ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကိုစိုက်ပျိုးကြပါသည်။ မြေပဲကို မိုး၊ ဆောင်း စိုက်ပျိုးကြပြီး နှမ်းကို နွေ၊ မိုး၊ ဆောင်းနှင့် နေကြာကို မိုး၊ ဆောင်း စိုက်ပျိုးကြသဖြင့် တစ်နှစ်ပတ်လုံး ဆီထွက်သီးနှံများကိုစိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကိုသာ ဦးစားပေးစိုက်ပျိုးပြီး နေကြာကို သီးညှပ်အနေဖြင့်သာစိုက်ပျိုးကြောင်းသိရပါသည်။ ဆီထွက်သီးနှံများစိုက်ပျိုးရခြင်းမှာ ပြည်တွင်းစားသုံးဆီဖူလုံရန်အတွက်ဖြစ်ပြီး ယခင်နှစ်များက ဆီထွက်သီးနှံများမှာ ရာသီဥတုဒဏ်ကိုခံရခြင်းမရှိ၍ အထွက်နှုန်းကောင်းသော်လည်း ယခုနှစ်များအတွက် ဆီထွက်သီးနှံများစိုက်ပျိုးချိန်တွင် ရာသီဥတုဒဏ်ခံရပြီး ရေကြီးနှစ်မြုပ်မှုများရှိ၍ အထွက်နှုန်းနည်းသွားကြောင်းသိရပါသည်။ ထို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးအတွက် နှမ်းနှင့် မြေပဲများကို အရည်အသွေးကောင်းသော မျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးမြေကောင်းမွန်ခြင်း၊ ရေသွင်းရေထုတ်ကောင်းမွန်ခြင်းတို့အပေါ် မူတည်၍ စိုက်ပျိုးနိုင်မည်ဆိုလျှင် အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်း ဆီထွက်သီးနှံများစွာရရှိနိုင်သည်ဖြစ်ပါမည်။
ပြည်ခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြေပဲစုစုပေါင်းစိုက်ဧကမှာ (၇၇၃၁၅)ဧက၊ နှမ်းစုစုပေါင်းစိုက်ဧကမှာ (၇၇၆၃၅)ဧကနှင့် နေကြာစုစုပေါင်းစိုက်ဧကမှာ (၂၅၆)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ ပျမ်းမျှအထွက်နှုန်းများအနေဖြင့် မြေပဲမှာ တစ်ဧကလျှင် (၆၂)တင်းကျော်၊ နှမ်းတစ်ဧကလျှင်(၁၅)တင်းနှင့် နေကြာတစ်ဧကလျှင် (၁၁)တင်းထွက်ရှိကြောင်းသိရှိရပါသည်။ ဆီထွက်သီးနှံထွက်ရှိမှုအခြေအနေအရ ဆီထွက်သီးနှံအားလုံးကို ကြိတ်ခွဲစားသုံးမည်ဆိုပါက ဆီဖူလှုံမှုရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ ထို့ကြောင့် ဆီထွက်သီးနှံများအား တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုလျှင် ပြည်တွင်းစားသုံးဆီဖူလှုံမည်ဖြစ်သည့်အပြင် သီနှံများကိုလည်း ပြည်ပတင်သွင်းကုန်အဖြစ် ပေးပို့နိုင်မည်ဖြစ်ပါသည်။ စားသုံးဆီဖူလုံစေရန်နှင့် စားသုံးသူပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်းလုံခြုံစွာစားသုံးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စားသုံးဆီများကို ဈေးကွက်အတွင်း