ပုံစံဒီဇိုင်းအသစ်နဲ့ အသင့်စား ပြည်ကော်ရည်

Powered by Drupal
Thu, 05/11/2023 - 11:03 -- consumer_admin

         ပဲခူးတိုင်းဒေသကြီး (အနောက်)ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ဧရာဝတီမြစ်၏ စတုထ္ထမြောက်မြစ်ကျဉ်းတည်ရှိရာ မြို့ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီး (အနောက် ဘက်) အစွန်ဆုံးမြို့လည်းဖြစ်ပါသည်။ ခရိုင်ရုံးများစိုက်ရာမြို့ဖြစ်၍ လမ်းပန်း ဆက်သွယ်ရေး အထူးကောင်းမွန်ပြီး စီးပွားရေးအရ အချက်အခြာကျသော မြို့ကြီးတစ်မြို့ ဖြစ်ပါသည်။

        ကျွန်တော်တို့ ပြည်မြို့နယ်အတွင်း လည်ပတ်စရာနေရာများ၊ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ဘုရားများ၊ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ အပန်းဖြေစရာ နေရာများရှိသလို စားသောက်ဖွယ်ရာအစုံပေါများလှသော မြို့ကြီးတစ်မြို့လည်းဖြစ်ပါသည်။

       ပြည်မြို့အတွင်းရရှိနိုင်သော စားကောင်းသောက်ဖွယ်ရာများမှာ ကြက်သောက်ဆမ်း၊ ပြည်ထမင်းသုပ်၊  တောလက်ဖက်၊ ကတွက်ယို၊ မလိုင်၊ ဒိန်ချဉ်စသည်ဖြင့် အစားအသောက် မျိုးစုံရှိသည့်အနက် ပုံစံဒီဇိုင်းအသစ်နဲ့ ဈေးကွက် ထိုးဖောက်လာသည့် ပြည်ကော်ရည်အကြောင်းကို ရွေးချယ်တင်ပြပေးသွားမှာဖြစ်ပါသည်။

   ကော်ရည်ခေါက်ဆွဲဆိုတာ တရုတ်ပြည် ဖူကျန့်ပြည်နယ်နှင့် ထိုင်ဝမ်ဒေသတွင် လူကြိုက်များသည့် ရိုးရာအစားအသောက်တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကော်ရည်ခေါက်ဆွဲကို လူမျိုးမရွေး၊ ဘာသာမရွေး၊ နှစ်ခြိုက်စွာစားသုံးနေကြသလို ကျွန်တော်တို့ပြည်မြို့ရဲ့ နေရာအနှံမှာ ကော်ရည်ခေါက်ဆွဲအရောင်းဆိုင်များရှိပါသည်။ ဆိုင်တိုင်းလိုလိုမှာလည်း စားသုံးသူ အပြည့်ဝယ်ယူ အားပေးနေကြပါပြီး အထူးသဖြင့် မနက်အစောပိုင်း အချိန်တွေမှာ ပို၍စည်ကားကြပါသည်။

       ကျွန်တော်တင်ဆက်ချင်သည့် အကြောင်းအရာလေးကတော့ အချိန်ကုန်သက်သာပြီး အလွယ်တကူ ယူဆောင်၍ လက်ဆောင်အဖြစ်ပေးလို့ရတဲ့ အသင့်စားပြည်ကော်ရည်ချက်ပြုတ်ပုံကို မျှဝေသွားမှာ ဖြစ်ပါသည်။

(က) ပါဝင်သောပစ္စည်းများ

          ကော်ရည်(၅)ပွဲစာ တစ်ထုပ်မှာဆိုရင်

          (၁)     ခေါက်ဆွဲခြောက်       -         ၀.၂၅ ကျပ်သား

          (၂)      ကော်မှုန့်                  -         ၀.၀၀၅ ကျပ်သား

          (၃)     ကြက်သွန်ဖြူ            -         ၀.၀၁ ကျပ်သား

          (၄)     ကြက်သားမှုန့်           -         ၀.၀၀၅ ကျပ်သား

          (၅)     ငရုတ်ကောင်း           -         ၀.၀၄ ကျပ်သား

          (၆)     မုန့်ကြွပ်                   -         ၀.၀၀၅ ကျပ်သား

          (၇)     ဆား                       -         ၀.၀၀၅ ကျပ်သား

          (၈)     ပဲငံပြာရည်               -         ၀.၀၁ ကျပ်သား

          (၉)     သကြား                   -         ၀.၀၁ ကျပ်သား ပါဝင်မှာဖြစ်ပါသည်။

(ခ) ပြည်ကော်ရည်ချက်နည်း

(၁)     ဝက်သား(သို့မဟုတ်) ကြက်သား(၁၅)ကျပ်သားကို အတုံးသေးသေးတုံးထားပါ။ အရိုး အနည်းငယ်ထည့်ချက်ပါက ပိုကောင်းပါသည်။

(၂)      တုံးထားသောအသားများကို သကြား၊ ဆား၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ ထောင်းထား သောကြက်သွန်ဖြူတို့ဖြင့် သမအောင်ရောနယ်ပြီး ရေ (၂)လီတာထည့်၍ ဆူသည်အထိ တည်ပါ။

(၃)     ကော်မှုန့်ကို ရေဟင်းခပ်ဇွန်း (၂)ဇွန်းခန့်ရောမွှေပါ။ ပြီးလျှင် ရေဆူအိုးထဲသို့ လောင်းထည့် ပါ။

(၄)     ထပ်မံဆူလာပါက ငရုတ်ကောင်းမှုန့်၊ ကြက်ဥဖောက်ထည့်ပြီး မွှေပေးပါက ကော်ရည် ရရှိမည်ဖြစ်ပါသည်။

ရရှိလာသည့်ကော်ရည်ထဲသို့ ခေါက်ဆွဲပြုတ်၊ ပဲပင်ပေါက်ပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ အီကြာကွေး၊ ကြက်သွန်ချဉ်၊ မုန်လာချဉ်တို့နှင့် တွဲဖက်စားသောက်ပါက အလွန်အရသာရှိသော ကော်ရည်ခေါက်ဆွဲကို ရရှိလာမည်ဖြစ်ပါသည်။

     အသင့်စားပြည်ကော်ရည်သည် သယ်ယူရလွယ်ကူပြီး၊ အိမ်မှာ အလွယ်တကူ ချက်ပြုတ်စားသောက်လို့ရသည့်အပြင် ပြည်လက်ဆောင်အဖြစ် ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများကိုပေးရန် အမှတ်တရလက်ဆောင်ကောင်းတစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)