အရည်အသွေးအဆောက်အအုံစနစ်ကို ထူထောင်ခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အပြုသဘောဆောင်သည့် လက်တွေ့ကျသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။ အရည်အသွေးအဆောက်အအုံစနစ်သည် နိုင်ငံတွင်းရှိစီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက် စေရေး၊ ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့စျေးကွက်တွင်ယှဉ်ပြိုင် နိုင်စေရေးတို့အတွက် မူဝါဒ များချမှတ်ရာတွင် အစိုးရအဖွဲ့အစည်းများအတွက် အထောက်အပံ့ဖြစ်စေရုံသာမက သဘာဝ အရင်းအမြစ်များ၊ လူသားအရင်းအမြစ်များ၊ အစားအသောက်ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုတို့အတွက်လည်း အကျိုးရှိရှိ အသုံးချနိုင်စေမည် ဖြစ်သည်။
အရည်အသွေးအဆောက်အအုံစနစ်သည် ပြည်သူများ၊ စားသုံးသူများ၊ စီးပွားရေး လုပ်ငန်းများနှင့် ၎င်းတို့၏ ထုတ်ကုန်/ဝန်ဆောင်မှုများကို မှာယူသုံးစွဲမည့်အဖွဲ့ အစည်းများ အတွက်ပြီးပြည့်စုံသော package တစ်ခုကို ဖန်တီးပေးနိုင်သည်။ အရည်အသွေး အဆောက်အအုံ စနစ်ဟုဆိုရာတွင် မူဝါဒများ၊ အဖွဲ့အစည်းများ၊ ဝန်ဆောင်မှုပေးသူများ၊ နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အရည်အသွေးကိုက်ညီမှုအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို တန်ဖိုးမြှင့်အသုံးချခြင်းစသည့် မရှိမဖြစ်အရေးကြီးသည့်ကဏ္ဍအားလုံး အကျုံးဝင်ပါသည်။
အရည်အသွေးအဆောက်အအုံစနစ်သည် တီထွင်ကြံဆမှုများ၊ လုပ်ငန်းကဏ္ဍအလိုက် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် လူပုဂ္ဂိုလ်များ ပေါင်းစပ်ထား သော စနစ်တစ်ခုဖြစ်သည်။ အဆိုပါ စနစ်တွင် အမျိုးသား အရည်အသွေးဆိုင်ရာမူဝါဒများနှင့် ၎င်းမူဝါဒများကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများ၊ အခြေခံမူဘောင်များ၊ အရည် အသွေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများ၊ စီးပွားရေးလုပ်ငန်းများ၊ ဖောက်သည်များ၊ စားသုံးသူ ပြည်သူများလည်း ပါဝင်သည်။
အရည်အသွေးဆိုတာ ဘာလဲ
အရည်အသွေးဆိုသည်မှာ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများသည် ဖောက်သည်၏ လိုလား ချက်နှင့် ကိုက်ညီမှုရှိခြင်းပင်ဖြစ်သည်။ အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာ အရည်အသွေး ဆိုသည်မှာ ထုတ်ကုန်များ၊ ဝန်ဆောင်မှု များသည် သုံးစွဲရသည့်ရည်ရွယ်ချက်နှင့် ကိုက်ညီမှုရှိ ခြင်းပင်ဖြစ်သည်။ ဥပမာ- စျေးကြီးသော သားရေရှူးဖိနပ်သည် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် သတ်မှတ်၍ရနိုင်သော်လည်း ရွှံ့နွံထဲတွင်အလုပ်လုပ်ရသည့် လယ်သမားတစ်ယောက် အတွက် တော့ စျေးသက်သာပြီးအကြမ်းခံသော လည်ရှည်သားရေဘွတ်ဖိနပ်က သူ၏ လိုအပ်ချက်နှင့် ပို၍ကိုက်ညီမှုရှိစေမည်ဖြစ်သည့်အတွက် စျေးကြီးသောသားရေရှူးဖိနပ်သည် ထိုလယ်သမား အတွက်လိုအပ်သည့် အရည်အသွေးမဟုတ်ဟုဆိုနိုင်သည်။ သို့ဖြစ်ရာ ထုတ်ကုန်နှင့် ဝန်ဆောင် မှုများ၏အရည်အသွေးကို မြှင့်တင်ရာတွင် ဖောက်သည်များ၏ လိုလားချက်နှင့် ကိုက်ညီမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
Dynamic System
အရည်အဆောက်အအုံစနစ်သည် Dynamic System တစ်ခုဖြစ်သည်။ Dynamic သည် လက်တွေ့ ဆောင်ရွက်မှုအပေါ် အလေးပေးသည်။ အဆိုပါဆောင်ရွက်မှုများသည် ရလဒ်ကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး အဆိုပါရလဒ်များအပေါ် ဆန်းစစ်အကဲဖြတ်ကြရသည်။ System ဆိုသည်မှာ တစ်ဦးချင်းဆောင်ရွက်မှု ထက် ပိုမိုမြင့်မားသော အောင်မြင်မှုရရှိစေနိုင်မည့် အရည်အသွေးအဆောက်အအုံ၏အကျိုးရလဒ်များ ရရှိကြစေ ရေး အထောက်အပံ့ဖြစ်စေသော အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုများ ဖြစ်သည်။
စျေးကွက်ထိုးဖောက်ရန်နှင့် စျေးကွက်ယှဉ်ပြိုင်နိုင်ရန်အထောက်အကူဖြစ်
အရည်အသွေးအဆောက်အအုံစနစ်သည်နိုင်ငံတစ်နိုင်ငံအနေဖြင့်ကြည့်ပါကထုတ်ကုန်နှင့် ဝန်ဆောင်မှု တို့၏ အရည်အသွေးမြင့်မားစေရေးအထောက်အကူဖြစ်စေသည်။ သို့ဖြစ်ရာ အဆိုပါ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ ဝယ်လိုအားကိုလှုံ့ဆော်ပေးနိုင်ပြီး စီးပွားရေးလုပ်ငန်း တစ်ခု ချင်းစီကိုလည်းကောင်း နိုင်ငံ့စီးပွားရေးကို လည်းကောင်း ခိုင်မာတောင့်တင်းစေမည်ဖြစ်သည်။ နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ပို့ကုန်စျေးကွက်၏ လိုလားချက်များနှင့်ကိုက်ညီမှုရှိစေရေး ကူညီထောက်ပံ့ခြင်းဖြင့် အရည်အသွေးအဆောက်အအုံစနစ်သည် စျေးကွက်ယှဉ် ပြိုင်နိုင်မှုကို မြှင့်တင်ပေးနိုင်သကဲ့သို့ တန်ဖိုးကွင်းဆက်တလျောက်နှင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်း ပေါ်တွင် ပါဝင်ဆောင်ရွက်နိုင်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတကာလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေ
အရည်အသွေးအဆောက်အအုံစနစ်သည် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအတွက် အရည် အသွေးဆိုင်ရာ အဓိပ္ပါယ်သတ်မှတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတကာလိုအပ်ချက်များ နှင့်ကိုက်ညီမှုရှိကြောင်း တိုက်ဆိုင်စစ်ဆေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးနိုင်သောအား ကောင်းသည့်ကိရိယာတစ်ခုဟုလည်းဆိုနိုင်သည်။ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများသည် သတ်မှတ် ထားသည့်လိုအပ်ချက်များနှင့် အမှန်တကယ်ကိုက်ညီမှုရှိကြောင်းကို အရည်အသွေး အဆောက် အအုံစနစ်က လက်တွေ့ပြနိုင်၊ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ ထုတ်ကုန်နှင့် ဝန်ဆောင်မှု တို့သည် နိုင်ငံတကာကုန်သွယ်မှုတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အကောင်းဆုံး အလေ့အထများ နှင့်လည်းကောင်း၊ လုံခြုံစိတ်ချရမှုဆိုင်ရာလိုအပ်ချက်များနှင့်လည်းကောင်းကိုက်ညီမှုရှိစေရေး သေချာစေရန်အရည်အသွေးအဆောက်အအုံစနစ်ကထောက်ပံ့ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
အားလုံးနှင့်ကိုက်ညီသည့် စံပြမော်ဒယ်လ်မရှိ
