ကချင်ပြည်နယ် မိုးညှင်းဒေသထွက်ငါးချဉ်
မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းတွင် တည်ရှိသော ကချင်ပြည်နယ်သည် သဘာဝအလှတရား များ၊ တောင်တန်းများနှင့် မြစ်ချောင်းများပေါများသော ပြည်နယ်တစ်ခုဖြစ်သည်။ ကချင်ပြည်နယ် အတွင်းရှိ မိုးညှင်းမြို့နယ်သည် ရှမ်းလူမျိုးများနှင့် ကချင်လူမျိုးများ အဓိကရောနှောနေထိုင်ရာ ဒေသ ဖြစ်ပြီး ရိုးရာအစားအစာများဖြစ်သည့် ခေါပုပ်၊ ပေါင်းတင်းကျီ၊ မုန့်ညှင်းချဉ်၊ ဆီတိုဟူး၊ ပဲပုပ်၊ ရေစိမ် ခေါက်ဆွဲနှင့် ငါးချဉ် စသည့် စားသောက်ကုန်များစွာကို ထုတ်လုပ်ရာဒေသအဖြစ် ကျော်ကြားသည်။ ထိုအစားအစာများအနက် မိုးညှင်းငါးချဉ်သည်လည်း ဒေသခံများ၏ အဓိကနှစ်ခြိုက်စွာ စားသုံးသော ဒေသအစားအစာ တစ်မျိုးဖြစ်သည်။
မိုးညှင်းငါးချဉ်၏ မူလအစမှာ ကချင်ပြည်နယ်၊ မိုးညှင်းဒေသတွင် နေထိုင်သော ရှမ်းနီလူမျိုး များထံမှ ဆင်းသက်လာပြီး ငါးချဉ်ပြုလုပ်ခြင်းဓလေ့သည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာ ကတည်းကရှိခဲ့ပြီး မိုးညှင်းဒေသခံများသည် မိရိုးဖလာနည်းစနစ်များဖြင့် ငါးချဉ်ကိုထုတ်လုပ် လာခဲ့ကြသည်ဟုသိရသည်။ ရှေးခေတ်ကာလ ရေခဲသေတ္တာမရှိသည့် အချိန်တွင် မြစ်ချောင်း၊ အင်း၊ အိုင်များမှ ပေါများစွာရရှိသော ငါးများကို ကြာရှည်ခံအောင် သိုလှောင်ရန် ဆန်ဆေးရည်၊ ထမင်းရည် (သို့) ထမင်းဖြင့် အချဉ်ဖောက်သည့် နည်းကိုအသုံးပြုခဲ့ကြသည်။
ပထမဦးစွာ ငါးချဉ်ပြုလုပ်ရာတွင် သန့်ရှင်းစင်ကြယ်အောင် လိုအပ်သောသန့်ရှင်းမှုများ ပြုလုပ် ကြသည်။ ထို့နောက် ငါးသားများကို ကြိတ်စက်ကြိတ်ခြင်း (သို့မဟုတ်) ဓါးဖြင့် လိုသလိုစင်းပြီး အလေးများ ဖြင့်ဖိ၍ ၃ နာရီခန့် ရေစစ်ထားရသည်။ ရရှိလာသော ငါးအသားများကို ထမင်း၂၅% နှင့် ဆား ၅% ထည့်ကာ ငါးသားနှင့် ရောနှော၍ နာနာနယ်ရပြီး အရောအနှောပြုလုပ်၍ ရရှိလာသော ငါးအသားများကို တောင်စွန်ဖက် (သို့မဟုတ်) ငှက်ပျောဖက်ဖြင့် ထုတ်ပိုးပြီး ရိုးရိုးအခန်းအပူချိန်တွင် ထားပါက ၃ရက်မှ ၅ရက်ခန့်တွင် လိုအပ်သလိုပြုလုပ်၍ အသင့်စားသုံးနိုင်ပါသည်။ ထို့အပြင် ရေခဲသေတ္တာအတွင်း အပူချိန် ၅ မှ ၇ ဒီဂရီစင်တီဂရိတ်တွင် သိုလှောင်သိမ်းဆည်းထားပါက ၁ လခန့် အထားခံပြီး စားသုံးနိုင်ကြောင်း လေ့လာသိရှိရသည်။
