Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၏ ဇူလိုင်လကုန်အထိ ကွမ်းသီးစိုက်ပျိုးမှုအခြေအနေ

           မြန်မာနိုင်ငံတွင် နှစ်ရှည်သီးနှံဖြစ်သည့် ကွမ်းသီးကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အ‌ဓိကအများဆုံးစိုက်ပျိုးကြပြီး တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသည့် ကွမ်းသီးများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့များရှိ ကွမ်းသီးအဝယ်ဒိုင်ကြီးများမှဝယ်ယူကာ ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး ၎င်းမြို့များမှတစ်ဆင့် အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံများသို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

          ယခုလက်ရှိ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ဇူလိုင်လကုန်အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအလိုက် ကွမ်းသီးစိုက်ပျိုးမှုများအနေဖြင့် ထားဝယ်မြို့နယ်တွင် (၂၄၆၆၄)ဧက၊ လောင်းလုံးမြို့နယ်တွင် (၁၃၁၇)ဧက၊ သရက်ချောင်းမြို့နယ်တွင် (၁၇၇၇၅)ဧက၊ ရေဖြူမြို့နယ်တွင် (၁၀၁၆၉) ဧက ထားဝယ်ခရိုင်အားဖြင့် စုစုပေါင်း (၅၃၉၂၅) ဧကစိုက်ပျိုးထားကြောင်း၊ မြိတ်မြို့နယ်တွင် (၅၉၇၀)ဧက၊ ကျွန်းစုမြို့နယ်တွင် (၅၈၃၆)ဧက၊ ပုလောမြို့နယ်တွင် (၁၃၂၀၀)ဧက၊ တနင်္သာရီမြို့နယ်တွင် (၂၁၀၈၃)ဧက မြိတ်ခရိုင်အားဖြင့် စုစုပေါင်း (၄၆၀၈၉)ဧက စိုက်ပျိုးထားကြောင်း၊ ကော့သောင်းမြိုန့ယ်တွင် (၅၃၇၆)ဧက၊ ခမောက်ကြီးမြို့နယ်တွင် (၄၀၈)ဧက ကော့သောင်းခရိုင်အားဖြင့် စုစုပေါင်း (၅၇၈၄)ဧက စိုက်ပျိုးထားကြောင်း၊ ဘုတ်ပြင်းမြို့နယ်တွင် (၁၉၆၀၄)ဧက၊ ကရသူရိမြို့နယ်တွင် (၂၁၁၂)ဧက၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်တွင် (၁၁၉၇၀)ဧက ဘုတ်ပြင်းခရိုင်အနေဖြင့် စုစုပေါင်း (၃၃၆၈၆) ဧက၊ တိုင်းချုပ်အနေဖြင့် စုစုပေါင်း (၁၃၉၄၈၄) ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ဘိလပ်မြေ၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများသည် လူဦးရေထူထပ်လာသည်နှင့် အမျှ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလွန်အရေးပါသော ဘိလပ်မြေများကို ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကြီးများတွင် ဝယ်ယူကြပါသည်။ ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ် လျှင် (၂၅၅၀၀)ကျပ်ရှိပြီး ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများသည်လည်း အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုလုပ် လျက်ရှိပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် သီးနှံများဖြစ်ထွန်းအောင်မြင်ရန်အတွက် အဓိကလိုအပ်လျက်ရှိသည့် ကုန်ကြမ်းပစ္စည်းမှာ ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးများဖြစ်ပါသည်။ ထားဝယ်မြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်ကြီးများမှရောင်းချလျက်ရှိသော ဓါတ်မြေ သြဇာစျေးနှုန်းများမှာ မြင်းပျံ၊ အာမို၊ သြဘာ အမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၆၁၀၀၀) ကျပ်၊ သံကွင်း အမှတ်တံဆိပ် တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၈၀၀၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ် ပိုတက်ရှ်  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၇၀၀၀၀)ကျပ်၊ အာမို အမှတ်တံဆိပ် ၁၅ ပတ်လည် ၅၀ ကီလိုဂရမ် တစ်အိတ်လျှင်(၂၂၇၀၀၀)ကျပ် ခန့်အသီးသီးရှိပြီး ပိုးသတ်ဆေးစျေးနှုန်းများအနေဖြင့် မာလာမြိုင် Cyper (10%) (100) CC   တစ်ဗူးလျှင် (၈၃၀၀)ကျပ်၊ သန်းဒါးတစ်ဗူးလျှင် (၁၂၂၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးမှ ရော်ဘာဈေးနှုန်းအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းထွက်ရှိသည့် RSS-3 နှင့် RSS-5 အမျိုးအစား ရော်ဘာများမှာ ပြည်တွင်းနှင့်ပြည်ပစျေးကွက်များတွင် ဝယ်လိုအားကောင်းမွန်လျက်ရှိကြောင်း၊ RSS-3 သည် အရည်အသွေးမြင့်ရော်ဘာအမျိုးအစားဖြစ်ပြီး အရောင်အသွေးညီညာမှု၊ သန့်ရှင်းမှုနှင့် အရည် အသွေးကောင်းမွန်မှုတို့ကြောင့် စျေးကွက်အတွင်း ဝယ်လိုအားမြင့်မားလျက်ရှိသည်။ RSS-5 သည် RSS-3 ထက် အရည်အသွေးအနည်းငယ်နိမ့်သော်လည်း စက်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသောကြောင့် စျေးကွက်ခိုင်မာနေကြောင်း သိရှိရပါသည်။