နိုင်ငံအားလုံးနှင့်ကိုက်ညီသည့် အရည်အသွေးအဆောက်အအုံစနစ် ရယ်ဒီမိတ် မော်ဒယ် မရှိကြောင်း၊ မိမိနိုင်ငံနှင့် ကိုက်ညီမှုရှိစေရေး ချဉ်းကပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံ အတွက်စနစ်သည် နိုင်ငံတွင်းနှင့် ဒေသတွင်း လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ချိန်ညှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း UNIDO က ဆိုပါသည်။ အရည်အသွေးအဆောက်အအုံစနစ် သည် supply chain နှင့် demand chain တစ်လျောက် ပါဝင်သူအားလုံးကို အကျိုးရှိစေမည်ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်များတွင် စားသုံးသူများ၊ ထုတ်လုပ်သူများ၊ တင်သွင်းသူများလည်းပါဝင်သည်။ စားသုံးသူများအတွက် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများသည် ၎င်းတို့၏ သုံးစွဲရသည့် ရည်ရွယ် ချက်နှင့် ကိုက်ညီကြောင်း ယုံကြည်ရမှုရှိစေရေး အဆိုပါစနစ်ကဖော်ဆောင်ပေးသည်။ ကုန်စည် ထုတ်လုပ်သူများနှင့် တင်သွင်းသူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများသည် လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိစေရေး အတွက် နိုင်ငံတကာစံချိန်စံညွှန်း များအသုံးပြုမှုကို မြှင့်တင်ပေးခြင်းနှင့် ၎င်းစီးပွားရေးလုပ်ငန်းများ၏စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များသည် ကမ္ဘာ့အသိ အမှတ်ပြု စီမံခန့်ခွဲမှုစံချိန်စံညွှန်းများအပေါ် စံပြုဆောင်ရွက်စေခြင်းဖြင့် အရည်အသွေး အဆောက်အအုံစနစ်သည် ထုတ်လုပ်သူများနှင့်တင်သွင်းသူများကို အကျိုးဖြစ်ထွန်းစေသည်။
ထိန်းကျောင်းဆောင်ရွက်ရသူများ(Regulatory Bodies) အနေဖြင့် စံချိန်စံညွှန်းများနှင့် အရည်အသွေး ကိုက်ညီမှုအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များချမှတ်နိုင်ရေး အရည်အသွေးအဆောက် အအုံစနစ်ကအထောက်အကူပြုသည်။ ထိန်းကျောင်းဆောင်ရွက်ရသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ရ လေ့ရှိပြီး အရည်အသွေးကိုက်ညီမှုမရှိသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို တားမြစ်နိုင် ရေးဆောင်ရွက်ကြရပါသည်။ အရည်အသွေးအဆောက်အအုံစနစ်သည် ကမ္ဘာ့စျေးကွက်တွင် မိမိတို့၏စီးပွားရေးလုပ်ငန်းများ၏ စျေးကွက်ယှဉ်ပြိုင်မှုကို အားပေးမြှင့်တင်ခြင်း၊ အရင်း အမြစ် များကို အကျိုးရှိရှိအသုံးချနိုင်စေခြင်း၊ နည်းပညာများကို မည်သို့ အကျိုးရှိရှိ အသုံးချရမည်ကို မျှဝေ အသိပေးခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စေခြင်းနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးအပါအဝင် ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်ယူမှုတာဝန်ခံမှုကို မြှင့်တင်ပေးခြင်းတို့ဖြင့် နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။
စျေးကွက်နှင့်စားသုံးသူများ
ထုတ်ကုန်များနှင့် ထုတ်လုပ်မှုများသည် စျေးနှုန်းလျော့နည်းသက်သာစေကာမူ အရည်အသွေးပြည့်မီခြင်းမရှိပါကစားသုံးသူများအနေဖြင့် ဝယ်ယူ ခြင်းမပြုဘဲ ငြင်းပယ်ခွင့်ပိုမိုရရှိလာမည် ဖြစ်ပါ သည်။ ကမ္ဘာ့စျေးကွက်သို့ ဝင်ရောက်လာနိုင် ခြင်းနှင့် စျေးကွက်ယှဉ်ပြိုင်မှုသည် စားသုံးသူများအနေခြင့် စျေးနှုန်းတူသော်လည်း အရည် အသွေး မြင့်သည်ကိုရွေးချယ်နိုင်ရန် အခွင့်အရေးပိုမိုရရှိလာစေမည်ဖြစ်သည်။ အရည်အသွေး အဆောက်အအုံစနစ်သည် စျေးကွက်နှင့်စားသုံးသူများအပေါ် အလေးပေးသည်။ စနစ်၏ ယန္တရားအချင်းချင်း တက်ကြွစွာချိတ်ဆက်ဆောင်ရွက်ကြသည်။ အဆိုပါဆောင်ရွက် ချက်များ သည် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအပေါ် ကြီးမားသော သက်ရောက်မှုရှိကြသည်။ ဖောက်သည်များ၏ ကျေနပ်မှုအဆင့်ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တုန့်ပြန်မှုများ ရရှိစေနိုင်ပြီး စီးပွားရေးလုပ်ငန်များအနေဖြင့် ၎င်းတို့၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ ရောင်းအားတိုးတက်စေရေး စီမံဆောင်ရွက်နိုင်စေသည်။ အရည်အသွေးအဆောက်အအုံ၏ ဝန်ဆောင်မှုလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာနများမှတဆင့် စျေးကွက် တုန့်ပြန်မှု ကိုရရှိနိုင်သည်။ အဆိုပါတုန့်ပြန်မှုများကို သုံးသပ်ခြင်း၊ မွမ်းမံခြင်းအားဖြင့် အရည်အသွေးအဆောက်အအုံ၏အစိတ်အပိုင်းများကိုလည်းကောင်း၊အရည်အသွေးအဆောက်အအုံတစ်ခုလုံးကိုလည်းကောင်း တိုးတက်စေရန် ဆောင်ရွက်နိုင်သည်။
အရည်အသွေးအဆောက်အအုံဝန်ဆောင်မှုများ
အရည်အသွေးအဆောက်အအုံစနစ်၏ အစိတ်အပိုင်းတစ်ခုမှာ အရည်အသွေးကိုက်ညီမှု ကို စစ်ဆေးအကဲဖြတ်သည့်ဝန်ဆောင်မှုများကို ဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်ကြသည်။
အရည်အသွေးကိုက်ညီမှုအကဲဖြတ်ခြင်း
အရည်အသွေးကိုက်ညီမှုအကဲဖြတ်ခြင်းဆိုသည်မှာ ထုတ်ကုန်တစ်ခု၊ ဝန်ဆောင်မှုတစ်ခု၊ စီမံခန့်ခွဲမှုစနစ်၊ အဖွဲ့အစည်းတစ်ခုသို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးသည် သတ်မှတ်ထားသော လိုအပ် ချက်များနှင့်ကိုက်ညီမှုရှိကြောင်းပြသသည့် လုပ်ငန်းဆောင်ရွက်ပုံများနှင့် လုပ်ငန်း စဉ်များ ဖြစ်သည်။ အဆိုပါလိုအပ်ချက်များသည် ISO ကဲ့သို့သော အဖွဲ့အစည်းများက သတ်မှတ် ပြဌာန်းသည့် နိုင်ငံတကာစံချိန်စံညွှန်းများတွင် ဖော်ပြလေ့ရှိသည်။ အရည် အသွေး ကိုက်ညီမှု အကဲဖြတ်ခြင်း ဆိုင်ရာဆောင်ရွက်မှုများအတွက် လိုအပ်ချက်များကို နိုင်ငံတကာစံချိန်စံညွှန်း များတွင် ဖော်ပြလေ့ရှိပြီး စစ်ဆေးချက်ရလဒ်များအပေါ် နယ်စပ် ဖြတ်ကျော်လက်ခံနိုင်ရေး အပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မျှတမှုရှိစေရေး အထောက်အကူဖြစ်စေသည်။