ငါးချဉ်ပြုလုပ်ရန် ငါးရွေးချယ်ရာတွင် လတ်ဆတ်သော ရေချိုငါးများကို အဓိကအသုံးပြုသည်။ ငါးအမျိုးအစားများအနက် ငါးဖယ်၊ ငါးကြင်းဖြူ၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးဘတ်၊ ငါးရံ့၊ ငါးခုံးမ၊ ငါးဘဲ အစရှိသည့် ရေချို ငါးမျိုးစုံကို ရွေးချယ်အသုံးပြုကြသည်။ ငါးဖယ်ချဉ်နှင့် ငါးကြင်းချဉ်တို့သည် အကောင်းဆုံးငါးချဉ် အမျိုးအစားများဖြစ်ကြသည်။ ငါးဖယ်ချင်းချဉ်သည် အသားစေးညက်၍ အရသာ အကောင်းဆုံးဖြစ်ပြီး ငါးကြင်းချဉ်သည် အသားဆူဖြိုးပြီး အရသာပြည့်ဝသောကြောင့် လူကြိုက် များသည်။
ငါးချဉ်ပြုလုပ်ရန် အသင့်တော်ဆုံးအချိန်မှာ မိုးရာသီနှောင်းပိုင်းမှ ဆောင်းဦးကာလအတွင်း ဖြစ်သည်။ မိုးညှင်းဒေသ၏ ဆောင်းရာသီဥတုသည် အေးမြသဖြင့် ငါးချဉ်ဖောက်ခြင်းအတွက် အသင့် တော်ဆုံးဖြစ်သည်။ အပူချိန်မြင့်လွန်းပါက ငါးချဉ်မှိုတက်တတ်ပြီး ပုတ်သွားတတ်သည်။ ထို့ကြောင့် အေးမြသောရာသီတွင် ပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ မိုးညှင်းဒေသသ ကချင်ပြည်နယ် အတွင်း ပါဝင်သောကြောင့် အောက်မြန်မာပြည်ဒေသများထက် ပိုမိုအေးမြသည်။ ဤရာသီဥတုအခြေ အနေကြောင့် ငါးများသည်လည်း အသားနုပြီး အရသာပြည့်ဝသည်။
ငါးချဉ်ကို မိုးညှင်းဒေသတွင် ငါးကြီးချဉ်၊ ငါးဖယ်ချဉ်၊ ငါးလေးချဉ် ဟူ၍ ငါးအမျိုးအစားအလိုက် ခေါ်ဝေါ်ကြသည်။ ငါးကြီးချဉ်သည် ငါးအသားကို အသုံးပြု ပြုလုပ်ခြင်းဖြစ်ပြီး ငါးဖယ်ချဉ်သည် ငါးဖယ် အသားကို အရိုးမပါအောင် ခြစ်ပြီးငါးဖယ်ချဉ်အဖြစ်ပြုလုပ်ခြင်းဖြစ်သည်။ ငါးလေးချဉ်မှာမူ ငါးအသေး အကောင်လိုက် အသုံးပြု ပြုလုပ်ခြင်းဖြစ်သည်။
မိုးညှင်းငါးချဉ်သည် အခြားဒေသများမှ ငါးချဉ်များနှင့် နှိုင်းယှဉ်ပါက ထူးခြားသော လက္ခဏာများကို ပိုင်ဆိုင်ထားသည်။ ငါးချဉ်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း နှင့် ရှမ်းနံနံတို့ဖြင့်ရောနှောကာ အစိမ်းသုတ်အဖြစ် စားသုံးပါက ပိုမိုကောင်းမွန်သော အရသာကို ရရှိစေသည်။ ငါးချဉ်၏ထူးခြားချက်မှာ ၎င်း၏ ချဉ်သောအရသာသည် သဘာဝအလျောက် ဖြစ်ပေါ် လာခြင်းဖြစ်ပြီး ဓါတုပစ္စည်းများ မပါဝင်ခြင်းပင်ဖြစ်သည်။ ငါးချဉ်ကို ကြော်စားခြင်း၊ ချက်စားခြင်း ဖြင့်လည်း အရသာရှိသော ဟင်းတစ်ခွက် ရရှိနိုင်သည်။ ငါးချဉ်ကို စားသုံးရာတွင် အဓိကအားဖြင့် ထမင်းနှင့်တွဲဖက်၍ စားသုံးလေ့ရှိကြပါသည်။ မိုးညှင်းငါးချဉ်သည် ကချင်ပြည်နယ်၏ ရိုးရာအစား အစာ တစ်ခုသာမက ဒေသအစားအစာ ထုတ်ကုန်တစ်ခုလည်းဖြစ်သည်။ ၎င်းမှာ အချဉ်အရသာနှင့် စူးရှသောအနံ့ရှိပြီး နူးညံ့သည့် အရသာရှိသဖြင့် ကချင်ပြည်နယ် အတွင်း၌သာမက အခြားဒေသ များထိ ကျော်ကြားနေသော ဒေသအစားအစာ တစ်မျိုးဖြစ်သည်။
