ဈေးကြီးလွန်းသည့် ကြက်စာများနေရာတွင် အေဇိုလာအား အစားထိုး၍ အသုံးချနိုင်

Powered by Drupal
Mon, 01/06/2025 - 14:02 -- consumer_admin

     “အေဇိုလာ(Azolla)” ဆိုသည်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် များစွာအကျိုးရှိသော အပင်တစ်မျိုးဖြစ်ပါသည်။ “အေဇိုလာ(Azolla)”ကို လတ်လတ်ဆတ်ဆတ် သို့မဟုတ် အခြောက်ခံ၍ တိရစ္ဆာန်များကို ကျွေးမွေးနိုင်ပါသည်။ နွား၊ ကြက်၊ သိုး၊ ဆိတ်၊ ဘဲ၊ ဝက်နှင့် ယုန်အစရှိသည့် တိရစ္ဆာန်များအား တိုက်ရိုက်(သို့မဟုတ်) အခြားအစာများဖြင့် ရောစပ်၍ ကျွေးမွေးနိုင်ပါသည်။

    တိရစ္ဆာန်အများစုသည် အေဇိုလာ(Azolla)၏ အရသာကို ကြိုက်နှစ်သက်ရန် အချိန်ယူရ၍ ရက်အနည်းငယ်ကြာအောင် တဖြည်းဖြည်းကျွေးပေးရသည်။ ထို့ကြောင့် ပထမအဆင့်တွင် အနံ့အရသာအပေါ်တွင် ကြိုက်နှစ်သက်လာအောင် စနစ်တကျကျွေးပေးရသည်။ ကနဦးအဆင့် တွင် လတ်ဆတ်သော အေဇိုလာ(Azolla)ကို စီးပွားဖြစ်အစာနှင့်အတူ ဆတူရောစပ်၍ ကျွေးမွေးသင့်သည်။ ရောစပ်စာကို နှစ်ပတ်ကြာကျွေးပြီး အဆင်ပြေသွားပြီဆိုပါက အခြားအစာ ရောစပ်စရာမလိုတော့ဘဲ ကျွေးမွေးနိုင်ပါသည်။ လတ်ဆတ်သော အေဇိုလာ(Azolla)သည် အလွန်ပျက်စီးလွယ်သောကြောင့် ပိုလျှံနေသည့်အခါ နောက်ပိုင်းတွင် အသုံးပြုရန်အတွက် အရိပ်ထဲတွင် အခြောက်ခံ၍ သိမ်းဆည်းထားသင့်ပေသည်။

   အေဇိုလာ(Azolla)အခြောက်တွင် သတ္တုဓာတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ပရိုတင်း ဓာတ် ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းနှင့် အမိုင်နိုအက်ဆစ် ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်ပြီး မြင့်မားသော ပရိုတင်းနှင့် လစ်နင်ပါဝင်မှုနည်းသောကြောင့် တိရစ္ဆာန်များအနေဖြင့် အလွယ်တကူ အစာချေဖျက်နိုင်သည်။ အေဇိုလာ(Azolla)ကျွေးပေးခြင်းဖြင့် ကြက်တစ်ကောင်အတွက် တစ်ကီလိုစာ အစာစရိတ် လျှော့ချနိုင်ပြီး အသားတင်အမြတ်ပိုများနိုင်သည်။

     ကြက်စာဈေးကြီးမြင့်လာမှုကြောင့် အသားဈေးများ၊ ဥဈေးများ ကြီးမြင့်လာမှုကို လျှော့ချနိုင်ရန်အတွက် ကြက်စာအစားထိုး အေဇိုလာ(Azolla)ကို ကျွေးခြင်းသည် များစွာ ထိရောက်မှုရှိကြောင်း ဤဆောင်းပါးဖြင့် လေ့လာဖော်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)