Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒေသထွက်ကန်စွန်းဥ ဈေးနှုန်းဈေးကွက်အခြေအနေ

         ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရာသီဥတုမျှတမှုကြောင့် ဒေသထွက်ကန်စွန်းဥများ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

          ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးထားသော ကန်စွန်းဥပင်များမှာ ယခင်နှစ်ထက် အထွက်နှုန်း ၁၀ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။ ဓာတ်မြေဩဇာ အသုံးပြုမှုကို လျှော့ချကာ သဘာဝမြေဩဇာ ပိုမိုသုံးစွဲကြသောကြောင်း  ကန်စွန်းဥအရည်အသွေး ပိုမိုကောင်းမွန်းသည်။ ကန်စွန်းဥသည် လူတို့၏ ကျန်းမာရေးအတွက် များစွား အကျိုးပြုသည်။ ကိုင်းကျွန်းမှထွက်သော ကန်စွန်းဥများကို ဒေသတွင်းဈေးများ၊ ဘားအံ မြို့မဈေးကြီးအပြင် မော်လမြိုင်မြို့နှင့်ရန်ကုန်မြို့ဈေးကွက်များသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။ ထွက်ရှိသော ကန်စွန်းဥဈေးနှုန်းများမှာ ကန်စွန်းဥ (အဖြူနှင့်အဝါရောင်)  လက်ကားဈေး တစ်ပိဿာ လျှင် (၃၅၀၀/၄၀၀၀)ကျပ်၊ ကန်စွန်းဥ (ခရမ်းရောင်) လက်ကားဈေး တစ်ပိဿာလျှင် (၃၀၀၀/ ၃၅၀၀) ကျပ် နှင့်ကန်စွန်းဥ (အဖြူနှင့် အဝါရောင်)  လက်လီဈေး တစ်ပိဿာလျှင် (၄၀၀၀/ ၅၀၀၀)ကျပ်၊ ကန်စွန်းဥ (ခရမ်းရောင်) လက်လီဈေး တစ်ပိဿာလျှင် (၅၀၀၀/၆၅၀၀)ကျပ်တို့ ဖြစ် ရောင်းချကြပြီး ယခုနှစ်တွင်အထွက်နှုန်းကောင်းမွန်ကာဈေးကောင်းရရှိသောကြောင့် ကန်စွန်းဥစိုက်တောင်သူများ သွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၅-၉-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၅ -၉ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ခရုဖင်ချွန်၏ အသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများ

             မြန်မာနိုင်ငံ၏ ခရုဈေးကွက်တွင် စားခရုများဖြစ်ကြသော မျက်ပြဲခရု၊ ပင်လယ်ခရု၊ ပန်းခရု၊ အုန်းခရုနှင့် ခရုဖင်ချွန် များမှာ ဒေသအလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီး များတွင် ပို၍ ဈေးကောင်းလာပါသည်။ ခရုများအနက် ခရုဖင်ချွန်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး မြန်မာနိုင်ငံတွင် အရသာရှိသော ရေထွက်စားစရာတစ်မျိုးအဖြစ် လူကြိုက်များကာ အာဟာရလည်း ဖြစ်စေပါသည်။ ခရုဖင်ချွန်သည် သတ္တုဓာတ်ပါရှိခြင်းကြောင့် သံဓာတ်အားနည်းရောဂါကို ကာကွယ်ရန် နှင့် အရိုးအဆစ်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အဆီအဆိမ့်နည်းခြင်းကြောင့် ကိုယ်အလေးချိန် ထိန်းညှိနေသူများအတွက် သင့်တော်သော အာဟာရကိုလည်းရစေပါသည်။ ခရုဖင်ချွန်ကို အစပ်ကြော်၊ ခရုမာလာချက်၊ ခရုမျှစ်ဆန်လှော်ချက် စသည်ဖြင့် အမျိုးအမျိုးချက်စားကြပါသည်။ ခရုဖင်ချွန် တစ်ဆယ် သားလျှင် (၂၀၀၀) ကျပ် လက်ရှိပေါက်ဈေးရှိနေပြီး၊  အသင့်စားခရုမျှစ်ဆန်လှောင်ချက် ပလပ်စတစ်ဗူး သေး (၁) ဗူးလျှင် (၅၀၀၀) ကျပ်၊ ဗူးကြီး (၁) ဗူးလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာမြေမှ စိုက်ပျိုးအောင်မြင်နေသော ဒူးရင်းသီးဈေးကွက်ဝင်ရောက်

