ပိုးဇာသီး စားသုံးခြင်း၏ ကောင်းကျိုးများ

Powered by Drupal
Tue, 01/07/2025 - 15:45 -- consumer_admin

    ပိုးဇာသီးအပင်များအား ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နေရာ တော်တော်များများတွင် တွေ့ရပြီး မနိမ့်မမြင့် ခြံစည်းရိုးအပင် ပုံစံမျိုးဖြစ်ပါသည်။ အချို့ဒေသများတွင် ပိုးဇာသီးအပင်များအား ခြံစည်းရိုးများ၌ အရံအတားအဖြစ်တန်းစီပြီးစိုက်လေ့ရှိပြီး စိုက်ပျိုးရလွယ်ကူကာ အလွယ်တကူရှင်သန်နိုင်သည့် အပင်မျိုးဖြစ်ပါသည်။ ပိုးဇာသီးမှာ ချဉ်ပြုံးပြုံးအရသာရှိပြီး အရည်ရွှမ်း သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    ပိုးဇာပင်များအား စီးပွားဖြစ် ပိုးဇာခြံများဖြင့် စိုက်ပျိုးလာကြပြီး နိုင်ငံတကာတွင် ပိုးဇာသီး များကို သစ်သီးတစ်မျိုးအနေဖြင့် စားသုံးကြပါသည်။ ပိုးဇာသီးကို ဖျော်ရည်အဖြစ် ပြုလုပ်၍လည်း သောက်သုံးနိုင်ပြီး ဝိုင်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိသည်ကို တွေ့ရပါသည်။ အောင်ပန်းဈေးနေ့၊ ကလောဈေးနေ့နှင့် တောင်ကြီးဈေးနေ့များတွင် ပိုးဇာသီးများအား ဒေသခံ ပအိုဝ့်၊ ပလောင်၊ ဓနု တိုင်းရင်းသားများ ရောင်းချလျက်ရှိပြီး ပိုးဇာသီး နို့ဆီဗူး (၁)ဗူးလျှင် (၁၀၀ဝိ/-)ကျပ်၊ ပိုးဇာသီး နို့ဆီဗူး (၃)ဗူးဆန့်သည့် ခြင်း (၁)ခြင်းလျှင် (၂၅၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်စသည်ဖြင့် အသီးသီး ရောင်းချ လျက်ရှိပါသည်။

    ပိုးဇာသီးတွင် Antioxidant (ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ)အများအပြားပါဝင်သည့်အတွက် ခန္ဓာကိုယ် နုပျိုသွက်လက်ကျန်းမာစေပြီး ရောဂါပေါင်းစုံမှ ကာကွယ်ပေးနိုင်သည့်အပြင် အိုမင်း ရင့်ရော်ခြင်းအား နှေးကွေးစေနိုင်ပါသည်။ ပိုးဇာသီးသည် ဝမ်းဗိုက်အဆီကျစေပြီး မိမိစားသုံးသည့် အစားအသောက်ထဲတွင် နေ့စဉ်ပိုးဇာသီးအနည်းငယ်စားသုံးပေးခြင်းဖြင့် ရက်(၉၀)အတွင်း ဝမ်းဗိုက် အဆီများ သိသိသာသာကျသည့်အပြင် ဝမ်းဗိုက်အဆီသည် နှလုံးရောဂါကို ကာကွယ်ပေးပြီးဖြစ်ပါသည်။ Vitamin A, Anthocyanosides ပမာဏများသည့်အတွက် အမြင်အာရုံကောင်းစေပြီး ရေတိမ်၊ ကြက်မျက်သင့်၊ အမြင်အာရုံကွယ်ခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင် ဝမ်းချုပ်ခြင်းမှ ကင်းဝေစေပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျရောဂါများ ကာကွယ်ပေးနိုင်ပါသည်။

    ထို့ကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေသော ပိုးဇာသီးကို စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)