          ထားဝယ်ဒေသရှိ ရော်ဘာစိုက်ပျိုးသူများသည် အရည်အသွေးကောင်းမွန်သော RSS-3 နှင့် RSS-5 များထုတ်လုပ်နိုင်ရန် ရော်ဘာအစေးရွေးချယ်မှု၊ ဆေးလိပ်ခန်းခြောက်သွေ့မှုနှင့် သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် ထားဝယ်ဒေသမှ ထွက်ရှိသော RSS-3 နှင့် RSS-5 ရော်ဘာများကို ရန်ကုန်နှင့် မော်လမြိုင်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

          တနင်္သာရီ တိုင်းဒေသကြီးမှ ယခုပတ်အတွင်း ရော်ဘာဈေးနှုန်းအခြေအနေမှာ RSS-3 တစ်ပေါင် လျှင်(၃၅၀ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်လျှင်(၃၄၀ဝိ/-) ကျပ်ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“အရည်အသွေးသင့်ဈေးနှုန်းသင့်၊မြန်မာ့ပြည်တွင်းဖြစ်စက်ရုံချုပ်အနွေးထည်များတောင်ကြီးမြို့မှာ ထင်ရှား”

             လတ်တလော မိုးများခြင်းကြောင့် သုတေသနပညာရှင်များ၏ လေ့လာထုတ်ပြန်ချက်မှာ အာရှတိုက် တစ်ဝန်း မြန်မာနိုင်ငံတစ်ဝန်းမိုးများအဆက်မပြတ်ရွာသွန်း ကာ ယခင်မိုးရာသီထက်ကို မိုးရွာသွန်းမှု ပိုမိုများနိုင်ကြောင်း သတင်း ထုတ်ပြန်ချက်အရ တောင်ကြီးမိုးတွင်း၏ အအေးဓာတ်မြင့် တက်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်၊ မင်္ဂလာရပ်ကွက်ရှိ စက်ရုံချုပ်အင်္ကျီ အဝတ်အထည်များ သီးသန့် လက်လီ/လက်ကားရောင်းချ လျှက် ရှိသော “နှင်းရွှေရည်ထွန်း(Export)ထည်” အမည်ဖြင့် ဖွင့်လှစ် ရောင်းချ နေသည်။ အဆိုပါဆိုင်မှ  “အရည်အသွေးသင့် ၊ ဈေးနှုန်းသင့် ၊ မြန်မာ့ပြည်တွင်းဖြစ် စက်ရုံချုပ် အထည်များရောင်းချနေမှုတွင် ကျားဝတ် /မဝတ် /ကလေးဝတ် များထဲမှအနွေးဝတ်များ အင်္ကျီလက်ရှည်များ ညဝတ်အနွေးထည် ဝမ်းဆက် ( one set ) များ တောင်ကြီးမြို့ပေါ် ဈေးကွက် အတွင်း အဝယ်လိုက်ကာ အရောင်းသွက် လျှက်ရှိပါသည်။