ပေါများစွာဝယ်ယူစားသောက်နိုင်ရေးအတွက် ဆီထွက်သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြရန်ဖြစ်ပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးသွင်းအားစုများကို စနစ်တကျသုံးစွဲကြရန် ရောဂါပိုးမွှားများမကျရောက်အောင် ကြိုတင်ကာကွယ်နှိမ်နင်းခြင်းနည်းပညာများလိုအပ်ပါသည်။ သို့မှသာ ဆီထွက်သီးနှံများ များစွာအထွက်နှုန်းရရှိမည်ဖြစ်ပြီး မိမိတို့ဒေသအတွင်း စားရေးရိက္ခာဖူလုံ၍ ပြည်တွင်းစားသုံးရန်ဆီများလည်း ဖူလုံလာနိုင်မည်ဖြစ်ပါသည်။ ထိုသို့ ပြည်တွင်းစားသုံးဆီဖူလုံလျှင် ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများကို စားသုံးခြင်းမရှိဘဲ ကျန်းမာရေးအရလည်း သင့်တင့်လျောက်ပတ်စွာ အထောက်အကူများလည်းရရှိမည်ဖြစ်ပါသည်။
စားသုံးသူပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာစားသောက်နိုင်ရေးအတွက် ဆီစက်များအား အဆင့်မြှင့်တင်၍ ဆီကြိတ်နိုင်ရန်အတွက် ဆီစက်များမှာလည်း ကြံ့ခိုင်မှုရှိရန်လိုအပ်ပါသည်။ နှမ်းနှင့် မြေပဲများကိုဆီကြိတ်လျှင် ဆီထွက်ရှိမှုမှာ လူအများစားသုံးရန်အတွက်ဖြစ်ပြီး နောက်ဆုံးထွက်ရှိသော မြေပဲဖတ်၊ နှမ်းဖတ်များလည်းရရှိသဖြင့် တိရိစ္ဆာန်အစာအတွက်လည်း ဖူလှုံနိုင်မည်ဖြစ်ပါသည်။ ဆီထွက်သီးနှံစိုက်ပျိုးသူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်၍ လုပ်ကိုင်လာနိုင်လျှင် မိမိလယ်မှထွက်ရှိသော မြေပဲ၊ နှမ်းနှင့် နေကြာများကို တစ်နိုင်တစ်ပိုင် ကျေးရွာများတွင် ဆုံဆီများဖြင့် ဆီကြိတ်ပြီး မိမိဘာသာစားသုံးသည့်အပြင် ဈေးကွက်တွင် ရောင်းချကြပြီး ထွက်ရှိလာသော မြေပဲဖတ်၊ နှမ်းဖတ်များနှင့် နေကြာကြိတ်ဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ်အသုံးပြုနိုင်သဖြင့် လွှင့်ပစ်စရာမရှိဘဲ ဝင်ငွေများလည်းရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဆီထွက်သီးနှံကိုတိုးချဲ့စိုက်ပျိုးနိုင်လျှင် ပြည်ပမှတင်သွင်းလာသော စားအုန်းဆီအစား ပြည်တွင်း၌ထွက်ရှိသော ဆီများကိုစားသောက်နိုင်ပါက လုံခြုံစိတ်ချမှုရှိပြီး ဘေးအန္တရာယ်များလည်းကင်းရှင်းနိုင်မည်ဖြစ်ပြီး တိရိစ္ဆာန်အစားအစာအတွက်လည်း ပြည်ပမှတင်သွင်းခြင်းမရှိဘဲ ပြည်တွင်းထွက် တိရိစ္ဆာန်အစားအစာများအား အသုံးပြုနိုင်ခြင်းကြောင့် နိုင်ငံတော်အတွက်လည်း ကုန်သွယ်မှုလိုငွေများလျှော့ချနိုင်မည်ဖြစ်ပါသည်။
