ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်သူအကျိုးများမည့် ဈေးကွက်အတွင်းမှ ငှက်ပျောသီးမှည့်

              ငှက်ပျောသီးသည် လူမျိုးမရွေးဘာသာမရွေး စားသုံးကြပါသည်။ မြန်မာဓလေ့အရ ငှက်ပျော ပင်သည် မင်္ဂလာဆောင်နှင့် အလှူပွဲများတွင် အုန်းသီးနှင့် ငှက်ပျောသီးတွဲဖက်ပြီး ရိုးရာဓလေ့အရ ပွဲတင်ပွဲတွင် တွဲဖက်အသုံးပြုလေ့ရှိပါသည်။ ငှက်ပျောပင်ကို မြန်မာအမျိုးသားရေး ပဒေသာပင် ဟု တင်စားခေါ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင် ထင်ရှားသော ငှက်ပျောမျိုးများမှာ ဖီးကြမ်းငှက်ပျော၊ ဗျင်ပြည့်ငှက်ပျော၊ ငှက်ပျောသူငယ်စာ၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော၊ သီးမွှေးငှက်ပျော၊ ရွှေနီငှက်ပျော၊ ရွှေဝါငှက်ပျော၊ နံ့သာပု၊ ထောပတ်၊ ဆင်စွယ်၊ ငှက်ပျောချဉ်၊ သုံးလုံး တစ်ပိဿာ စသည့် ငှက်ပျောမျိုးများ ရှိပါသည်။

          ငှက်ပျောပင်စိုက်ပျိုးရာတွင် ပူအိုက်စိုစွတ်သော၊ အပူပိုင်းမိုးများသော ရာသီများတွင် စိုက်ပျိုးလျှင် ငှက်ပျောအထွက်နှုန်းကောင်းပါသည်။ ငှက်ပျောစိုက်ပျိုးမြေသည် မြေဆီလွှာကောင်းပြီး အလွယ်တကူ  ထွန်ယက်နိုင်သော မြေနှင့် မြေဆွေးဓါတ်နှင့် မြေတွင် အာဟာရဓါတ်ကြွယ်ဝသော မြေအမျိုးအစားနှင့် နုန်းတင်မြေနု၊ သဲနုန်းမြေများတွင် ဖြစ်ထွန်းပါသည်။

          ငှက်ပျောပင်စိုက်ပျိုးပြီး ပင်သက်ခြောက်လ၊ ခုနှစ်လအကြာတွင် သားတက်များ ထွက်လာ ပါသည်။ထွက်လာသော သားတက်များထဲမှ အပင်ကြီးဆုံးနှင့် အသန်ဆုံးအပင်ကို ချန်ထားပြီး ကျန်သားတက်များကို ရှင်းလင်းပစ်ရပါသည်။

          အပင်(၆)လသားရောက်ပြီး အပင်များအား သေချာစွာပြုစုပေးသည်။ မိခင်အပင်မှ ငှက်ပျော ဖူးများစတင်ထွက်ရှိလာပါသည်။ ငှက်ပျောဖူးအတွင်းမှ အပွင့်ကလေးများသည် တဖြေးဖြေး ကြီးလာပြီး ငှက်ပျောခိုင်အဖြစ်ပြောင်းလဲပြီး အသီးများ ထွက်ရှိလာပါသည်။ ငှက်ပျောတစ်ခိုင်တွင် အဖီး ၉ ဖီးမျှ ပါတတ်ပြီး တစ်ဖီးလျှင် အသီး (၁၀)လုံး၊ (၁၅)လုံးခန့်အထိရှိတတ်သည်။ ငှက်ပျောပင် တစ်ပင်လုံးသည် အလွန်အသုံးဝင်သည့်စားပင်တစ်မျိုးဖြစ်သည်။ ငှက်ပျောဖူးကို သုတ်စားခြင်း၊ ချက်ပြုတ်စားခြင်းနှင့် ငှက်ပျောပင်အထဲမှ အူတိုင်လေးများကို မုန့်ဟင်းခါးချက်စားရာတွင် ငှက်ပျောအူကိုထည့်ပြီး စားလေ့ရှိ ပါသည်။ ငှက်ပျောခိုင်ကို ငှက်ပျောသီးအလွန်မရင့်မီ ခုတ်ယူထား ရပါသည်။ ငှက်ပျောပင်သည် ခြံများဖြင့် စိုက်ပျိုးသည့် ဦးရေမှာ မြန်မာနိုင်ငံ၌ ပေါများပါသည်။