သို့ဖြစ်ရာနိုင်ငံတကာစံချိန်စံညွှန်းများကို အသုံးပြုခြင်းသည် အရည်အသွေး ကိုက်ညီမှု အကဲဖြတ် ခြင်းဆိုင်ရာဆောင်ရွက်မှုများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ညီညွတ်စေမည်ဖြစ်သည်။ နိုင်ငံတကာကုန်သွယ်မှုအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ နိုင်ငံအချင်းချင်း သို့မဟုတ် ဒေသဆိုင်ရာသဘောတူညီစာချုပ်များတွင် နှစ်ဖက် သဘောတူညီထားသည့် ဓာတ်ခွဲ စမ်းသပ် ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း၊ အရည်အသွေးကိုက်ညီမှုကိုလက်ခံခြင်း အစရှိသည့် နည်းလမ်း များသည် ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာအတာအဆီးများကို လျှော့ချခြင်း၊ ဖယ်ရှားခြင်း တို့ကို ဆောင်ရွက်ပေးနိုင်သည်။ အဆိုပါ လိုအပ်ချက်များနှင့်စည်းမျဉ်းများကို စျေးကွက်သို့ ဝင်ရောက်ခွင့်ပြုခြင်းနှင့် နိုင်ငံတွင်းသို့တင်သွင်းခွင့်ပြုခြင်း ကဲ့သို့သော အမိန့်ညွှန်ကြားချက် များနှင့် စည်းမျဉ်းများတွင် ဖော်ပြလေ့ရှိကြသည်။
နည်းပညာဆိုင်ရာ စည်းမျဉ်းများ၊ အမိန့်ညွှန်ကြားချက်များ၊ စံချိန်စံညွှန်းများ၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များသည် နိုင်ငံတကာကုန်သွယ်မှုတွင် မလိုလားအပ်သော အဟန့်အတားများ မဖြစ်စေရေး ရည်ရွယ်၍ WTO ၏ TBT Agreement ကိုဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အရည်အသွေးကိုက်ညီမှု အကဲဖြတ်ခြင်းရလဒ်များအပေါ် အပြန်အလှန်အသိအမှတ်ပြုကြစေရေးအတွက် လိုအပ်ချက်များကို WTO ၏ TBT Agreement က အလေးပေးထားသည်။ သို့ဖြစ်ရာ နိုင်ငံ၏အရည်အသွေး အဆောက်အအုံစနစ်သည် မိမိနိုင်ငံ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိစေရေး အလေးထားဆောင်ရွက် ရုံသာမက နိုင်ငံ၏စီးပွားရေးနှင့် စီးပွားရေး လုပ်ငန်း ကဏ္ဍများကို စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် အရေးပါသော အထောက်အပံ့ ဖြစ်စေပါသည်။ အရည်အသွေးကိုက်ညီမှု အကဲဖြတ်စစ်ဆေးခြင်းလုပ်ငန်းများမှာ အောက်ဖော်ပြ အတိုင်းဖြစ်ပြီးလုပ်ငန်းတစ်ခုသို့မဟုတ် အခြားလုပ်ငန်းများကိုပါ သက်ဆိုင်ရာ အဖွဲ့အစည်း များက ဆောင်ရွက်လေ့ရှိကြသည်။ စီးပွားရေးအရဆောင်ရွက်ကြသော အဖွဲ့အစည်းများရှိသကဲ့ အစိုးရ၏တာဝန်ပေးမှု အရ ဆောင်ရွက်ကြသည်များလည်း ရှိသည်။
ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းခြင်း(Testing)
စွမ်းဆောင်ရည် သို့မဟုတ် ဘေးကင်းလုံခြုံရေးကဲ့သို့သော တိကျသည့် သတ်မှတ်ချက် များနှင့် ထုတ်ကုန်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို ဆောင်ရွက်ကြရသည်။ ဓာတ်ခွဲ စမ်းသပ်ခြင်းများသည် အရည်အသွေး ကိုက်ညီမှုအကဲဖြတ်ခြင်းအတွက် အများဆုံး ဆောင်ရွက် ကြရသောလုပ်ငန်းဖြစ်သည်။ စစ်ဆေးအကဲဖြတ်ခြင်း (inspection)နှင့် ထုတ်ကုန် အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း (product certification) ကဲ့သို့သော အခြားအရည် အသွေး ကိုက်ညီမှုအကဲဖြတ်ခြင်းလုပ်ငန်းအမျိုးအစားများအတွက် အခြေခံလိုအပ်ချက်များကို ဓာတ်ခွဲ စမ်းသပ်ခြင်းက အထောက်အကူပြုသည်။
စစ်ဆေးအကဲဖြတ်ခြင်း(Inspection)
နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ဖောက်ကားမှုများအတွက် စစ်ဆေးအကဲဖြတ်လုပ်ငန်း ဆောင်ရွက်သူများ ၏အခန်းကဏ္ဍသည် မရှိမဖြစ်အရေးပါသည်။ ၎င်းတို့သည် အစိုးရ ကိုယ်စား သို့မဟုတ် တင်ပို့သူနှင့်တင်သွင်းသူ များကိုယ်စား တင်သွင်းကုန်စည်နှင့်ပစ္စည်းများအား စစ်ဆေး အကဲဖြတ်ပေးရသည်။ ၎င်းတို့အနေဖြင့် ထုတ်ကုန် များ၊ ပစ္စည်းများ၊ တပ်ဆင်ပုံများ၊ စက်ကိရိ ယာများ၊ လုပ်ဆောင်ပုံများ၊ လုပ်ငန်းဆောင်ရွက်ပုံစနစ်များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စစ်ဆေး ဆောင်ရွက်ရန်တာဝန်ရှိပြီး အရည်အသွေး၊ သုံးစွဲရန်သင့်တော်မှုရှိ/မရှိ၊ လည်ပတ်ရန် ဘေးကင်းလုံခြုံမှုရှိ/မရှိ စသည်တို့ကိုသက်ဆိုင်ရာသို့ အစီရင်ခံတင်ပြကြရသည်။
အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း(Certification)
အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဆိုသည်မှာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေး ခွင့်ရှိသည့် အဖွဲ့အစည်းတစ်ခုခုက ထုတ်ကုန်၊ ဝန်ဆောင်မှု၊ လုပ်ငန်းစဉ်၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းသို့မဟုတ် စီမံခန့်ခွဲမှုစနစ် စသည်တို့သည် သတ်မှတ်ထားသည့်လိုအပ်ချက်များနှင့် ကိုက်ညီ မှုရှိသည်ကို အာမခံပေးသည့်လက်မှတ် ထုတ်ပေးခြင်းဖြစ်ပါသည်။ အများသိကြ သည့်ဥပမာများမှာ သက်ဆိုင်ရာများမှ အတည်ပြုပေးသည့် ISO 9001 နှင့် ISO 14001 ကဲ့သို့ သော အရည်အသွေးစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာအသိအမှတ်ပြုလက်မှတ်များ စသည်တို့ဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် စီးပွားရေး လုပ်ငန်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းပေါင်း တစ်သန်းကျော်သည် တစ်ခုသို့မဟုတ်တစ်ခုထက်ပိုသော စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စီမံခန့်ခွဲမှု စနစ်များ ရှိကြကြောင်း UNIDO က ဆိုသည်။ ခေတ်ပေါ် စီမံခန့်ခွဲမှုစနစ်များမှာ အစား အသောက် ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုစနစ် ISO 22000 ၊ စွမ်းအင်စီမံခန့်ခွဲမှုစနစ် ISO 50001 နှင့် သတင်းအချက်အလက်လုံခြုံရေးစီမံခန့်ခွဲမှုစနစ် ISO/IEC 27001 တို့ဖြစ်ကြသည်။ ထုတ်ကုန် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရာတွင် တင်သွင်းသူ၏ အရည်အသွေးစီမံခန့်ခွဲမှုစနစ်နှင့်အတူ ကနဦး ဓာတ်ခွဲစမ်းသပ်မှုရလဒ်များလည်း ပါဝင်သင့်သည်။ ၎င်းနောက်တွင် စက်ရုံသို့မဟုတ် စျေးကွက်မှ နမူနာယူ ဓာတ်ခွဲစမ်းသပ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။ စားသုံးသူများ သို့မဟုတ် အသုံးပြုမည့်သူများအတွက် အန္တရာယ်ဖြစ်နိုင်မည့်အခြေအနေကဲ့သို့သော အချက် အလက်များပေါ်မူတည်၍ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့် အစီအမံများကိုရွေးချယ် ဆောင်ရွက်သင့်ပါသည်။
အရည်အသွေးအဆောက်အအုံ၏အဓိကကျသော အစိတ်အပိုင်းများကို စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ တိကျစွာတိုင်းတာခြင်း၊ အရည်အသွေးကိုက်ညီမှုအကဲဖြတ်ခြင်းနှင့် အသိအမှတ် ပြု ခန့်အပ်တာဝန်ပေးအပ်ခြင်း တို့အတွက် တာဝန်ရှိကြသော အဆင့်မြင့်အဖွဲ့အစည်းများဖြင့် တည်ဆောက်ထားသည်။
စံချိန်စံညွှန်းသတ်မှတ်ခြင်း(Standardization)