         ဧရာဝတီတိုင်းဒေသကြီးသည် ရေခံ၊မြေခံကောင်းမွန်ပြီး သဘာဝမှ လက်ဆောင်ပေးထား သည့် မြေဆီမြေနှစ်သဘာဝအရင်းမြစ်များကို အသုံးပြုပြီးစိုက်ပျိုးရေးကဏ္ဍတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ စက်မှုကုန်ကြမ်းသီးနှံ နှစ်ရှည်သီးနှံသစ်တောထွက်ပစ္စည်းမျိုးစုံ၊ ရာသီပေါ် ဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံ၊ လယ်ယာကိုင်းကျွန်းသီးနှံနှင့် သီးနှံအမယ်ပေါင်းများစွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ပြည်တွင်းစားသုံးမှုမှပိုလျှံသည့် ပြည်ပပို့ကုန် များကိုလည်း နှစ်စဉ် တင်ပို့ရောင်းချလျက်နေပါသည်၊၊ ပြည်တွင်းစားသုံးရန်အတွက် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်း ကျေးရွာအုပ်စု၊ သလပ်ခွာကျေးရွာအနီးတွင် ယိုးဒယားဒူးရင်းမျိုး၊ မိချောင်းဂေါင်း၊ မွန်ထောင်း၊ ခြံနီ (၃)မျိုး သိပ္ပံနည်းဖြင့် စနစ်တကျစမ်းသပ် စိုက်ပျိုးခဲ့ရာ မြေရာသီဥတုသဘာဝနှင့် ကိုက်ညီမှု ရှိသည့်အတွက် ဒူးရင်းသီးများဈေးကွက်သို့ ဝင်ရောက်လျက်ရှိရာ ယခုအခါ ဧရာမြေမှ ဒူးရင်းသီး ထွက်ရှိ၍ အောင်မြင်ဖြစ်ထွန်းလျှက် အကျိုးအမြတ် ရရှိနေကြောင်း စိုက်ပျိုးရေး ခြံရှင်ထံမှ သိရသည်၊၊

           အရှေ့တောင်အာရှနိုင်ငံများတွင် ဒူးရင်းသီးကို အများအပြားစိုက်ပျိုးလျက် ရှိပြီး အရှေ့တောင်အာရှဒေသရဲ့ အထင်ကရအသီးတစ်ခု ဖြစ်တဲ့ ဒူးရင်းသီးဟာ ထူးခြားပြင်းထန်တဲ့ အနံ့၊ အရသာ၊ ဆူးချွန်တွေနဲ့အကာအကွယ်ယူထားတဲ့ အသွင်အပြင် စားလိုက်ရင် ပြစ်နှစ်ပြီး အရသာရှိ၍ သစ်သီးများ၏ ဘုရင်ဟု  တင်စားခေါ်ဝေါ်ကြပါသည်၊၊ မြန်မာနိုင်ငံတွင်  ဒူးရင်းသီးကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကထား၍ စီးပွားဖြစ် စိုက်ပျိုးလျှက်ရှိပြီး ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း တိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရပါသည်၊၊

          ယခင်ကဒူးရင်းသီးများကို ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ပြန်လည် ဝယ်ယူရောင်းချသည့် အတွက် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးရပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒူးရင်းစိုက်ပျိုးရေးခြံများ ကျယ်ပြန့်စွာစိုက်ပျိုးနိုင်ပါက ဒူးရင်းသီးများလှိုင်လှိုင်ထွက်ရှိလာပြီး ဒေသခံပြည်သူများ ယခင်ကထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်မှာဖြစ်ကြောင်း ဒူးရင်းစိုက် ခြံပိုင်ရှင်မှ ဆက်လက်ပြောကြားပါသည်၊၊