             ပုံမှန်အဝတ်အထည်များထက် အရည်အသွေးသင့်ဈေးနှုန်းသင့်သော မြန်မာနိုင်ငံ စက်ရုံချုပ် အဝတ်အထည်များ နိုင်ငံခြားဈေးကွက်သို့ မရောက်မီ ပြည်တွင်းဈေးကွက်ထဲမှာပင် အရောင်း သွက်ကာ ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်သည့် အလားလာရှိသည်။

            (Export) ထည် ဈေးကွက်မှ ဈေးနှုန်း မှာ အနွေးထည် တစ်ထည်ကို ၈,၅၀ဝိ/ ကျပ် မှ ၃၅,၀၀ဝိ/ ကျပ်၊ ၅၀၀၀ဝိ/ ကျပ် အထိ ရှိပြီး အများပြည်သူများ အတွက် “အရည်အသွေးသင့် ၊ ဈေးနှုန်းသင့် ၊ မြန်မာ့ပြည်တွင်းဖြစ် စက်ရုံချုပ် အထည်များ ကိုဈေးနှုန်းသင့်စွာ ဝယ်ယူနိုင်သည့် ဈေးကွက်တစ်ခု အဖြစ် ရပ်တည်လျှက်ရှိကြောင်း ဈေးဝယ်တစ်ဦး ထံမှ သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)

 

 

မြိတ်မြို့ပေါ်ရှိ ရာသီစာ သြဇာသီးအရောင်းအဝယ်ကောင်းမွန်လာ

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် မိုးရာသီတွင် ရာသီစာသီးနှံများ အများအပြား ရောင်းဝယ်စည်ကားလျက်ရှိပြီး အနံ့မွှေးပြီးအရသာရှိသော သြဇာသီးသည်လည်း အရောင်းအဝယ် ကောင်းလျက်ရှိပါသည်။ သြဇာသီးသည် အစိမ်းရောင်ရှိပြီး မှည့်လာချိန်တွင် အနည်းငယ်အဝါရောင် သန်းကာအသားမှာနူးညံ့၍ အနံ့မွှေးကြိုင်သောသစ်သီးတစ်မျိုးဖြစ်ပါသည်။ အရသာချိုမြိန်ပြီး သဘာဝသကြားဓာတ်ပါဝင်မှု မြင့်မားသောကြောင့် ကလေးများမှစ၍ လူကြီးများအထိ နှစ်သက်စွာ စားသုံးကြပါသည်။ မြိတ်မြို့ပေါ်ရှိစျေးများနှင့် သစ်သီးဆိုင်များတွင် သြဇာသီးကို ဒေသထွက်သီးနှံများနှင့် အတူရောင်းချလျက်ရှိပြီး ရှမ်းပြည်နယ်မှ သယ်ယူရောင်းချကြကြောင်း သိရှိရပါသည်။ ရာသီစာဖြစ်သောကြောင့် ဝယ်လိုအားမြှင့်တက်လျက်ရှိကြောင်း သိရပါသည်။ ဒူးရင်းသြဇာနှင့် ဆင်သြဇာ(မြိတ် ဒေသအခေါ်-သဲသြဇာ) ဆိုပြီးနှစ်မျိုးရှိပြီး မြိတ်ဒေသတွင် ဒူးရင်းသြဇာမှာပိုပြီး လူကြိုက်များကြကြောင်း သိရသည်။

       သြဇာသီးတွင် ဗီတာမင် C၊ ဗီတာမင် B6၊ အမျှင်ဓာတ်များစွာ ပါဝင်သဖြင့် ကိုယ်ခံအားကောင်းမွန်စေရန်၊ အစာချေစနစ်ကို အထောက်အကူပြုရန်နှင့် စွမ်းအင်ဖြည့်တင်းပေးနိုင်ရန် အကျိုးပြုသော သစ်သီးတစ်မျိုးအဖြစ် သတ်မှတ်ထားကြပါသည်။ မြိတ်မြို့ပေါ်ရှိ စျေးကွက်တွင် သြဇာသီး၏ စျေးနှုန်းများမှာ အရွယ်အစားနှင့် အရည်အသွေးအလိုက် တစ်လုံးလျှင် (၅၀၀၀)မှ (၆၀၀၀) အထိ ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ Hass ထောပတ်သီးကောင်းကျိုးနှင့် စျေးနှုန်း