စားသုံးသူများသည် ဝယ်ယူသုံးစွဲသည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ မျှော်လင့်ချက်များစွာ ရှိကြသည်။ အဆိုပါထုတ်ကုန်နှင့်ဝန်ဆောင်မှုများသည် သုံးစွဲရသည့် ရည်ရွယ်ချက်နှင့် ကိုက်ညီ စေရန်၊ အသုံးပြုရာတွင် ဘေးကင်းမှု၊ လွယ်ကူမှုရှိစေရန်၊ မိမိကျန်းမာ ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်၊ ယုံကြည်စိတ်ချ ရမှုရှိရန်နှင့် စွမ်းဆောင် ရည်ရှိရန်၊ အခြားထုတ်ကုန်များထက် စီးပွားရေးအရ တွက်ချေကိုက်ရန်နှင့် အကျိုးကျေးဇူး ပိုမိုရရှိရန် မျှော်လင့်တတ်ကြသည်။ အဆိုပါမျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်ရေး စံချိန်စံညွှန်းများက အထောက်အကူပြုသည်။ စံချိန်စံညွှန်းများသည် သဘောတူညီချက် အထောက်အထားများဖြစ်ကြပြီး ၎င်းတို့တွင် အတိုင်းအတာနှင့်ပတ်သက်သည့် ဝိသေသ လက္ခဏာများ၊ အနိမ့်ဆုံးနှင့်အမြင့်ဆုံးသတ်မှတ်ချက်များ၊ အလေးချိန်များ၊ လုပ်ငန်းစဉ်များ၊ စနစ်များ၊ အကောင်းဆုံး အလေ့အထများနှင့် အဆိုပါထုတ်ကုန် သို့မဟုတ်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ရောင်းသူနှင့် ဝယ်ယူအသုံးပြုသူတို့ကြား ယုံကြည်မှုတည်ဆောက်ပေးနိုင်မည့် အခြားသတ်မှတ်ချက်များ ပါဝင်သည်။ သက်ဆိုင်ရာကဏ္ဍအလိုက် ကမ္ဘာ့ပညာရှင် များရေးဆွဲ ထားသည့် နိုင်ငံတကာစံချိန်စံညွှန်းများသည် နည်းပညာ ဆိုင်ရာ လိုအပ်ချက်များအတွက် အဓိကကျသော အရင်းအမြစ်များ ဖြစ်ကြသည်။
ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ၏ ဝိသေသလက္ခဏာများကို ပြဌာန်းခြင်းဖြင့် ပြည်ပ ပို့ကုန်စျေးကွက်၏ လိုလားချက်အပေါ်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတကာ စံချိန်စံ ညွှန်းများသည် အကန့်အသတ်ရှိသော အရင်းအမြစ်များအပေါ် ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက် ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရေး ဖွံ့ဖြိုးဆဲနိုင်ငံများအား အထောက်အကူ ဖြစ်စေသည်။ အရည်အသွေးအဆောက်အအုံစနစ်တစ်ခုတွင် စံချိန်စံညွှန်းသတ်မှတ်ခြင်း လုပ်ငန်းသည် ISO ကဲ့သို့သောနိုင်ငံတကာအဖွဲ့အစည်းများတွင် နိုင်ငံ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည့် အမျိုးသားစံချိန်စံညွှန်းပြဌာန်းရေးအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက် လေ့ရှိသည်။အဆိုပါ အမျိုးသားစံချိန်စံညွှန်းပြဌာန်းရေးအဖွဲ့အစည်းသည် နိုင်ငံစီးပွားရေး အတွက်အဓိကအရေးကြီးသောအမျိုးသားစံချိန်စံညွှန်းများကိုရေးဆွဲပြဌာန်းနိုင်ရေး ဆောင်ရွက် ကြရသည်။ အမျိုးသားစံချိန်စံညွှန်းပြဌာန်းရေးအဖွဲ့အစည်း အနေဖြင့် စံချိန်စံ ညွှန်းတစ်ခုကို ရေးဆွဲနိုင်ခြင်းမရှိပါက နိုင်ငံတကာစံချိန်စံညွှန်းများကို ဘာသာပြန်ဆို၍ မိမိ နိုင်ငံ၏ စံချိန်စံ ညွှန်းအဖြစ် အခမဲ့အသုံးပြုဆောင်ရွက်နိုင်သည်။ နိုင်ငံတကာစံချိန်စံညွှန်းများကို အသုံးပြုခြင်း အားဖြင့် နိုင်ငံတကာမှအသိပညာများရရှိမည့်အပြင် ပြည်တွင်းထုတ်ကုန်များအား ပြည်ပ ဖောက်သည်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ သည်။ စားသုံးသူများအနေဖြင့်လည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေး အာမခံချက်ရှိသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရှိ ကြမည် ဖြစ်ပါသည်။
တိကျစွာတိုင်းတာခြင်း(Metrology)
တိကျစွာတိုင်းတာခြင်းဆိုသည်မှာ သိပ္ပံနည်းကျတိုင်းတာခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏ နေ့စဉ် ဘဝအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ဥပမာ- အစားအသောက် အချို့ကို အလေးချိန်ဖြင့် ဝယ်ယူရသည်။ လျှပ်စစ်ဓာတ်အားကို မီတာယူနစ်ဖြင့်သုံးစွဲကြရသည်။ နားလည်ရလွယ်ကူသော နောက်ထပ် ဥပမာများမှာ ဆေးဖက်ဆိုင်ရာကိရိယာများ၏ မှားယွင်း သောတိုင်းတာမှုများ၊ မော်တော်ယာဉ်များ၏ ဘရိတ်စနစ်နှင့် လေယာဉ်အင်ဂျင်တို့၏ အဓိက အစိတ်အပိုင်းများကို ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ရာတွင် မှားယွင်းသောတိုင်းတာမှု များစသည်တို့သည် ကြီးမားသောဘေးအန္တရာယ်ကိုဖြစ်စေနိုင်ခြင်းတို့ ဖြစ်သည်။ မှန်ကန်သော တိုင်းတာမှုစနစ်များနှင့် တိကျသောတိုင်းတာရေးကိရိယာများသည် ပြည်သူ့ကျန်းမာရေး၊ လုံခြုံ စိတ်ချရမှုရှိရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စားသုံးသူများကို ကာကွယ်ပေးနိုင်ရန် လိုအပ်ပါသည်။ အဆိုပါ တိုင်းတာမှုတို့သည် စီးပွားရေးလုပ်ငန်းအချင်းချင်း ကန်ထရိုက်စာချုပ်များ ချုပ်ဆိုရာတွင် လည်းကောင်း ကမ္ဘာ့ ကုန်သွယ်မှုတွင်လည်းကောင်း များစွာအရေးပါသည်။
ဓာတ်ခွဲခန်းသုံးကတ္တားများနှင့် အခြားကိရိယာများသည် စံဖြင့်တိုက်ကြည့် စစ်ဆေးခြင်း များ(calibrate) ဆောင်ရွက် ထားရန်လိုအပ်သည်။ သို့မှသာ ၎င်းတို့သည် ယုံကြည် စိတ်ချရ သည့် တိုင်းတာမှုများကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အပူချိန်နှင့် ဖိအားတိုင်း တာခြင်းကဲ့ သို့သော တိုင်းတာရေးကိရိယာများကို စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် မထားပါက စံချိန်စံညွှန်းများနှင့်ကိုက်ညီသောထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကျေနပ်လောက် အောင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါ။ အမျိုးသားအဆင့်အတိုင်းအတာများကို အမျိုးသားတိကျစွာ တိုင်းတာရေးနည်းပညာဌာန ( national metrology institute- NMI ) က တာဝန်ယူ ထုတ်ပြန်ပေးရသည်။ အဆိုပါဌာနအနေဖြင့် နိုင်ငံတကာ အလေးချိန်နှင့် အတိုင်း အတာကော်မတီ( International Committee of Weights and Measures) ၏ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ်တွင် နိုင်ငံကိုယ်စားပြုလက်မှတ် ရေးထိုးရသည်။ နိုင်ငံတကာ အလေးချိန်နှင့်အတိုင်းအတာကော်မတီအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုအထောက်အကူပြု စံချိန်စံ ညွှန်းများ၊ စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း အသိအမှတ်ပြုလက်မှတ်များနှင့်စပ်လျှဉ်း၍ အပြန် အလှန် အသိအမှတ်ပြုနိုင်ရေးအတွက် နည်းပညာနှင့်အဖွဲ့အစည်းဆိုင်ရာ အခြေခံမူ ဘောင်များ ထောက်ပံ့ဆောင်ရွက်ပေးသည်။