(DOCAဧရာဝတီ)

ပုသိမ်မြို့ ဆန်စပါးဈေးကွက် ဩဂုတ်လနောက်ဆုံးပတ်ဈေးနှုန်းအနည်းငယ်မြင့်တက်

       ပုသိမ်မြို့အတွင်း အရောင်းအဝယ်ဖြစ်နေသာ ဆန်စပါးဈေးနှုန်းမှာ ဩဂုတ်လ နောက်ဆုံးပတ်ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်၊၊ ဩဂုတ်လဆန်း ပထမပတ်အတွင်း လူနည်းစုစားသုံးမှုရှိသော  ပေါ်ဆန်းစပါးတစ်တင်းလျှင် ကျပ် ၃၂၀၀၀/၃၄၀၀၀ ဆန်တစ်အိတ် ကျပ် ၁၂၅၀၀၀/၁၃၀၀၀၀ လူအများစားသုံးမှုရှိသော မိုးမနောသုခ မျိုးပွားစပါး တစ်တင်းကျပ် ၁၉၀၀၀/၂၀၀၀၀ ဈေး ဆန်တစ်အိတ် ကျပ် ၇၅၀၀၀/၇၇၀၀၀ ဈေးနှင့် ဈေးတန်းအနည်းငယ်နိမ့်သော နွေသီးထပ်ရင်စပါးတစ်တင်းလျှင် ကျပ် ၁၈၀၀၀/၁၈၅၀၀ ဈေး ဆန်တစ်အိတ် ကျပ်၆၅၀၀၀/ ၆၇၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှ သိရသည်၊၊

          ယခုဩဂုတ်လနောက်ဆုံးပတ်အတွင်း ပေါ်ဆန်းစပါးတစ်တင်းကျပ် ၃၄၀၀၀/၃၆၀၀၀ ဆန်တစ်အိတ် ၁၃၅၀၀၀/၁၄၀၀၀၀ ဈေး မိုးမနောသုခမျိုးပွားစပါးတစ်တင်း ကျပ် ၂၁၀၀၀/၂၂၀၀၀ ဆန်တစ်အိတ် ကျပ်၈၀၀၀၀/၈၂၀၀၀ ဈေး နွေသီးထပ်ရင်စပါးတစ်တင်းလျှင် ကျပ် ၂၀၀၀၀/၂၀၅၀၀ ဝန်းကျင် ဆန်တစ်အိတ်ကျပ် ၇၀၀၀၀/၇၂၀၀၀ ဈေး ဖြစ်သွားသည့်အတွက် စပါး ၁ တင်း ကျပ် ၂၀၀၀၀ ဝန်းကျင် ဧည့်မထဆန်တစ်အိတ် ၅၀၀၀ ကျပ်နှင့် ပေါ်ဆန်းဆန်တစ်အိတ်  ၁၀၀၀၀ ကျပ် ဝန်းကျင် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း ဆန်အရောင်းဆိုင်နှင့်ဆန်ကုန်သည် များထံမှသိရ သည်၊၊

          ပုသိမ်ဈေးကွက်မှ ဆန်/ဆန်ထွက်ပစ္စည်းများကို ရန်ကုန်နှင့်အထက်အညာဒေသများသို့  တင်ပို့ရောင်းချလျှက်ရှိပြီး နှစ်စဉ်ယခုလို အချိန်စပါးလက်ကျန်များနည်းပါး၍ တောင်သူလက်ကြီး သမားများအချို့နှင့် စက်ပိုင်ကုန်သည် လှောင်လက်ကြီးသမားများထံတွင်သာ စပါးလက်ကျန်များ ရှိနေချိန် ဈေးနှုန်းအနည်းငယ်မြင့်တက်မှုရှိကြောင်း ဆန်စပါးအသိုင်းအဝိုင်းမှ သိရသည်၊၊                                                             