          ငှက်ပျောသီးများကို ဈေးကွက်အတွင်းရောင်းချရာတွင် စီးပွားဖြစ်စိုက်ပျိုးသည့်အတွက် ကုန်စည်ဒိုင်ပွဲစားများသည် ခြံအပြတ်ဝယ်ယူလေ့ရှိပါသည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည့် တောင်သူများသည် ဈေးကွက်အတွင်း လက်လီရောင်းချရာတွင် ငှက်ပျောသီးအဖီးအရွယ်အစား အလိုက် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချကြပါသည်။

          ငှက်ပျောသီးကို အမှည့်အဖြစ် စားသောက်၍ရသကဲ့သို့ ငှက်ပျောသီးအစိမ်းကိုလည်း စားသောက်ကုန်အဖြစ် ရောင်းချရာတွင် ငှက်ပျောသီးကို အစိမ်းကြော်နှင့် အမှည့်ကြော်အဖြစ်လည်း ဈေးကွက်အတွင်း တစ်နိုင်တစ်ပိုင် မိသားစုစီးပွားအဖြစ်လည်း ရောင်းချကြပါသည်။

          မြန်မာလူမျိုးအများစုသည် ငှက်ပျောသီးမှည့်များအား မြန်မာရိုးရာစားသောက်ဖွယ်ရာအဖြစ် ငှက်ပျောသီးမုန့်၊ ငှက်ပျောသီးရွှေကြည်၊ ငှက်ပျောအုန်းနို့ပေါင်း၊ ငှက်ပျောကော်ပြန့်ကြော်စသည်တို့ သည် ငှက်ပျောသီးဖြင့်ပြုလုပ်ထားပြီး ဈေးကွက်အတွင်း နံနက်စာသရေစာအဖြစ် လည်းကောင်း၊ အချိုပွဲများအဖြစ် ရောင်းချခြင်းဖြင့်လည်း စီးပွားရေးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။

          ငှက်ပျောသီးသည် ယခုအခါ ဈေးကွက်ရှိပြီး ဈေးကောင်းသော အသီးတစ်မျိုးဖြစ်ပါသစည်။ ပဲခူးတိုင်းအတွင်းရှိ ပြည်မြို့နယ်နှင့်အနီးတစ်ဝိုက်ဒေသများတွင် စိုက်ပျိုးသည့် ငှက်ပျောမျိုးများမှာ ဒေသအခေါ် ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊ သီးမွှေးငှက်ပျောသီးများကို စိုက်ပျိုးပြီး ဈေးကွက်အတွင်း ငှက်ပျောသီးအစိမ်း၊ အမှည့်များကို ရောင်းချရာတွင် တဆင့်ခံဝယ်လက်များသည် ငှက်ပျောခြံများသို့ အခင်းပြတ်(သို့)ခြံပြတ်ဝယ်ယူပြီး ကုန်စည်ဒိုင်များဖြစ်သည့် ရန်ကုန် - မန္တလေးမြို့ ကြီးများသို့ ကုန်တင်ကားကြီးများဖြင့် စနစ်တကျထုတ်ပိုးပြီး တင်ပို့ရောင်းချကြပါသည်။

          တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့် တောင်သူများမှာ ခြံထွက် သီးနှံအဖြစ် မြို့မဈေးများသို့ လက်လီရောင်းချရာတွင် ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် (၂၀၀၀)ကျပ်မှ ၂၅၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ဖီးကြမ်းငှက်ပျောသီးများကို (၁၀)လုံး ၊ (၁၅)လုံးပါ တစ်ခိုင်လျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြန်မာတို့ဓလေ့ထုံးစံအရ ဝါတွင်းကာလတွင် ငှက်ပျောသီးမျာ အရောင်းအဝယ်နှေးလျက်ရှိပြီး ဝါလကင်းလွတ်သည့် သီတင်းကျွတ်လများတွင် ရိုးရာပွဲတော်များတင်မြောက်ခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းနှင့် မင်္ဂလာ ဆောင်ပွဲများဖြင့်စည်ကားသည့်အတွက် ဖီးကြမ်းငှက်ပျောသီးထက် ရခိုင်ငှက်ပျောသီးများမှာ ပိုမို အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိဈေးကွက်များအတွင်းအရောင်းအဝယ်ဖြစ်လျှက်ရှိသော ကြက်သွန်ဖြူနှင့်အာလူးဈေးနှုန်းဈေးကွက်အခြေအနေ

                    ပြည်ခရိုင်၊ ပြည်မြို့ရှိဈေးကွက်များနှင့် ပွဲရုံများအတွင်းသို့ ကြက်သွန်ဖြူနှင့်အာလူးများကို ရှမ်းပြည်နယ်တောင်ကြီးဘက်မှ အဓိက ဝင်ရောက်မှုရှိသလို အခြားတိုင်းနှင့် ပြည်နယ်များမှ လည်းဝင်ရောက်လျှက်ရှိပါသည်။ တစ်ခါဝင်လျှင် သီးနှံ(၂)မျိုးပေါင်း အိတ် ၃၀၀ခန့်အဝင်ရှိပြီး တစ်အိတ်လျှင် ပိဿာ ၃၀ဝင်ဆံ့ကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ (၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အာလူးသီးနှံ အနေဖြင့် အရွယ်အစားနှင့် အရည်အသွေးပေါ်လိုက်၍ တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ ဈေးဖြစ်လျှက်ရှိပါသည်။ ကြက်သွန်ဖြူ၊ အာလူးသီးနှံများအနေဖြင့် မိမိတို့ခရိုင် အတွင်း စိုက်ပျိုးထွက်ရှိမှုမရှိသည့်အတွက် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ထွက်ရှိသော သီးနှံများ ဒေသတွင်း ဝင်ရောက်မှုအား ရောင်းချရခြင်းဖြစ်ပါသည်။ ဒေသတွင်းမှ လက်လီဝယ်ယူသူများ၊ လုပ်ငန်းရှင်များနှင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ကန်စွန်းဥဈေးကွက်

            ပြည်ခရိုင်၊ ပြည်မြို့ရှိ စည်ပင်သာယာဈေးများနှင့် ရပ်ကွက်ဈေးများတွင် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ကန်စွန်းဥစိုက်တောင်သူများ လာရောက်ရောင်းချလျက်ရှိသည်။ ပြည်ဈေးကွက်ရှိ  ကန်စွန်းဥများကို ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ ပေါင်းတလည်ဘက်မှ အများဆုံးဝင်ရောက် လျက်ရှိပြီး ပြည်မြို့နယ်အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာကျေးရွာ၊ တောင်လုံးညို ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိသည်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကန်စွန်းဥအမျိုးအစားပေါင်း များစွာရှိပြီး အသားမာမျိုးနှင့် အသားပျော့မျိုးဟူ၍ ခွဲခြားနိုင်သည်။ ကန်စွန်းဥ၏ အရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားခြင်းဖြစ်သည်။ ကန်စွန်းဥသည် နွေ၊ မိုး၊ ဆောင်း ရာသီအသီးသီးတွင် မြေအခြေအနေပေါ်မူတည်၍ စိုက်ပျိုးကြပြီး ဥများရင့်ပြီး (၅) ပတ်၊ (၆) ပတ်အတွင်း ရိတ်သိမ်းနိုင်သည်။ ပြည်ဈေးကွက်တွင် မြန်မာကန်စွန်းဥ၊ ရွှေကန်စွန်းဥနှင့် ငချိတ် ကန်စွန်းဥများဟူ၍ အမျိုးအစား အမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပြီး မြန်မာကန်စွန်းဥနှင့် ရွှေကန်စွန်းဥ တစ်ပိဿာလျှင် ကျပ် (၃၅၀၀ - ၄၀၀၀) အတွင်းရှိပြီး ငချိတ်ကန်စွန်းဥတစ်ပိဿာလျှင် ကျပ် (၄၀၀၀ - ၄၅၀၀) အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၆ ခုနှစ် အောက်တိုဘာလ ပထမပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်တို့၏ FOB ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

       ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်တို့၏ FOB ဈေးနှုန်းများမှာ မြေပဲ တစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၈၀၀ ကျပ်ခန့်ရှိ ပါသည်။ မြေပဲစတင်ထွက်ရှိနေပြီဖြစ်ပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ ကျောက်ပန်းတောင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင်  နှမ်းဖြူအသစ် ပေါ်ချိန်ဖြစ်ပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၇၀၀၀၀ ကျပ်ခန့် ရှိပါသည်။ အောင်လံ၊ တောင်တွင်း၊ မကွေး၊ နတ်မောက်တို့တွင် နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ် လက်ကျန်တန်ချိန် (၁၆၅၀၀) ရှိကြောင်း၊ ယခင်တစ်ပတ် စက်တင်ဘာလ စတုတ္ထပတ်တွင် မြေပဲ တစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၀၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၈၀၀ ကျပ်ခန့်ရှိပါကြောင်း၊ ပဲပုတ်လက်ကျန်တန်ချိန် (၁၆၃၀၀) ရှိရာမှ ယခုတစ်ပတ်တွင် ပဲပုတ်လက်ကျန်တန်ချိန် (၁၆၅၀၀) ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းထံမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၃-၁၀-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၃-၁၀ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ဒေသထွက်ကုန် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့်  နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ရွှေဘိုခရိုင်တွင် အောက်တိုဘာလ ပထမပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၆၁၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၃၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ဒေသတွင်းသာမက ပိုလျှံသော ဆန်များကို အခြားတိုင်း/ ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

         ယခု ၂၀၂၆ခုနှစ် ‌အောက်တိုဘာလ ပထမပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (၂၅၃၁၉)အိတ်၊ မန္တလေးသို့ (၅၃၄၉) အိတ်၊ နေပြည်တော်သို့ (၅၄၀) အိတ်၊ ပဲခူးသို့ (၁၆၃၄)အိတ်၊ ပြည်သို့ (၆၇၀)အိတ်၊ တောင်ငူသို့ (၁၅၅)အိတ်၊ ကျောက်ပန်းတောင်းသို့ (၁၃၅)အိတ်၊  မိတ္ထီလာသို့ (၁၁၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၇၄၅)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၃၅၉၁)အိတ်၊မြိတ်သို့ (၁၇၅)အိတ်၊ ကချင်ပြည်နယ်သို့  (၇၈၈)အိတ်၊ မွန်ပြည်နယ်သို့ (၂၀၀၅)အိတ်၊ မကွေးတိုင်းသို့ (၄၀၀)အိတ်၊ စုစုပေါင်း အိတ်ရေ (၄၁၆၁၆)၊ တန်အားဖြင့် (2၀၈၁)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့တွင် ရာသီပေါ်သစ်သီးဝလံများ ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိ

         တောင်ငူမြို့ သစ်သီးဝလံဈေးကွက်အတွင်း ရှမ်းပြည်နယ်မှလည်းကောင်း၊ တရုတ်နှင့် ယိုးဒယား (ထိုင်း)နိုင်ငံတို့မှလည်းကောင်း ဝင်ရောက်လာသော သစ်သီးဝလံများ စားသုံးသူဝယ်လို အား မြင့်တက်နေကြောင်း သစ်သီးဝလံကုန်သည်များနှင့်ဈေးသည်များထံမှ သိရှိရသည်။