အသိအမှတ်ပြုခန့်အပ်တာဝန်ပေးအပ်ခြင်း(Accreditation)
အသိအမှတ်ပြုခန့်အပ်တာဝန်ပေးအပ်ခြင်းဆိုသည်မှာ အခွင့်အာဏာရှိသည့်အဖွဲ့အစည်း တစ်ခုကအဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးသည် လုပ်ငန်းတစ်ခုခုကို လုပ်ဆောင် ရန်အခွင့်ရှိကြောင်း တရားဝင် အသိအမှတ်ပြုတာဝန်ပေးအပ်ခြင်းပင်ဖြစ်သည်။ အရည်အသွေး အဆောက်အအုံတစ်ခုတွင် အသိအမှတ်ပြု ခန့်အပ်တာဝန်ပေးခွင့်ရှိသော အဖွဲ့အစည်း တစ်ခု အနေဖြင့် စစ်ဆေးအကဲဖြတ်သော အဖွဲ့အစည်းများ (Inspection bodies)၊ ဓာတ်ခွဲခန်းများ (Testing Laboratories)၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည့် အဖွဲ့အစည်းများ (Certification bodies) ကို ခန့်အပ်တာဝန်ပေးနိုင်ရေး အကဲဖြတ်ရာတွင် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းကျွမ်းကျင်မှု၊ ၎င်းအဖွဲ့အစည်း၏စီမံခန့်ခွဲမှုစနစ်၊ တာဝန်ယူ ဆောင်ရွက်မည့်ပုဂ္ဂိုလ်များကို စိစစ် ဆောင်ရွက်ရပါသည်။ ထိုကဲ့သို့ တရားဝင်အတည်ပြုခြင်းကို အသိအမှတ်ပြုခန့်အပ် တာဝန်ပေးအပ်ခြင်းဟု ခေါ်ဆိုနိုင်ပြီး ဖောက်သည်များ၊ အသုံးပြုသူ များအနေဖြင့် အဆိုပါအဖွဲ့အစည်းများသည် ၎င်းတို့၏လုပ်ငန်းတာဝန် အပေါ်ကောင်းစွာ တာဝန်ယူဆောင်ရွက်နိုင်ကြောင်း ယုံကြည်မှုကိုရရှိစေသည်။ အသိအမှတ်ပြုခန့်အပ် တာဝန်ပေး အပ်ခြင်းကို အမျိုးသားအသိအမှတ်ပြုခန့်အပ်တာဝန်ပေးအပ်ရေးဌာန (National accreditation body) က တာဝန်ယူ ဆောင်ရွက်လေ့ရှိသည်။ အဆိုပါဌာအနေဖြင့် ၎င်း၏ အသိအမှတ် ပြုခန့်အပ် တာဝန်ပေးအပ်ခြင်းများကို နိုင်ငံတကာ အသိအမှတ်ပြုခန့်အပ်ရေးဖိုရမ် (International Accreditation Forum- IAF) နှင့် နိုင်ငံတကာ ဓာတ်ခွဲခန်းများ အသိအမှတ်ပြု ခန့်အပ်ရေးဖိုရမ် ( International Laboratory Accreditation Forum- ILAC) တို့တွင် တင်ပြကြရသည်။ IAF နှင့် IAFC တို့အနေဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းများ၊ စစ်ဆေး အကဲဖြတ် ခြင်းများ၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းများ၊ အသိအမှတ် ပြုခန့်အပ် ခြင်းများ၏ ရလဒ်များနှင့်စပ်လျှဉ်း၍ နှစ်ဦးနှစ်ဖက်ဖြစ်စေ၊ အများနှင့်ဖြစ်စေ အပြန်အလှန် အသိအမှတ်ပြု ကြစေမည့် သဘောတူညီမှုများ သို့မဟုတ် အစီအမံများ (Mutual or Multilateral Recognition Agreements or Arrangements -MRA) ရရှိစေရေးအားပေးမြှင့်တင်ဆောင်ရွက်ပေးသည်။ MRA များသည် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ စနစ်များ၊ လုပ်ငန်းစဉ်များ၊ ပစ္စည်းကိရိယာများကို ကုန်သွယ်မှုဆောင်ရွက်ရာတွင် (အထူးသဖြင့် နယ်စပ်ကုန်သွယ်မှုတွင်) အသိအမှတ်ပြု အထောက်အထားများစွာ တင်ပြရခြင်းကို လျှော့ချပေးနိုင်မည့် အရေးကြီး သော အဆင့်တစ်ဆင့်ဖြစ်သည်။ MRA များသည် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ နိုင်ငံတစ်ခုအတွင်း အရည်အသွေးအသိအမှတ်ပြု အထောက်အထားတစ်ခုဖြင့်သာ လက်ခံကြ စေရေး ဆောင်ရွက်ပေးနိုင်သည်ဖြစ်ရာ အဆိုပါ MRA များသည် နိုင်ငံတကာ ကုန်သွယ်မှုတွင် ကုန်စည် ပေးသွင်းသူများနှင့် ဖောက်သည်များအတွက် အကျိုးရှိစေမည်ဖြစ်ပါသည်။
အရည်အသွေးအဆောက်အအုံစနစ်၏ အခြေခံအစိတ်အပိုင်းတစ်ရပ်မှာ စီမံအုပ်ချုပ်မှု အပိုင်းဖြစ်သည်။ အရည်အသွေးအဆောက်အအုံစနစ်အား နိုင်ငံတော်အစိုးရက ဦးဆောင်သူ အဖြစ်ဆောင်ရွက်ရလေ့ရှိပြီး ဦးဆောင်သူအနေဖြင့် အရည်အသွေးအဆောက်အအုံ၏ မူဝါဒ ရည်မှန်းချက်များကိုဖြည့်ဆည်းရန်လည်းကောင်း၊ နိုင်ငံ၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိ စေရန် လည်းကောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများ၊ အလေ့အထကောင်းများနှင့် ကိုက်ညီမှုရှိစေရန် လည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်မှုစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိစေရန်လည်းကောင်း စတင် အကောင် အထည်ဖော်နိုင်၊ တာဝန်ခံနိုင်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအရည်အသွေး ဆိုင်ရာ မူဝါဒများဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးအဆောက် အအုံစနစ်၏ အခြေခံမူဘောင်များချမှတ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရလေ့ရှိပါသည်။
အမျိုးသားအရည်အသွေးမူဝါဒ (National Quality Policy-NQP)
အမျိုးသားအရည်အသွေးမူဝါဒသည် အရည်အသွေးအဆောက်အအုံစနစ်ကို ထူထောင် ရန်နှင့် ခြုံငုံသုံးသပ်နိုင်ရန်အတွက် အစိုးရ၏အခြေခံကိရိယာတစ်ခုဖြစ်သည်။ အရည်အသွေး အဆောက်အအုံ၏ ရည်မှန်းချက်များ၊ လမ်းပြမြေပုံနှင့် အစီအစဉ်များ ချမှတ်ဆောင်ရွက် ရမည်ဖြစ်သည်။ အရည်အသွေး အဆောက်အအုံစနစ်၏ အရေးပါမှုကို လည်ကောင်း၊ အရည်အသွေးအဆောက်အုံစနစ်မှ မည်သူတို့ကို မည်သို့အကျိုးဖြစ်ထွန်းစေသည် ကိုလည်း အသိပညာပေးခြင်းဖြင့် အမျိုးသားအရည်အသွေးမူဝါဒ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ NQP ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ stakeholders များမှ ပါဝင် ဆောင်ရွက်ကြစေရေး ဖိတ်ခေါ်ဆောင်ရွက်နိုင်ပါသည်။ အဆိုပါ stateholders များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အေဂျင်စီများ၊ ထိန်းကျောင်းဆောင်ရွက်ရသောအဖွဲ့အစည်းများ၊ ကုန်သည်များ နှင့်စက်မှုလုပ်ငန်း အသင်းအဖွဲ့များ၊ ကုန်သည်ကြီးများအသင်း၊ စားသုံးသူ အသင်းအဖွဲ့များ စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် စံကိုက်ညှိစစ်ဆေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သူများနှင့် အဆိုပါဝန်ဆောင်မှုများကို အသုံးပြုသူ များလည်း ပါဝင်ပါသည်။ အဆိုပါ ကိုယ်စားလှယ်များ၏ အကြံပြုချက်များသည် အရည်အသွေး အဆောက်အအုံစနစ်နှင့် မူဝါဒများကို နိုင်ငံ၏လိုအပ်ချက်နှင့်ကိုက်ညီစေရေး အထောက်အကူ ဖြစ်စေပါသည်။အဆိုပါပုဂ္ဂိုလ်များအားအရည်အသွေးအဆောက်အအုံစနစ်တွင်ပါဝင်ဆောင်ရွက်လာကြစေရေး အားပေး မြှင့်တင်ရမည်ဖြစ်ပါသည်။