(DOCA ဧရာဝတီ)

ပခုက္ကူမြို့၏ ဆန်ဈေးနှုန်း အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ပျိုးမှုနည်းပါးပြီး ဆန်လိုအပ် ချက်ရှိသော "ဆန်လိုဒေသ" ဖြစ်ခြင်းကြောင့် ဒေသတွင်းစားသုံးရန်အတွက် အခြားတိုင်းဒေသကြီး များနှင့် မြို့နယ်အသီးသီးမှ ဆန်များကို အဓိကတင်သွင်းရပါသည် ပခုက္ကူမြို့သို့ ဧရာဝတီတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စပါးထွက်ရှိရာဒေသများမှ ကုန်းလမ်း၊ ရေလမ်းဖြင့် နေ့စဉ် ဆန်အများအပြားစီးဝင်လေ့ရှိပါသည်။ ရွှေဘိုခရိုင် (စစ်ကိုင်းတိုင်း)မှ လူကြိုက်များပြီး အရည်အသွေးကောင်းမွန်သော "ရွှေဘိုပေါ်ဆန်းမွှေး" ဆန်များကိုလည်း ကုန်းလမ်းကြောင်းဖြင့် မှာယူတင်သွင်းပါသည်။

    ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော  ဆန်ဈေးနှုန်းများမှာ  ဝန်ကြီးဧရာပဒေသာ ၂၄ ပြည် ()အိတ်လျှင် ကျပ်(၁၈၀၀၀၀ - ၁၉၀၀၀၀)၊ ရွှေဘိုပေါ်ဆန်း(ထိပ်စ)()အိတ်လျှင် ကျပ်(၂၀၀၀၀၀-၂၃၀၀၀၀) ဧရာဝတီပေါ်ဆန်း(မြောင်းမြ) ()အိတ်လျှင် ကျပ် (၁၅၀၀၀၀ ၁၇၀၀၀၀)၊ ဧရာပဒေသာ (စလင်း၊ ကုန်းဇောင်း) ()အိတ်လျှင် ကျပ်(၁၉၀၀၀၀ - ၂၀၀၀၀၀)၊  ဧရာပဒေသာ (မြောင်းမြ) ()အိတ်လျှင် ကျပ်(၁၅၀၀၀၀-၁၆၀၀၀၀)၊ ရက်(၉၀) ()အိတ် လျှင် ကျပ်(၁၃၀၀၀၀ - ၁၄၀၀၀၀)၊ မနောသုခ(ရှယ်) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀ - ၁၁၅၀၀၀)၊ ဖန်သီးသုခ(ရှယ်)()အိတ်လျှင် ကျပ်(၁၃၀၀၀၀ - ၁၄၀၀၀၀)၊ သီးထပ်ရင်()အိတ်လျှင် ကျပ် (၉၀၀၀၀ - ၁၀၀၀၀၀)၊ ဆန်ကွဲမှာ အမျိုးအစားကိုလိုက်၍ ()အိတ်လျှင် ကျပ်(၅၀၀၀၀ - ၇၀၀၀၀) ဈေးအသီးသီးဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဆန်()အိတ်လျှင် ကျပ်(၂၀၀၀)ဝန်းကျင်ခန့် ဈေးမြင့်တက်ကြောင်းတွေ့ရပါသည်။

ဈေးကွက်သုံးသပ်ချက်

   ဆန်ဈေးနှုန်းမြင့်တက်ရခြင်းမှာ စိုက်ပျိုးစရိတ် နှင့်စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်း၊  သယ်ယူ ပို့ဆောင်ခများ အဆမတန် ဈေးတက်လာခြင်း၊ အချို့စပါးစိုက်ဒေသများတွင် ရေကြီးနစ်မြုပ်မှု ကြောင့် စပါးအထွက်နှုန်း လျော့နည်းသွားခြင်း ဆန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာမည်ကို စိုးရိမ် သဖြင့် စားသုံးသူများနှင့် ကုန်သည်များက ကြိုတင်ဝယ်ယူ သိုလှောင်ခြင်းတို့ကြောင့်ဖြစ်သည်။