         မြန်မာနိုင်ငံ‌တောင်ပိုင်းမြိတ်မြို့ရှိ သစ်သီးစျေးကွက်များတွင် အရသာထူးခြားပြီး အာဟာရတန်ဖိုးမြင့်မားသော Hass ထောပတ်သီးများကို စားသုံးသူများ၏ စိတ်ဝင်စားမှုမြင့်တက်လာသဖြင့် အရောင်းအဝယ်များ တဖြည်းဖြည်းသွက်လက်လာကြောင်း သိရပါသည်။ Hass ထောပတ်သီးသည် အခြားထောပတ်သီးမျိုးများနှင့် မတူဘဲ အသီးအခွံထူပြီး မှည့်လာချိန်တွင် အစိမ်းရောင်မှ ခရမ်းနက်ရောင်သို့ ပြောင်းလဲသွားသည်။ Hass ထောပတ်သီးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ သယ်ယူလာပြီး မြိတ်မြို့ပေါ်ရှိ စူပါမားကတ်များ၊ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်ကြကြောင်း သိရသည်။

      ထောပတ်သီးသည် ကင်ဆာရောဂါအချို့ကိုကာကွယ်နိုင်ပြီး ကင်ဆာဆဲလ်များ စတင်ဖြစ်ပေါ်လာတဲ့အခြေအနေကို တားဆီးနိုင်ပြီး ကင်ဆာဆဲလ်တွေ ပြန့်ပွားနိုင်ခြေကိုလည်း ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်များသူတွေ၊ အဝလွန်သူတွေနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ နေ့လယ်စာစားပြီးချိန် ထောပတ်သီးတစ်ဝက်ကို စားပေးခြင်းဖြင့် ၃ နာရီကနေ ၅ နာရီလောက် ထိအဆာခံနိုင်သည့်အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ငြိမ်အောင်ထိန်းပေးနိုင်ကြောင်း သိရှိရပါသည်။

        Hass ထောပတ်သီးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ သယ်ယူလာပြီး မြိတ်မြို့ပေါ်ရှိ စူပါမားကတ်များ၊ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိပြီး စားသုံးသူများကြိုက်နှစ်သက်ကြပါသည်။ Hass ထောပတ်သီးကိုယခင်လက တစ်ကီလိုလျှင်(၈၀၀၀)လောက်ထိရောင်းချကြ‌သော်လည်း ယခုသြဂုတ် လပထမပတ်တွင် ‌ထောပတ်သီးတစ်ကီလိုလျှင် (၅၈၀၀) ကျပ်ဖြင့်သာရောင်းချနေကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဒေသတွင်း ရောင်းကုန်မှသည် ပြည်တွင်းနှင့်ပြည်ပသို့ ထိုးဖောက်တင်ပို့နိုင့်သည့် (လျာ့ဖါန်) ကရင်ရိုးရာဝတ်စုံရောင်းဝယ်ရေး

 

          ကရင်ပြည်နယ်သည် သဘာဝအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသား ရိုးရာဓလေ့ထုံတမ်းများ ကြွယ်ဝစွာတည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ ထိုယဉ်ကျေးမှုအမွှေအနှစ်များ အနက် ကရင်တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများနှင့် လက်ရက်အထည်များမှာ အထူးပင်ထင်ရှားပြီး ဒေသ၏ကိုယ်ပိုင်အမှတ်အသားတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

