာတများကို တန်ဖိုးမြင့်ထုတ်လုပ်ခြင်းမှာ ပြည်ပဝင်ငွေများစွာရရှိနိုင်မည်ဟုတွေးထင်မိပါသည်။
DOCA(ပဲခူး)