ဈေးကွက်အလားအလာ

   ရှေ့လာမည့်ဆန်ဈေးကွက်အလားအလာမှာ မိုးစပါးအသစ်များပေါ်မည့်ရာသီ(အောက်တိုဘာ၊ နိုဝင်ဘာ)သို့ ရောက်ရှိပါက ဈေးကွက်အတွင်း ဆန်အဝင်များနိုင်ပြီး ဈေးနှုန်း အနည်းငယ်ပြန်အေး သွားနိုင်သည်။ ပခုက္ကူခရိုင်သည် စပါးစိုက်ပျိုးမှု ဧကနည်းပါးသည့်အတွက် ဆန်လိုဒေသ တစ်ခုဖြစ်ပြီး ကုန်စီးဆင်းမှုလမ်းကြောင်းနှင့် ဝယ်လိုအားပေါ်မူတည်၍ ဆန်ဈေးကွက် အလားအလာပြောင်းလဲ လေ့ရှိသည်ဟု ဆန်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်တွင် ရာသီစာသီးနှံ ဩဇာသီးများ ရောင်းအားကောင်းလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေး၊ အမှတ်()ဈေးနှင့် ပျံကျဈေးတို့တွင် ရာသီပေါ်သီးနှံ ဩဇာသီးများကို ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသမှ အများဆုံးဝင်ရောက်ပြီး ဒေသခံ စိုက်ပျိုးတောင်သူများက မိမိတို့ခြံထွက် ဩဇာသီးများကို ကောက်ရိုး ၊သတင်းစာ စက္ကူများခံကာ ခြင်းတောင်းထဲသို့ စနစ်တကျထုပ်ပိုး၍ ပခုက္ကူဈေးကွက်သို့ လိုင်းကားဖြင့် တင်ဆောင်ကာ လာရောက်ရောင်းချကြကြောင်း၊ ဝင်ရောက်သည့် ကာလမှာ များသောအားဖြင့် မိုးနှောင်း ကာလနှင့် ဆောင်းဦးအစ (ဩဂုတ်လ၊ စက်တင်ဘာလ) ဝန်းကျင်တွင် အများဆုံး ဝင်ရောက် လေ့ရှိပါသည်။

          ဩဇာသီးစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူး အမြောက် အမြားကိုရရှိစေသည်။ ဗီတာမင်စီ မြင့်မားစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အူမကြီး လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း၊ ထို့ပြင် အူလမ်းကြောင်းရှိ အကျိုးပြု ဗက်တီး ရီးယားများကို ဖွံ့ဖြိုးစေသဖြင့် အစာခြေစနစ်ကို  ‌ကောင်းမွန်စေခြင်းတို့ကြောင့် ပေါ်ဦးပေါ်ဖျားရာသီ ချိန်တွင် ဩဇာသီးများ ရောင်းအားကောင်းလျက်ရှိပါသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော ဩဇာသီး ဈေးနှုန်းမှာ အလုံးကြီး  (ထိပ်စ)တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀) အလုံးသေး(အလတ်စ)တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)ဈေးဖြင့်ရောင်းချလျက်ရှိပါသည်။ ယခင်နှစ်(၂၀၂၅ခုနှစ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါ က ကျပ်(၁၀၀၀-၁၅၀၀)ဝန်းကျင်ခန့် ဈေးမြင့်တက်လာကြောင်း၊ ယခင်နှစ်က  မိုးရွာသွန်းမှု ကောင်း မွန်သဖြင့် အထွက်နှုန်းကောင်းသောကြောင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိခဲ့သော်လည်း ယခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ နယ်မြေအခက်အခဲနှင့် စက်သုံးဆီ ဈေးနှုန်း များမြင့်တက်ခြင်း ကြောင့် ဩဇာသီးဈေးနှုန်းများမှာ ယခင်နှစ်ထက် ဈေးမြင့်တက်လာသည်ဟု သစ်သီးရောင်းချသူထံ မှသိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့ပေါ် ၌ ပန်းတိမ်မနိုင်ပန်းများ အရောင်းသွက်လျက်ရှိ

          မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊သရက်မြို့ စည်ပင်သာယာဈေးကြီးနှင့် အခွန်လွတ်ဈေးများ၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းဆိုင်များတွင်ဈေးကွက်ဝင် ပန်းတိမ်မနိုင်(ခေါ်) ပန်းတိမ်ငိုပန်းလေးများအား ကံသာစုရွာ၊ မြင်ဘာခြံကျေးရွာနှင့် မီးသွေးဖုတ်ကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းတိမ်မနိုင်ပန်းလေးများကို ဘုရားပန်းပဲလှူလှူ၊ အလှူ မင်္ဂလာအတွက်ဖြစ်ဖြစ် အသုံးပြုကြပါသည်။

       ဒေသထွက် ပန်းတိမ်မနိုင်ပန်းများကို မိမိတို့၏ အိမ်ခြံမြေများတွင်လည်းကောင်း၊ အခြားပန်း များနှင့်ရော၍လည်းကောင်း စိုက်ပျိုးကြပြီး ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း လွယ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ပန်းတိမ်မနိုင်ပန်း (၁၀)ပင်ပါ တစ်စီးလျှင်ကျပ် (၂၅၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု (ဒုတိယပတ်)တွင် (၁၀) ပင်ပါ ပန်းတိမ်မနိုင်  တစ်စီးလျှင် ကျပ် (၂၀၀၀) ဖြင့် အရောင်းသွက်လျက်ရှိ ကြောင်းသိရသည်။ ဈေးနှုန်းနှိုင်းယှဉ် ချက်အရ ယခု(ဒုတိယပတ်)တွင် လှိုင်လှိုင်ပေါ်သည့်အတွက် ကျပ် (၅၀၀) ဈေးနှုန်းကျဆင်းခဲ့ပြီး ဈေး ကွက်တွင်အရောင်းသွက်လျက်ရှိ၍ ပုံမှန်ထက်ပိုရောင်းရကြောင်း ပန်းအမျိုးမျိုးနှင့် ပန်းတိမ်မနိုင်ပန်း ရောင်းချသူ ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပုသိမ်မြို့နယ်၊တာကိုင်းကျေးရွာတွင်နှစ်စဉ် ဗူးသီးစိုက်ပျိုး၍ ဈေးကောင်း ရရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ တာကိုင်းကျေးရွာတွင် ဗူးပင်စိုက်ပျိုး၍ ဗူးသီးထွက်ရှိနေပြီး ရန်ကုန်သို့ တင်ပို့လျှက်ရှိကြောင်း သိရသည်။ဟင်းသီးဟင်းရွက်သီးနှံစုံကို ဆောင်း၊ နွေရာသီတို့တွင် စိုက်ပျိုးတောင်သူများပေါများကြောင်း သိရသည်။