ဈေးကွက်အတွင်းရောင်းချလျက်ရှိသောသီးနှံများ

          ရှမ်းပြည်နယ် နှင့် နယ်စပ်ဘက်တို့မှ ထောပတ်သီး၊ လိမ္မော်သီး၊ နဂါးမောက်သီး၊ ပန်းသီး၊ သစ်တော် သီး၊ သရက်သီး၊ စပျစ်သီး၊ ဖရဲသီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ဘလူးဘယ်ရီသီး၊     တည်သီး၊ ပင်မှည့်သီး၊ ကီဝီသီး၊ သလဲသီး၊ ငှက်ပျောသီး၊ မာလကာသီး၊ သင်္ဘောသီး နှင့် သခွားမွှေး စသော သီးနှံမျိုးစုံများ မှာယူ ရောင်းချလျက်ရှိသည်။

ဝယ်လိုအားမြင့်တက်လာရသည့်အကြောင်းရင်း

          ရာသီပေါ်သီးနှံများစုံလင်မှု၊ ဒေသတွင်း ထွက်ရှိသည့် သစ်သီးဝလံအပြင် နယ်စပ်နှင့်ရှမ်းပြည် နယ်ဘက် မှ ရာသီပေါ်အသီးအနှံများ ဆက်တိုက်ဝင်ရောက်နေသည့်အတွက် ဝယ်ယူသူများ အတွက် စိတ်ကြိုက်ရွေးချယ်စရာများပြားခြင်းတို့ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မြို့၏အနီးအနားရှိ ရပ်ကွက်၊ ကျေးရွာ များတွင် ပြုလုပ်သည့် အလှူပွဲများ၊ဘာသာရေးပွဲများနှင့် အလှူဒါနပြုလုပ်ခြင်းများအတွက် ဧည့်ခံရန် နှင့် သစ်သီးဝလံများသည် နေ့စဉ်မရှိမဖြစ် ကျန်းမာရေးအတွက် စားသုံးမှုများပြားခြင်း တို့ကြောင့်လည်း ဖြစ်သည်။

ဈေးကွက်အခြေအနေနှင့် ကုန်သည်များ၏ သုံးသပ်ချက်

          သယ်ယူပို့ဆောင်ရေးစရိတ် အပြောင်းအလဲများကြောင့် အချို့သောတင်သွင်းသီးနှံများ ဈေးနှုန်း အနည်းငယ် မြင့်တက်မှုရှိသော်လည်း လတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်သည့် အသီးအနှံများကို စားသုံးသူများက ပုံမှန်ဝယ်ယူလျက်ရှိမှသာ သစ်သီးဆိုင်ပိုင်ရှင်များအနေဖြင့်လည်း ဈေးကွက်အတွင်း ပုပ်သိုးပျက်စီးမှုမရှိစေရန် အချိန်မှန် မှာယူရောင်းချနိုင်မည်ဖြစ်ကြောင်း တောင်ငူ မြို့ရှိ ရှမ်းလေး သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဆိုင်ပိုင်ရှင်၏ပြောပြချက်အရသိရှိရသည်။

DOCA(ပဲခူး)

ညောင်တုန်းမြို့နယ်မှ စက်တင်ဘာလ ဆန်နှင့် ဆန်ကွဲတင်ပို့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

         ညောင်တုန်းမြို့နယ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုများကို လစဉ်တင်ပို့လျက်ရှိကြောင်း ကွင်းဆင်းစုံစမ်းရာ ပြည်ပနှင့် ပြည်တွင်းသို့ တင်ပို့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏ ပိုမိုလာကြောင်း သိရသည်။

        စုံစမ်းရရှိချက်များအရ ပြည်ပသို့ ဆန် ၂၂,၄၅၅ အိတ်ကို ကုန်တင်ယာဉ် ၂၉ စီးဖြင့် တင်ပို့ခဲ့ပြီး၊ ပြည်တွင်းသို့ ဆန် ၄,၆၅၅ အိတ်ကို ကုန်တင်ယာဉ် ၁၈ စီးဖြင့် တင်ပို့ခဲ့သည်။ ထို့ကြောင့် ဆန်စုစုပေါင်း ၂၇,၁၁၀ အိတ်ကို ကုန်တင်ယာဉ် ၂၈ စီးဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