မိုးညှင်းဒေသထွက် ငါးချဉ် သုံးမျိုးစလုံးကို မိုးညှင်းမြို့၏ နံနက်ဈေးနှင့် ညဈေးတွင် အရောင်း အဝယ် ဖြစ်ကြောင်းသိရသည်။ လက်ရှိဈေးကွက်အတွင်း အရည်အသွေးမြင့် ငါးကြီးချဉ်နှင့် ငါးဖယ် ချဉ်၏ ဈေးနှုန်းမှာ တူညီမှုရှိပါသည်။ ထုတ်ပိုးမှုအနေဖြင့် (၇) မျိုးရှိသည်။ ထုတ်ပိုးမှု အလေးချိန် အရွယ် အစားအလိုက် ယခုလက်ရှိဈေးနှုန်းများအနေဖြင့် ၅ကျပ်သား-၂၅၀၀ကျပ်၊ ၁၀ကျပ်သား-၅၀၀၀ကျပ်၊ ၁၅ကျပ်သား-၇၅၀၀ကျပ်၊ ၂၀ကျပ်သား-၁၀၀၀၀ကျပ်၊ ၂၅ကျပ်သား-၁၂၀၀၀ကျပ်၊ ၅၀ကျပ်သား- ၂၄၀၀၀ကျပ်နှင့် ၁ပိဿာ-၄၈၀၀၀ကျပ်ဖြင့် အသီးသီးရောင်းအားကောင်းလျက်ရှိရာ ငါးချဉ်ဈေးကွက် အရောင်းအဝယ်ကောင်းလျက်ရှိပြီး ထိုက်သင့်သည့် အကျိုးအမြတ်ရှိကြောင်း သိရှိရပါသည်။
မိုးညှင်းဒေသထွက် ငါးချဉ်အမျိုးမျိုးသည် စားသုံးသူများပြားခြင်းကြောင့် ဝယ်လိုအားမှာ အားကောင်းမြဲ အားကောင်းနေဆဲဖြစ်သည်။ ပြည်တွင်းဈေးကွက် အနေဖြင့် ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများရှိ ဒေသထွက်ကုန်အရောင်းဆိုင်များမှ တစ်ဆင့်မှာယူမှု မြင့်မားနေဆဲဖြစ် သည်။ ဈေးကွက်အနေဖြင့် အရိုးလွတ်ငါးကြီးချဉ်ကို လေစုပ်စက်များဖြင့် သေသပ်စွာ ထုပ်ပိုးလာနိုင် ခြင်းကြောင့် ပြည်တွင်းဒေသများ၌ မှာယူမှု(Order) အမြောက်အများ ရရှိသဖြင့် ဝယ်လိုအား ပိုမိုကျယ်ပြန့် လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မိုးညှင်းငါးချဉ်သည် ဒေသအစားအစာတစ်မျိုး ဖြစ်သည့်နှင့်အညီ ငါးချဉ်နှင့် ပတ်သက်သော မြန်မာဆိုစကားတစ်ခုမှာ “ကိုယ့်ငါးချဉ် ကိုယ်ချဉ်” ဟူ၍ဖြစ်ပြီး လူတို့၏ ကိုယ်ပိုင်အစွဲအလမ်းများကို ထင်ဟပ်စေသည်။ မိုးညှင်းဒေသခံများသည် ငါးချဉ်ကို မိရိုးဖလာ နည်းစနစ်များဖြင့် ထုတ်လုပ်ကြပြီး မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်း ပေးအပ်လျက်ရှိသည်။ ထို့အပြင် ငါးချဉ်သည်ဒေသခံများ၏ စီးပွားရေးအတွက်လည်း အထောက်အကူပြုလျက်ရှိပြီး မိုးညှင်းငါးချဉ်သည် ကချင်ပြည်နယ်၏ ကျော်ကြားသော ဒေသအစားအစာတစ်မျိုး တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ရေးသားတင်ပြ လိုက်ပါသည်။
DOCA(ကချင်)
- Log in to post comments

