       စိုက်ပျိုးမှုအနေဖြင့် ဗမာမျိုး ဗူးကိုသာစိုက်ပျိုးပြီး ယခင်က ဗူးမျိုးစေ့ ၁၀စေ့ပါ တစ်ထုတ်ကို ၈၀၀၀ကျပ် ဝယ်ယူပြီးစိုက်ပျိုးကြောင်း၊ နှစ်စဉ်စိုက်ပျိုးလာ၍ ဗူးပင်မှ မျိုးစေ့ ခံ၍ နှစ်စဉ် ဗူးမျိုးစေ့ပါ ရောင်းချ နေပြီး ဗူးစေ့ ၁စေ့ကို ၂၀၀-၃၀၀ ကျပ်ထိဈေးရရှိသည်။  စိုက်ပျိုး ရာတွင် စင်တင် စိုက်ပျိုးခြင်း နည်းဖြင့်သာ စိုက်ပျိုးကြသည်။ မြေချ စင်မဲ့စိုက်ပျိုးခြင်းလဲရှိကြောင်း၊ စင်ထိုးစိုက်ပျိုးပါက ဝါးစင်သည် ၂နှစ်အတွင်း ပြန်လည်အသုံးပြု၍ ရရှိကြောင်းသိရသည်၊ ဗူးသက်တမ်းမှာ စက်တင်ဘာလတွင် စိုက်ပျိုးပါက မတ်လအထိ ထွက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် ၁၀လန် ၂ခွက်တွင် အပင်ရေ ၈၀-၁၀၀ခန့် စိုက်ပျိုးပြီး  ၂လခွဲ အကြာတွင် အသီး စတင်ခူးရကြောင်း ဗူး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ဝါး ဖိုး  အပါအဝင် ငွေကျပ် ၆၀၀၀၀၀ခန့် ကုန်ကျကြောင်း၊ ၁လကို ၁၂ရက်ခူးရပြီး ၁ကြိမ်ခူးလျှင် ၂၀လုံးခန့်ထွက်ရှိသည်။ ၅လအကြာအထိ အသီးလှိုင်လှိုင်ထွက်ရှိ သောကြောင့်  ဗူးသီးထွက်ရှိမှု  အလုံး ၈၀၀ မှ ၁၀၀၀ ထိ ထွက်ရှိကြောင်းသိရသည်။

    ယခု ဗူးသီးဈေးနှုန်းအနေဖြင့် တစ်စိပ်လျင် (၁၀၀၀)ကျပ်၊ တစ်လုံး(၇၀၀၀)နှင့်(၈၀၀၀၀)ကျပ်ရရှိပြီး ဈေးကောင်းရရှိ၍ အကျိုးအမြတ် အနေဖြင့် ဈေးကွက်တင်ပို့မှု အနေဖြင့် ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ဗူးပင်အကျိုးအမြတ်ရရှိ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်ရှိ ကွမ်းဈေးနှုန်း ဈေးကွက်

           ဧရာဝတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ကွမ်းကို တစ်နိုင်တစ်ပိုင် ကွမ်းစိုက်ခြံများရှိပြီး နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုး လျက်ရှိကြောင်း ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ စိုက်ပျိုးကြကြောင်း၊ မိုးရာသီးတွင် အထူးပိုမိုဂရုတစ်စိုက် စိုက်ပျိုးကြပြီး ဆောင်ရာသီတွင် ပိုမိုအထွက်နှုန်းပိုကောင်းကြောင်း၊  စိုက်ပျိုးသည့် ဧက ၀.၂၅ ဧကတွင် စိုက်ပျိုး ကြောင်း ကွမ်းစိုက်တောင်သူက ပြောပြသည်။ ကွမ်းအမျိုးအစားများမှာ ယာ ကွမ်းရွက်ကြီးကို စိုက်ပျိုးကြကြောင်း သိရသည်။

          ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းမျိုး(ကွမ်းအညွန့်)များကို တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၁၅၀ ဖြင့် ဝယ်ယူကာ တစ်ဧက၏ လေးပုံတစ်ပုံခန့်(၀.၂၅ဧက)အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၅၅၀၀ ခန့် စိုက်ပျိုးရကြောင်း၊ မြေအနေ အထားနှင့် ကွမ်းညွန့် မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ အနည်ဆုံး သုံးနှစ်ခန့်အထိ ခူးဆွတ် ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ လေးပုံ တစ်ပုံခန့်(၀.၂၅ဧက)လျှင် ငွေကျပ် ၅၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ကွမ်းရွက်ကို တလ နှစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူး ဆွတ်လျှင် ၁၀၀ ပိဿာခန့် ထွက်ရှိရာ ကွမ်းခြံသိမ်းချိန်ထိ ပိဿာချိန် ၁၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ ဖြင့်ဈေးရပြီး ကွမ်းဈေးနှုန်း အပြောင်းအလဲ ပေါ်တွင်လည်း မူတည်၍ အကျိုးအမြတ်ရရှိကြောင်း၊ သိရသည်။

DOCA (ဧရာဝတီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း