             အလားတူ ဆန်ကွဲတင်ပို့မှုအနေဖြင့် ပြည်ပသို့ ၁၃,၇၈၀ အိတ်ကို ကုန်တင်ယာဉ် ၂၃ စီးဖြင့်လည်းကောင်း၊ ပြည်တွင်းသို့ ၂,၄၇၂ အိတ်ကို ကုန်တင်ယာဉ် ၅ စီးဖြင့်လည်းကောင်း တင်ပို့ခဲ့ရာ ဆန်ကွဲစုစုပေါင်း ၁၆,၂၅၁ အိတ်ကို ကုန်တင်ယာဉ် ၂၈ စီးဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းလေ့လာချက်များအရ လက်ရှိကာလတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုများမှာ ယခင်ကာလထက် ပိုမိုတင်ပို့ လာပြီး  လှေထိုးစပါးသစ်များ ကြိတ်ခွဲ၍ ဆန်စက်လုပ်ငန်းများ၌ စပါးဝင်ရောက်မှုများ ရှိလာကြောင်း သိရသည်။

          မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆန်နှင့် ဆန်ကွဲတင်ပို့မှု၊ စပါးဝင်ရောက်မှုနှင့် ဈေးကွက်အခြေအနေများကို စဉ်ဆက်မပြတ် ကွင်းဆင်းစောင့်ကြည့်၍ ကုန်စည်စီးဆင်းမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စုစည်းတင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

 

ကြက်သွန်နီဈေးကွက်တွင်ဈေးနှုန်းမြင့်တက်မှုဆက်လက်ဖြစ်ပေါ်နေ

               လက်ရှိကာလတွင် ကြက်သွန်နီများ၏ ဈေးကွက်ဝယ်လိုအားနှင့် ရောင်းချမှုအခြေအနေများ ပေါ်မူတည်၍ ကြက်သွန်နီဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ကြက်သွန်နီ အရွယ်အစားအလိုက် ဈေးနှုန်းများမှာ အသေးအရွယ်တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ အလတ်အရွယ် ၁၀၀၀၀ ကျပ်ဝန်းကျင်နှင့် အကြီးအရွယ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်အထိရှိပြီး အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိကြောင်းသိရသည်။ ဈေးကွက်အတွင်း ကြက်သွန်နီ ဈေးနှုန်းများ ဆက်လက်မြင့်တက်လာခြင်းကြောင့် စားသုံးသူများအနေဖြင့် ယခင်ကာလများထက် ဝယ်ယူသုံးစွဲရာတွင် ကုန်ကျစရိတ်ပိုမိုလာလျက်ရှိသည်။ ကြက်သွန်နီဈေးနှုန်းများသည် ဈေးကွက်အတွင်း ဝယ်လိုအား၊ ရောင်းချနိုင်သည့်ပမာနနှင့် အရည်အသွေးတို့အပေါ်မူတည်၍ ဆက်လက် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

DOCA(ရှမ်း)                   

“ဝယ်လိုအားကောင်းပြီး ဈေးကွက်လှုပ်ခတ်နေသည့် လားရှိုးဒေသထွက် ပန်းနှမ်း ဈေးကွက်”

            ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးဒေသနှင့် အနီးတစ်ဝိုက်မြို့နယ်များ၏ ဆောင်းဦးပေါက် ရာသီစာ သီးနှံတစ်ခုဖြစ်သော ပန်းနှမ်း (Niger seed) သည် ယခုနှစ် ၂၀၂၆ ခုနှစ် ကုန်စည်ဒိုင် ဈေးကွက်များတွင် ဈေးကောင်းရရှိနေပြီး ကုန်သည်များနှင့် တရုတ်-အိန္ဒိယ ဝယ်လက်များအကြား အရောင်းအဝယ် ဆက်တိုက်သွက်လျက်ရှိကြောင်း မန္တလေးနှင့် လားရှိုးဒေသခံ သီးနှံပွဲရုံများထံမှ သိရသည်။