အခြေခံမူဘောင်
အရည်အသွေးအဆောက်အအုံစနစ်မှရရှိနိုင်သည့်အဓိကမျှော်လင့်ချက်မှာကမ္ဘာ့စျေးကွက်သို့ ထိုးဖောက် ဝင်ရောက်ခွင့်ရရှိနိုင်ခြင်းပင်ဖြစ်သည်။ ဤအချက်သည်နိုင်ငံအတွက် အရေးကြီး ပါသည်။ နိုင်ငံမှပြဌာန်းသော စံချိန်စံညွှန်းများနှင့် နည်းပညာဆိုင်ရာ စည်းမျဉ်း များသည် ကမ္ဘာ့ကုန်သွယ်မှုစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိရန် လိုအပ်သော ကြောင့်ဖြစ်သည်။ အဆိုပါ စည်းမျဉ်းများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization - WTO) မှ ထုတ်ပြန် ပေးပါသည်။
မဖြစ်မနေလိုက်နာရမည့် နည်းပညာဆိုင်ရာစည်းမျဉ်းများ (Technical Regulations) ၏ သဘော သဘာဝအရ ၎င်းတို့သည် နိုင်ငံများအကြား ကုန်စည်နှင့်ဝန်ဆောင်မှုများကို မြောက်များ စွာစီးဆင်းနိုင်ရေး ကုန်သွယ်မှုအတွက် နည်းပညာဆိုင်ရာအတားအဆီး (Technical barriers to trade-TBT) များ ဖြစ်လာတတ်ပါသည်။ ယေဘူယျအားဖြင့် စံချိန်စံညွှန်းများသည် ဆန္ဒ အလျောက်သာ လိုက်နာဆောင်ရွက် နိုင်သော်လည်း မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်များအရ စည်းမျဉ်းများအဖြစ် ပြဌာန်းလိုက်ပါက မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် စံချိန်စံညွှန်းများနှင့် စည်းမျဉ်းများကို တသမတ်တည်း အသုံးပြုခြင်းသည် နည်းပညာဆိုင်ရာအတားအဆီးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှု ဆိုင်ရာစည်းမျဉ်းများကို မတူညီသောဝန်ကြီးဌာနအသီးသီးက ပြဌာန်းထုတ်ပြန် ကြသည်။ သို့ဖြစ်ရာ ထိန်းကျောင်းဆောင်ရွက်ရသည့် အဖွဲ့အစည်းများကြားညီညွတ်မှုရှိစေရေး အရည် အသွေး အဆောက်အအုံစနစ် တွင် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံမူ ဘောင်တစ်ခုရှိရန် ဆောင်ရွက်ကြရပါသည်။
မြန်မာနိုင်ငံ၏အရည်အသွေးအခြေခံအဆောက်အအုံစနစ်
မြန်မာနိုင်ငံ၏ အရည်အသွေးအခြေခံအဆောက်အအုံစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအောက်ရှိ အမျိုး သားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနက Focal အဖြစ် တာဝန်ယူဆောင်ရွက် လျှက်ရှိပါသည်။
စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေကို ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂၈ ဖြင့်ပြဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေတွင် အမျိုးသား စံချိန်စံညွှန်း ကောင်စီဖွဲ့စည်းခြင်းနှင့် စံချိန်စံညွှန်း လုပ်ငန်း ကော်မတီ ဖွဲ့စည်းခြင်းတို့အတွက် ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို တိတိကျကျသတ်မှတ်ထားပါသည်။ အဆိုပါဥပဒေအရ ကုန်ကြမ်းပစ္စည်း၊ စက်ကိရိယာတန်ဆာပလာ၊ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်၊ စမ်းသပ် စစ်ဆေးနည်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာနိုင်ငံစံချိန်စံညွှန်းကို သတ်မှတ် ခြင်း၊ သွင်းကုန်ပစ္စည်းနှင့် ပို့ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံစံချိန်စံညွှန်းကို သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံစံချိန်စံညွှန်းများတွင် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများကို သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံ စံချိန်စံညွှန်းများကို သက်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများက လက်ခံကျင့်သုံးရေးအတွက် ဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်းဆိုင်ရာအမှတ်တံဆိပ် သုံးစွဲခွင့်ရ ယူထားသော ဌာန၊ အဖွဲ့အစည်းက သက်ဆိုင်ရာ စံချိန်စံညွှန်းပါ သတ်မှတ် ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/ မရှိစမ်းသပ်စစ်ဆေးခြင်း၊ အသိအမှတ်ပြုလွှာ နှင့် အရည်အသွေး ထောက်ခံချက်များ ထုတ်ပေးခြင်းဆိုင်ရာ စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊ အသိအမှတ်ပြု လွှာနှင့် အရည်အသွေးထောက်ခံချက်များ လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်း၊ ဥပဒေအရ တိကျစွာ တိုင်းတာခြင်း နည်းပညာနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လာ နိုင်ခဲ့ပါသည်။
အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန
အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနအောက်တွင် စံချိန်စံညွှန်းရေးဆွဲရေးဌာနခွဲ၊ အသိအမှတ်ပြု ဌာနခွဲနှင့် တိကျစွာတိုင်းတာခြင်းနည်းပညာဌာနခွဲဟူသည့် ဌာနခွဲ(၃)ခုဖြင့် သက်ဆိုင်ရာလုပ်ငန်းများကို တာဝန်ယူ ကြီးကြပ် ဆောင်ရွက်လျှက်ရှိပါသည်။
စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲသည် ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးနှင့် လူနေမှုဘဝဖွံဖြိုး တိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသော မြန်မာစံချိန်စံညွှန်း ချမှတ်နိုင်ရန်၊ ယင်းမြန်မာစံချိန်စံညွှန်းများအား ထိန်းသိမ်းရန်နှင့် အဆိုပါစံချိန်စံညွှန်းများအား ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လုပ်ငန်းစဉ်များ အားလုံး တွင် အသုံးပြုမှု တိုးမြင့် တင်ရန်တို့အတွက် တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် စံချိန်စံညွှန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲအနေဖြင့် စက်မှုလုပ်ငန်းကဏ္ဍနှင့် အခြားအသင်း အဖွဲ့များသို့စံချိန်စံညွှန်းဆိုင်ရာအသိပညာပေးသင်တန်းများပေးခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ခြင်း ဆိုင်ရာနယ်ပယ်တွင် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်မှုဆိုင်ရာနည်းပညာ အတားအဆီး များနှင့် သက်ဆိုင်သော အမျိုးသားအဆင့်စုံစမ်းရေးဌာနအနေဖြင့် ဆောင်ရွက်ခြင်းနှင့် မြန်မာ စံချိန်စံညွှန်းများ စဉ်ဆက်မပြတ် ဖော်ထုတ်နိုင်ရေးအတွက် အချက်အလက်များ စုဆောင်း ခြင်းနှင့် သုတေသနလုပ်ငန်းများပြုလုပ်ခြင်းကိုလည်း ဆောင်ရွက်လျှက်ရှိပါသည်။
စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲသည် မြန်မာစံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသား စံချိန်စံညွှန်းကောင်စီမှဖွဲ့စည်းထားသော စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ(၂၅)ခုနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲရှိ စံချိန်စံညွှန်း စာကြည့်တိုက်တွင် အရည်အသွေး စီမံခန့်ခွဲမှုစနစ် (quality management system)၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်း (conformity assessment) နှင့် အရည်အသွေးအခြေခံအဆောက်အအုံနှင့်သက်ဆိုင်သော စာအုပ် အမျိုးမျိုးအား လေ့လာဖတ်ရှု ကိုးကားနိုင်ကြောင်း၊ အဆိုပါစာကြည့်တိုက်တွင် ISO, IEC ကဲ့သို့သော အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများ၊ ASTM standards၊ British standards၊ India standards၊ DIN standards, Russian standards၊ ISO Focus နှင့် အခြားစံချိန်စံညွှန်းဆိုင်ရာ newsletters နှင့် standards catalogues များရရှိနိုင်ကြောင်း၊ လေ့လာလိုသူများအနေဖြင့် ရုံးချိန်အတွင်း စာကြည့်တိုက်သို့ လာရောက်ဖတ်ရှု့နိုင်ကြောင်း သိရှိရပါသည်။
အသိအမှတ်ပြုဌာနခွဲ (မြန်မာအသိအမှတ်ပြုအဖွဲ့)သည် မြန်မာနိုင်ငံတွင် အရည် အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များအား အသိအမှတ်ပြုရန်အတွက် တာဝန်ရှိသော ဌာန ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာမှ သတ်မှတ် ထားသည့် အသိအမှတ်ပြုအဖွဲ့များလိုက်နာရန် လိုအပ် သော စံချိန်စံညွှန်း ISO/IEC 17011 နှင့်အညီ အသိအမှတ်ပြု လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။
အသိအမှတ်ပြုဌာနခွဲသည် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုစံချိန်စံညွှန်းများ၊ လမ်းညွှန် ချက်များ နှင့်အညီအကောင်အထည်ဖော်ဆောင်နိုင်ရန် UNIDO ကျွမ်းကျင် ပညာရှင်၏ အကူအညီဖြင့် လမ်းပြမြေပုံရေးဆွဲပြီး လုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်မှုအဖြစ် UNIDO နှင့် PTB (Germany) တို့မှ အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင်ရာသင်တန်းများဖြစ်သော ISO/IEC17011, ISO/IEC17025, ISO/IEC17020, ISO/IEC 17065 နှင့် ဦးဆောင် အကဲဖြတ်စစ်ဆေးသူ(Lead Assessor) သင်တန်းများကို ပို့ချခဲ့ကြောင်း သိရှိရပါသည်။
အသိအမှတ်ပြုဌာနခွဲကို အပြည်ပြည်ဆိုင်ရာမှ အသိအမှတ် ပြုသည့်အဖွဲ့ ဖြစ်လာ စေရေးအတွက် အသိအမှတ်ပြုလုပ်ငန်းများကို ပူးတွဲအကဲဖြတ်စစ်ဆေးနိုင်ရန် မိတ်ဖက် အသိအမှတ်ပြုအဖွဲ့အဖြစ် ရွေးချယ် ထားသော Singapore Accreditation Council (SAC)နှင့် ၂၀၁၇ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သော (၆) ကြိမ်မြောက် Joint Ministerial Working Committee တွင် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံရှိ အရည်အသွေးကိုက်ညီမှုစစ်ဆေးသောအဖွဲ့များအား စင်ကာပူအသိအမှတ်ပြုကောင်စီသည် အသိ အမှတ်ပြုဌာနခွဲနှင့် ပူးတွဲဆောင်ရွက်မည့် အသိအမှတ်ပြုလုပ်ငန်းများအား သိရှိနိုင်စေရန်အတွက် Knowledge sharing session on Accreditation for Conformity Assessment Bodies in Myanmar အစည်းအဝေးပွဲကို လည်းကောင်း၊ ISO/IEC17025, ISO 15189, ISO/IEC 17020 and Assessor Training များကိုလည်းကောင်း၊ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ပါသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် စင်ကာပူအသိအမှတ်ပြုကောင်စီနှင့် မြန်မာအသိ အမှတ်ပြုအဖွဲ့တို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ အဏုဇီဝဓါတ်ခွဲခန်း အား ပူးတွဲအကဲဖြတ်စစ်ဆေးခြင်းကို စတင်ဆောင် ရွက်ခဲ့ကြပါသည်။ ထို့အပြင် စင်ကာပူအသိအမှတ်ပြုကောင်စီနှင့် မြန်မာအသိ အမှတ်ပြုအဖွဲ့တို့ သည် စင်ကာပူအသိအမှတ်ပြုကောင်စီ၏ ဆေးဘက်ဆိုင်ရာ ဓါတ်ခွဲခန်း(၂)ခုအား အကဲ ဖြတ်စစ်ဆေးခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
မြန်မာအသိအမှတ်ပြုအဖွဲ့၏ ဓါတ်ခွဲခန်းအသိအမှတ်ပြုဌာနခွဲမှ စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်းဆိုင်ရာအသိအမှတ်ပြုခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဌာနခွဲမှ ဓါတ်ခွဲခန်း များအား ISO/IEC 17025 ဆိုင်ရာလိုအပ်ချက်များနှင့် အခြားဆက်နွယ်သည့် လိုအပ်ချက်များပေါ်တွင် အခြေခံ၍ အကဲဖြတ်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ဓါတ်ခွဲခန်းအသိအမှတ်ပြုဌာနခွဲသည် စမ်းသပ် စစ်ဆေးခြင်းနှင့် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းဆိုင်ရာအသိအမှတ်ပြုခြင်းကို စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်းနယ်ပယ်တစ်ခု၏ သက်ဆိုင်ရာနည်းပညာ လိုအပ်ချက်များနှင့် ISO/IEC 17025 လိုအပ်ချက်များပေါ်တွင်အခြေခံ၍ အဆိုပါဓါတ်ခွဲခန်းများ၏ နည်းပညာ ဆိုင်ရာ စွမ်းဆောင်ရည် ပြည့်ဝ ကျွမ်းကျင်မှုကို ဆုံးဖြတ်ပေးနိုင်ရန်အတွက် Accreditation Scheme ကို ချမှတ်ထားပါသည်။ အသိအမှတ်ပြုခြင်း အတွက်စုံစမ်းလိုပါက မြန်မာအသိအမှတ်ပြုအဖွဲ့၏ email- accreditationdiv@gmail.com သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရပါသည်။
တိကျစွာတိုင်းတာခြင်းနည်းပညာဌာန (တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ-မြန်မာ)သည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်အတိုင်းအတာစံများကို ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုး တက်ရေး တို့ကိုဆောင်ရွက်ပြီး၊ အစိုးရအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများရှိ တိုင်းတာ ကိရိယာ များ၏ အတိုင်းအတာဆိုင်ရာမှန်ကန်တိကျမှုကို ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိ ပါသည်။ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာစံယူနစ်များ တစ်ပြေးညီဖြစ်စေရေး၊ အမျိုးသား အဆင့်အတိုင်းအတာစံများ၊ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာယူနစ် စနစ်များနှင့် စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း အထောက်အကူ ပြုပေးလျက် ရှိပါသည်။ တိကျစွာတိုင်းတာခြင်းနည်းပညာဌာနတွင် သိပ္ပံနည်းကျတိကျစွာတိုင်းတာခြင်း နည်း ပညာဌာန၊ ဥပဒေအရတိကျစွာတိုင်းတာခြင်းနည်းပညာဌာန၊ စက်မှုလုပ်ငန်း ဆိုင်ရာ တိကျစွာ တိုင်းတာခြင်းနည်းပညာဌာန ဟူ၍ ဖွဲ့စည်းထားပါသည်။