          ကရင်ပြည်နယ်အတွင်းရှိ ရိုးရာဝတ်စုံအရောင်းဆိုင်များတွင် ကရင်တိုင်းရင်းသားရိုးရာအမျိုး သားဝတ်စုံ၊ အမျိုးသမီးဝတ်စုံ၊ ရိုးရာရှပ်အင်္ကျီ၊ ခါးစည်း၊ ပဝါ၊ လက်ရက်အထည်များ၊ လက်ကိုင်အိတ် များနှင့် အခြားရိုးရာအသုံးအဆောင်များကို အရောင်အသွေးစုံလင်စွာ ရောင်းချလျက်ရှိသည်။ ရိုးရာလက်လုပ်နည်းဖြင့်ထုတ်လုပ်ထားသည့် အထည်များသည် အရည်အသွေးကောင်မွန်ပြီး ရိုးရာအနုပညာလက်ရာများ ပါဝင်သောကြောင့် ပြည်တွင်း၊ ပြည်ပ စားသုံးသူများ၏ စိတ်ဝင်စားမှုကို ရရှိသည်။ ယခုအခါ ကရင်ပြည်နယ်တွင်သာမက မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ အခြားဒေသများသို့လည်း အဆိုပါဝတ်စုံများကို ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ရိုးရာပွဲတော်များ၊ အမျိုးသားနေ့အခမ်းအနားများ၊ ဘာသာရေးအခမ်း အနားများနှင့် ယဉ်ကျေးမှုပွဲများတွင် ရိုးရာဝတ်စုံများကို ဝတ်ဆင်လိုသူများလာသဖြင့် ဈေးကွက်လို အပ်ချက်များလည်းတိုးတက်လျက်ရှိသည်။ထို့ပြင်ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်သည့် ပြည် တွင်းနှင့်ပြည်ပခရီးသွားဧည့်သည်များသည်ဒေသ၏ယဉ်ကျေးမှုအမှတ်တရအဖြစ် ရိုးရာလက်ရက် အထည်းများ၊ ရိုးရာဝတ်စုံများနှင့် လက်မှုပစ္စည်းများကို အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူလေ့ ရှိကြသည်။ အထူးသူဖြင့်နှစ်သစ်ကူးပွဲတော်၊ ကရင်အမျိုးသားနေ့၊ သင်္ကြန်ပွဲတော်နှင့် ဒေသဆိုင်ရာပွဲ တော်များကဲ့သို့ ခရီးသွားဧည့်သည်များ များပြားလာသည့်ကာလများတွင် ရောင်းအားသိသိသာသာ မြင့်တက်လေ့ရှိပြီး ဒေသခံလုပ်ငန်းရှင်များအတွက် ဝင်ငွေတိုးပွားစေသည့် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်စေသည်။

          ယနေ့ခေတ်တွင် လူမှုကွန်ရက်များနှင့် အွန်လိုင်းဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာခြင်း ကြောင့် Facebook၊ Tiktok၊ Messenger နှင့် အခြားအွန်လိုင်းပလပ်ဖောင်းများမှတစ်ဆင့် ပြည်တွင်း ဖောက်သည်များ၏ မှာယူမှုများဆက်တိုက်တိုးလာလျက်ရှိသည်။ ထို့ပြင်မြန်မာနိုင်ငံပြင်ပတွင်နေထိုင် ကြသည့် ကရင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများကလည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့်ရည်ရွယ်ချက်ဖြင့် ရိုးရာဝတ်စုံများကိုမှာယူဝတ်ဆင်ကြသဖြင့် ပြည်ပအမှာစာများ လည်းတိုးတက်လာနေသည်။ထို့ကဲသို့ပြည်ပဝယ်လိုအားများ တိုးလာခြင်းသည် ကရင်ရိုးရာလက် ရက်အထည်များနှင့် ရိုးရာဝတ်စုံများအတွက် နိုင်ငံတာကာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင်းအလမ်းကောင်းတစ်ရပ်ဖြစ်သည်။ အရည်အသွေးစံချိန်စံညွှန်းများကို ထိန်းသိမ်းခြင်း၊ ဒီဇိုင်းပိုင်း ကိုခေတ်မီစွာ ဖန်တီးခြင်း၊ အရောင်အသွေးနှင့် အရွယ်အစားများကို နိုင်ငံတာကာဈေးကွက်နှင့် ကိုက် ညီအောင် ထုတ်လုပ်နိုင်ပါက ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ ထို့ပြင်နိုင်ငံတာကာပြပွဲများ၊ ကုန်စည်ပြပွဲများနှင့် ယဉ်ကျေးမှုပြပွဲများတွင် ပါဝင်ပြသခြင်း၊ အွန်လိုင်းရောင်းချမှုစနစ်များ တို့ချဲ့အသုံးပြုခြင်း၊ အမှတ်တံဆိပ် (Brand) တည်ဆောက်ခြင်းနှင့် ထုတ်ကုန်ထုပ်ပိုးမှုပုံစံများကို အရည်အသွေးမြင့်မားစွာ ပြင်ဆင်နိုင်ပါက ပြည်ပဖောက်သည်များ၏ ယုံကြည်မှုကို ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ ကရင်ရိုးရာဝတ်စုံလုပ်ငန်းသည် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် လုပ်ငန်းတစ်ခုသာမက ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။  လက်ယက်လုပ်ငန်းတွင် အမျိုးသ မီးများနှင့် ဒေသခံအိမ်ထောင်စုများစွာ ပါဝင်လုပ်ကိုင်နေကြပြီး မိသားစုဝင်ငွေတိုးတက်လာစေရန် အထောက်အကူပြုလျက်ရှိသည်။