ပြည်ခရိုင်အနေဖြင့် ဆီစက်အကြီး (၁၅)စက်၊ အလတ်(၂၀)စက်နှင့် စက်သေး (၃၄)စက်၊ စုစုပေါင်းဆီကြိတ်စက်(၆၉)စက်ရှိပါသည်။ ထိုဆီစက်များတွင် မြေပဲဆီအတွက် ကုန်ကြမ်းပိဿာချိန် ၅၁၅၂၂၅ ကြိတ်ခွဲလျက်ရှိပြီး ဆီပိဿာချိန် ၁၀၃၀၄၅၀ခန့်ထွက်ရှိပါသည်။ နှမ်းသီးနှံအနေဖြင့် ကုန်ကြမ်းပိဿာချိန် ၆၄၉၂၅ ကြိတ်ခွဲလျက်ရှိပြီး ဆီကုန်ချောပိဿာအနေဖြင့် ၃၈၉၅၅၀ပိဿာခန့်ထွက်ရှိပါသည်။ ထို့ကြောင့် ပြည်ခရိုင်အတွင်းရှိ ဆီစက်များတွင် တစ်နေ့ပျမ်းမျှ ဆီပိဿာချိန်ပေါင်း ၄၂၁၃ခန့်ထွက်ရှိပြီး ပိဿာချိန်ပေါင်း ၁၄၂၀၀၀၀ခန့်ထွက်ရှိပါသည်။ မြေပဲဆန်တစ်တင်းကို ဆီကြိတ်လျှင် ဆီ (၂)ပိဿာထွက်ရှိပြီး၊ မြေပဲဖတ် (၈) ပိဿာကျော်ထွက်ရှိပါသည်။ နှမ်းတစ်တင်းဆီကြိတ်လျှင် ဆီ (၆)ပိဿာထွက်ရှိပြီး၊ နှမ်းဖတ် (၆) ပိဿာထွက်ရှိပြီး၊ နေကြာတစ်တင်း ဆီကြိတ်လျှင် ဆီ (၂.၅)ပိဿာ၊ နေကြာဖတ် (၅) ပိဿာခန့်ထွက်ရှိကြောင်းသိရပါသည်။ ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့ရှိပြီး လူဦးရေအနေဖြင့် (၆၄၂၉၂၄)ဦးရှိပြီး ဆီစားသုံးမှုအနေဖြင့် လူတစ်ဦးလျှင် တစ်နှစ်ဆီစားသုံးမှုမှာ ပျမ်းမျှ (၆)ပိဿာခန့်ရှိပြီး လူတစ်ဦးတစ်ရက်လျှင် (၂)ကျပ်သားနှုန်းစားသုံးလျှင် တစ်ရက်လျှင် ၁၂၈၅၈ပိဿာ၊ တစ်လလျှင် ၃၈၅၇၄၀ပိဿာ၊ တစ်နှစ်လျှင် ပျမ်းမျှပိဿာချိန် ၄၆၂၈၈၈၀ခန့်စားသုံးလျှက်ရှိကြောင်း တွက်ချက်ရပါသည်။ ထိုအထဲတွင် လူအများစု စားသုံးမှုအများဆုံးဆီမှာ မြေပဲဆီဖြစ်ပြီး၊ ဒုတိယမှာ နှမ်းဆီနှင့် တတိယမှာ နေကြာဆီဖြစ်ကြောင်းသိရပါသည်။ ဒေသတွင်းလူဦးရေအရ တစ်နှစ်လျှင် နှမ်းနှင့်မြေပဲပိဿာချိန်ပေါင်း ၄၆၂၈၈၈၀ခန့်စားသုံးမည်ဖြစ်၍ ဆီစက်များအနေဖြင့် ထွက်ရှိမှုအပေါ် ကြိတ်ခွဲထုတ်လုပ်မည်ဆိုပါက စားသုံးဆီဖူလှုံမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သိရှိရပါသည်။ ထိုသို့ စားသုံးဆီများကို ပြည်တွင်၌စားသုံးရန် ဖူလှုံမှုရှိလျှင် ကျန်းမာရေးအရလည်းကောင်းမွန်ပြီး ရောဂါကျရောက်ခြင်းမှလည်း ကာကွယ်နိုင် မည်ဖြစ်ပါသည်။
ထို့ကြောင့် စားသုံးဆီများပိုလျှံရန်အတွက် ဆီထွက်သီးနှံများကို နွေ၊ မိုး၊ ဆောင်း တိုးချဲ့စိုက်ပျိုးရန်လိုအပ်ပါသည်။ တောင်သူများအတွက်လည်း မိမိတို့စိုက်ပျိုးထားသောသီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် မိုးရေကိုသာမျှော်ကိုး၍ သမားရိုးကျစိုက်ပျိုးကြမည်ဆိုလျှင် သီးနှံများရည်မှန်းသလောက်ရရှိနိုင်မည်မဟုတ်ဘဲ ရာသီဥတုနှင့်ကိုက်ညီသည့် အတွက်နှုန်းကောင်း မျိုးသန့်မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်မည်ဆိုလျှင် အထွက်နှုန်းများတိုးပြီး လူနေမှုဘဝများလည်းမြင့်တက်လာမည်ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)