သိပ္ပံနည်းကျတိကျစွာတိုင်းတာခြင်းနည်းပညာသည် အမျိုးသားအဆင့်တိုင်း တာခြင်း ဆိုင်ရာ ယူနစ် စနစ်များသတ်မှတ်ခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများ ရှိအတိုင်း အတာ ဆိုင်ရာဓာတ်ခွဲခန်းများ၏ တိုင်းတာကိရိယာများကို စံဖြင့် တိုက်ကြည့် စစ်ဆေးခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်ပေးခြင်း၊ တိုင်းတာမှု လုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ ယူနစ်စနစ် (SI) နှင့် ကွင်းဆက်မပြတ် တိုက်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ပေးပါသည်။ လက်ရှိဌာနအနေဖြင့် အလေးချိန်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လျှပ်စစ်ဆိုင်ရာတိုင်းတာခြင်း၊ အလျားတိုင်းတာခြင်း၊ ဖိအားတိုင်းတာခြင်း၊ ထုထည်တိုင်းတာခြင်း တို့အား စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း ဝန်ဆောင်မှုကိုဆောင်ရွက်ပေးလျက်ရှိပါသည်။ ဌာနရှိတိုင်း တာခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများကို အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ဓာတ်ခွဲခန်း များဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
စက်မှုလုပ်ငန်းဆိုင်ရာတိကျစွာတိုင်းတာခြင်းနည်းပညာဌာနသည် စက်မှုလုပ်ငန်းများရှိ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားသောတိုင်းတာခြင်းဆိုင်ရာအဖွဲ့အစည်းများရှိ တိုင်းတာကိရိယာ များကို အမျိုးသားအဆင့် အတိုင်းအတာစံများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ စံဖြင့် တိုက်ကြည့် စစ်ဆေးခြင်းများကို ဝန်ဆောင်မှုပေးလျှက် ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိကျစွာတိုင်း တာခြင်းနည်းပညာဌာနအနေဖြင့် အလေးချိန်ဆိုင်ရာ တိုင်းတာကိရိယာများ၊ ကြိုတင် ထုတ်ပိုးကုန်ပစ္စည်းများကို ထိန်းချုပ်ရေးအတွက် တိုင်းတာကိရိယာများကို တိုက်ဆိုင် စစ်ဆေးခြင်း ဆောင်ရွက်ချက်များကို ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်လျှက်ရှိပါသည်။
ဥပဒေအရတိကျစွာတိုင်းတာခြင်းနည်းပညာ၏ အဓိကဆောင်ရွက်ချက်မှာ ကုန်သွယ် မှုနှင့် ဆက်စပ်လျက်ရှိသော တိုင်းတာကိရိယာများကို မှန်ကန်တိကျ စေရန်စစ်ဆေး ခြင်းဖြစ်ပါသည်။ အဆိုပါဆောင်ရွက်ချက်များအတွက် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများကို စမ်းသပ်စစ်ဆေးခြင်း၊ ဈေးကွက်အတွက် အသုံးပြုလျက်ရှိသည့် တိုင်းတာကိရိယာများကို စစ်ဆေးခြင်း၊ လောင်စာဆီဖြန့်ဖြူးရောင်းချသည့် ကိရိယာများကို စစ်ဆေးခြင်း၊ အိမ်သုံးနှင့် လုပ်ငန်းသုံးရေမီတာများကိုစစ်ဆေးခြင်း၊ ဈေးကွက်အတွင်းရှိ ကြိုတင်ထုတ်ပိုး ကုန်ပစ္စည်း များ၏ အတိုင်းအတာဆိုင်ရာများကို စစ်ဆေးခြင်းများ စသည်တို့ကို ဆောင်ရွက် ပါသည်။
မြန်မာနိုင်ငံတွင် တိကျစွာတိုင်းတာခြင်းနည်းပညာဥပဒေကိုပြဋ္ဌာန်ပြီးနောက် ဥပဒေအရတိကျစွာ တိုင်းတာခြင်းနည်းပညာအတွက် တိုက်ဆိုင်စစ်ဆေးသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ် ရန်လိုအပ်သော တိုင်းတာကိရိယာများကို တိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ပြီး အသိအမှတ်ပြုသည့်လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်သွားခြင်းဖြင့် စားသုံးသူကာကွယ်ရေး၊ အတိုင်းအတာဆိုင်ရာ ထုတ်ကုန်များနှင့် ကြိုတင်ထုတ်ပိုးကုန်ပစ္စည်းများထုတ်လုပ်ခြင်း လုပ်ငန်းများတွင် မျှတသော ကုန်သွယ်မှုကို ဖြစ်ပေါ်စေရေးတို့ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
တိကျစွာတိုင်းတာခြင်းနည်းပညာဌာနသည် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများ ဖြစ်သည့် UNIDO၊ PTB၊ GIZ၊ USAID နှင့် JICA စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခေတ်မီသော တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာအခြေခံအဆောက်အဦကို ခိုင်မာစေရန်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အာဆီယံစံချိန်စံ ညွှန်းနှင့်အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံ ကော်မတီအောက်ရှိ ဥပဒေအရတိကျစွာ တိုင်းတာခြင်းနည်းပညာလုပ်ငန်းအဖွဲ့ (ACCSQ – WG3) တာဝန်ခံဌာနအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာတိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာအဖွဲ့အစည်းများတွင်လည်း အဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အချုပ်အားဖြင့်ဆိုရပါက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုသည် အရေးအကြီးဆုံး ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် အရည်အသွေး အဆောက်အအုံစနစ်က များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ မိမိနိုင်ငံ၏ ထုတ်ကုန် များနှင့်ဝန်ဆောင်မှုများ၏အရည်အသွေးကိုမြှင့်တင်ရန်နှင့်ကမ္ဘာ့ကုန်သွယ်မှုလမ်းကြောင်းတွင်ပါဝင်ဆောင်ရွက်နိုင်ရန် အရည်အသွေးအဆောက်အအုံစနစ်က အထောက်အပံ့ဖြစ်စေရုံမက အရည်အသွေးမမှီသည့်ထုတ်ကုန်များ၊ဝန်ဆောင်မှုများတင်သွင်းမှုကိုတားဆီးနိုင်ရန်အရည်သွေး အဆောက်အအုံစနစ်ကို အသုံးချရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရည် အသွေး အဆောက်အအုံ စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholder များဖြစ်ကြသော အစိုးရဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များ၊ အရည်အသွေးအဆောက် အအုံဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက် သူများကလက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါ သည်။
DOCA(စစ်ကိုင်း)
ကိုးကား -United Nations Industrial Development Organization( UNIDO)
National Standards and Quality Department Myanmar