
ထောပတ်သီးများကို စီးပွားရေးအရ ရောင်းဝယ်ကြပြီး အပူပိုင်းဒေသနှင့် မြေထဲပင်လယ် ရာသီဥတုရှိသော ဒေသများတွင်အဓိကထား စိုက်ပျိုးကြသည်။ထောပတ်သီး၏ အခွံမှာ အစိမ်းရောင်ရှိပြီး အသားပေါကာဘဲဥပုံ သို့မဟုတ် စက်လုံးပုံ ရှိပါသည်။မြန်မာလူမျိုးများသည် ထောပတ်သီးကို တော်တော်များများ ကြိုက်နှစ်သက်ကြပါသည်။ ဆောင်းရာသီစာအသီးအဖြစ် တန်ဖိုးထား၍စားသုံးကြသည်။မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် ပြင်ဦးလွင်ဒေသတို့၌ အများဆုံး စိုက်ပျိုးကြသည်။ တောင်ကြီး၊ ပင်းတယ၊ ရွာငံဘက်မှ ထွက်သော ထောပတ်သီးများသည် နာမည်ကြီးပြီးနိုင်ငံခြားသို့ တင်ပို့နိုင်သည် အထိ အရည်အသွေး ကောင်းမွန်ကြသည်။ထောပတ်ပင်သည်နှစ်ရှည်ပင်ဖြစ်ပြီးအပင်ကြီးအမျိုးအစားဖြစ်သည်။ စိုက်ပျိုးပြီးသုံးနှစ်မှစ၍အသီးသီးပါသည်။အောက်တိုဘာလတွင်အသီးများစတင်သီးပြီး ဇန်နဝါရီလတွင် အသီးသီးခြင်းရပ်သည်။ ထောပတ်ပင်သည် ရေလောင်း ပေးရသော်လည်း ရေမကြိုက်သောအပင် ဖြစ်ပြီးရေဝပ်လျှင်အပင်သေတတ်ပါသည်။ထောပတ်သီး၏မူရင်းအရသာသည်စိမ့်၍အနည်းငယ်အီသော အရသာရှိပြီးထောပတ်သီးများကို ကမ္ဘာတစ်လွှားတွင် ပုံစံမျိုးစုံဖြင့်စားသုံးကြောင်း သိရှိရ ပါသည်။ထောပတ်သီးကို ဖျော်ရည်၊ အသုပ်၊ ပူတင်း၊ ကိတ်မုန့်၊ ရေခဲမုန့်၊ ဂျယ်လီ စသည်ဖြင့် ပြုလုပ်စားသုံးနိုင်သလို ဟင်းချက်စား၍လည်းစားသုံးနိုင်ပါသည်။ မြန်မာနိုင်ငံတွင်ထောပတ်သီးကို ဖျော်ရည်အနေဖြင့်သာအများဆုံးစားသုံးကြသည်။အနောက်နိုင်ငံများတွင် ကျန်းမာရေးမနက်စာ အဖြစ် ထောပတ်သီးကို ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ မရောနိများဖြင့် သုပ်သောအသုပ်ကို ပေါင်မုန့်ကြမ်းဖြင့် စားလေ့ရှိကြသည်။ ထောပတ်သီးသည်စားသုံးရန်တစ်ခုတည်းအတွက် မဟုတ် ဘဲ ခေါင်းလျှော်ရည်၊ ဆပ်ပြာ စသည်ဖြင့်လည်း ပြောင်းလဲရောစပ် အသုံးပြုနိုင်ပြီးသဘာဝဆိုးဆေး အဖြစ်လည်း အသုံးပြုကြသည်။ ထောပတ် သီးအစေ့ကို ရေနွေးဆူတွင်တည်ထားပါက ပန်းရောင် ထွက်သည့်အတွက် ဆေးဆိုးချင်သောအထည်များကို ထိုထောပတ်ဆူရေထဲသို့ ထည့်ခြင်းအားဖြင့် ဆေးဆိုးနိုင်သည်။ထောပတ်သီးစားခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ထောပတ်သီးတွင် ဗီတာမင်မျိုးစုံအပြင် ပိုတက်စီယမ်၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ဇင့်နှင့် Omega 3 များလည်းပါဝင်သည်။ ထောပတ်သီးအသားနှင့် အခွံကြားတွင်ရှိသော အစိမ်းရင့်ရောင်အလွှာ တွင် ကျန်းမာရေးနှင့် အလှအပ ရေးရာကို အင်မတန် အကျိုးပြုသော Omega 3 များစွာပါဝင်သည်။ ထောပတ်သီးသည် နှလုံးမှာရှိသော အဆီပိုများကို လျော့ကျစေပြီးခန္ဓာကိုယ်အား အကျိုးမပြုသော သွေးတွင်းရှိကိုလက်စထရောပမာဏကိုလည်းလျော့ကျစေကာအကျိုးပြုကိုလက်စထရောပမာဏကို တက်စေကြောင်းသိရပါသည်။ကိုလက်စထရော ပမာဏမြင့်သူများအနေနှင့် နေ့စဉ်စားသင့် သော အစားအစာဖြစ်ပြီးထောပတ်သီးပုံမှန်စားသုံးပါက အကျိုးမပြု ကိုလက်စထရော တစ်ပတ် လျှင်(၂၂) ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းသိရှိရသည်။ ထို့ကြောင့်ပင် ထောပတ်သီးစားသုံးခြင်း သည် အဝလွန်ခြင်းနှင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးသည်ဟုယူဆနိုင်သည်။ ထောပတ်သီး ကိုကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပုံမှန်စားသုံးသင့်သော အစားအစာဖြစ်ပြီး ဖောလစ် အက်စစ် ကြွယ်ဝစွာ ပါဝင်သောကြောင့် သန္ဓေသားကို ခွန်အားပေးနိုင်သည့်အပြင် ခန္ဓာကိုယ် ချို့ယွင်း ခြင်းကို ကာကွယ်နိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။ ထို့ပြင် ထောပတ်သီး တွင် အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် အစာကြေပြီး အူလမ်းကြောင်းကို ရှင်းလင်းစေပြီး ဝမ်းချုပ်ခြင်းများကိုကာကွယ်နိုင်ပြီး ဝမ်းမှန်စေပါသည်။ထောပတ်သီးတွင်ပါဝင် သောပိုတက်ဆီယမ်ဓာတ်သည်လည်းသွေးပေါင်ချိန်ကို ထိန်းညှိပေးသည့်အတွက် သွေးတိုးခြင်းကို ကာကွယ် ရာတွင် အထောက်အပံ့ဖြစ်စေပါသည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် Omega 3 များလည်း ပါဝင်သောကြောင့်ရောင်ရမ်းမှုနှင့် အဆစ်အမြစ်ရောင်ခြင်းများကိုလည်း လျှော့ချ ပေးနိုင်သော ကြောင့်ကင်ဆာဆဲလ်များစတင်ဖြစ်ပွားခြင်းနှင့် ပြန့်ပွားခြင်းကို ထိန်းချုပ်ပေး ပါသည်။ ထို့ကြောင့် ကျန်းမာရေး အတွက် အသုံးဝင်သော၊ အဖိုးတန်သော ထောပတ်သီးများကို စားသုံးသင့်ကြောင်းအကြံပြုတင်ပြအပ်ပါသည်။
DOCA(မန္တလေး)