          ပန်းနှမ်းသည် ရှမ်းမြောက်တောင်ပေါ်ဒေသတွင် မိုးနှောင်းဆောင်းဦးကာလ၌ အဝါရောင် ပန်းခင်းများအဖြစ် အများအပြား စိုက်ပျိုးကြပြီး၊ ဆီထွက်သီးနှံအပြင် ပြည်ပပို့ကုန်အဖြစ် အလား အလာကောင်းသော သီးနှံဖြစ်သည်။မန္တလေးနှင့် ဒေသတွင်း ကုန်စည်ဒိုင်များ၏ နောက်ဆုံးရရှိသော သီးနှံဈေးကွက် အချက်အလက်များအရ ပန်းနှမ်းဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရသည်။

             ပန်းနှမ်း (၃ တင်းဝင် တစ်အိတ် - ၄၅ ပိဿာ) - ၃၁၇,၀၀၀ ကျပ်ခန့်ဝန်းကျင်အထိ ဈေးပေါက် နေသည်။ ယခင်နှစ် (၂၀၂၅ ခုနှစ်) ကာလတူ ပေါက်ဈေး (တစ်အိတ်လျှင် ၂၃၀,၀၀၀ ကျပ် ဝန်းကျင်) နှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ငွေကျပ် ၈၀,၀၀၀ ကျပ်ကျော်အထိ ဈေးနှုန်းမြင့်တက် လာခြင်း ဖြစ်သည်။ တစ်ပိဿာလျှင် - ပျမ်းမျှ ၆,၆၀၀ ကျပ်မှ ၇,၀၀၀ ကျပ် ကြား ပေါက်ဈေးရှိနေသည်။

         ပန်းနှမ်းဈေးကွက် ယခုကဲ့သို့ ကျပ်တည်းမှုကြားမှ ဈေးမာနေရခြင်းမှာ ပြည်ပပို့ကုန် လမ်းကြောင်းနှင့် ဒေသတွင်း ဆီထွက်သီးနှံ လိုအပ်ချက်ကြောင့် ဖြစ်ကြောင်းသိရှိရသည်။ ပန်းနှမ်းကို အိတ်စပို့ (Export) ပို့ရန်အတွက် အိန္ဒိယနိုင်ငံက အဓိက အများဆုံး ဝယ်ယူပြီး တရုတ်နိုင်ငံက ဒုတိယအများဆုံး ဝယ်ယူလျက်ရှိရာ ပြည်ပဝယ်လိုအား ပုံမှန်ရှိနေသည်။

         လားရှိုးဒေသတွင်း သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်မှုနှင့် လမ်းကြောင်းအပြောင်း အလဲများ ရှိနေသော်လည်း၊ မန္တလေးပဲကုန်သည်များနှင့် နယ်စပ်ကုန်သည်များက ကုန်ကြမ်းရရှိရန် အပြိုင်အဆိုင် အဝယ်လိုက်နေကြသည်။ နယ်စပ်တင်ပို့ရုံတင်မကဘဲ ပြည်တွင်းတွင် သဘာဝအတိုင်း ပန်းနှမ်းဆီ သန့်သန့်ကြိတ်ခွဲစားသုံးမှု မြင့်တက်လာခြင်းကလည်း ဈေးကွက်ကို ထောက်ပံ့ပေးထား သည်။

           လက်ရှိတွင် ရာသီဥတု အခြေအနေကောင်းမွန်၍ ရှမ်းမြောက်ဒေသထွက် ပန်းနှမ်းများ အရည် အသွေး ကောင်းမွန်သဖြင့် ဈေးကွက်တွင် ဆက်လက် အရောင်းအဝယ် သွက်နိုင်ခြေရှိသည်။ သို့သော်လည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အခြေအနေများနှင့် နိုင်ငံခြားငွေလဲနှုန်း မတည် ငြိမ်မှုများအပေါ် မူတည်၍ ဈေးနှုန်းအနည်းငယ် အပြောင်းအလဲ ရှိနိုင်သဖြင့် ဒေသခံ တောင်သူများနှင့် ပွဲရုံများအနေဖြင့် ဈေးကွက်ဖွင့်လှစ်မှုများကို မျက်ခြေမပြတ် စောင့်ကြည့် အရောင်းအဝယ်ပြုသင့် ကြောင်း သီးနှံကျွမ်းကျင်သူများက သုံးသပ်ထားကြကြောင်း သိရှိရသည်။DOCA(ရှမ်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း