          အနာဂတ်တွင် အရည်အသွေးကောင်းမွန်သော ကရင်ရိုးရာဝတ်စုံများကို နိုင်ငံတကာစံနှုန်းများ နှင့်အညီထုတ်လုပ်နိုင်ခြင်း၊ ဒစ်ဂျစ်တယ်ဈေးကွက်များကို ထိရောက်စွာ အသုံးချနိုင်ခြင်းနှင့် ခရီသွား လုပ်ငန်းနှင့်ချိတ်ဆက်မြှင့်တင်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါက ကရင်ပြည်နယ်၏ ရိုးရာလက်ရက် ထည်လုပ်ငန်းသည် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တွင်လည်း အောင်မြင်စွာ ရပ်တည်နိုင်မည့်အလားလာကောင်းများရှိနေသည်။ ထို့ကြောင့် ကရင်ရိုးရာဝတ်စုံများနှင့် လက်ရက် အထည်များသည် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် တန်ဖိုးမြှင့်ထုန်ကုန် များဖြစ်သကဲ့သို့ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်ချဲ့ထွင်ရေးတို့အတွက် အရေးပါသော စီးပွားရေးအင်အားစုတစ်ရပ်အဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း တွေ့မြင်ရသည်။

DOCA(ကရင်)

ထန်းတောမကျေးရွာ၌ တောင်သူအကျိုးအမြတ်ရရှိသော ပဲတောင့်ရှည် စိုက်ပျိုးထားရှိမှု

                   နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာရှိ ဥယျာဉ်ခြံမြေများ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ပဲတောင့်ရှည် ဟင်းသီးဟင်းရွက်ပင်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားကြောင်းသိရှိရသည်။ ပဲတောင့်ရှည်များစိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင် မျိုးများကိုသာစိုက်ပျိုးကြောင်း၊ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရကြောင်း၊ မြေ ကောင်းလျှင် အထွက်နှုန်းပိုကောင်းကြောင်း၊ စိုက်ပျိုးရာတွင် ရေမဝပ်သောမြေတွင် စိုက်ပျိုးပြီး ထွန်ရေး အသင့်အတင့်ဖြင့် စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။ တိုင်‌ထောင်ပဲကို တစ်တန်းနှင့် တစ်တန်း သုံးပေခြား၍ တစ်ပင်နှင့်တစ်ပင် (၉-၁၀) လက်မခွာ၍စိုက်ပျိုးကြကြောင်း၊ အပင်များ ရှည်လာသောအခါ အနည်းဆုံး(၇)ပေ ခန့်ရှည်သော ဝါးတိုင် (သို့မဟုတ်) သစ်သား တိုင်များကို အပင်၏တိုင်ခြေတွင် ထောင်ပေးရကြောင်း၊ စိုက်ပျိုးပြီး (၃၀)ရက် အကြာတွင် ပဲတောင့်ရှည်များကို အစေ့နုသောအချိန်တွင် ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအမျိုးအစား ပေါ်မူတည်ပြီး တစ်ဧကလျှင် အထွက်နှုန်း (၄၀၀) ပိဿာ ခန့်ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေပြင်ခ၊ ဝါးဖိုး၊ စိုက်ပျိုးစရိတ်အပါအဝင် (၁,၁၅၀,၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း၊ ၂၀၂၆ခုနှစ်၊ ဩဂုတ်လပထမပတ်၌ စိုက်ခင်းရောင်းဈေးမှာ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ခန့်ဖြင့်ရောင်းချကြောင်း၊ တောင်သူများကိုယ်တိုင် စိုက်ခင်းသို့ လာရောက်ဝယ်ယူ ကြောင်း၊  မြင်းခြံမြို့ အေးမြသီတာဈေး၌ ပဲတောင့်ရှည်တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ခန့်ရရှိကြောင်း၊ တောင်သူ အကျိုးအမြတ်အနေဖြင့် (၇၀၀,၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် ကာလတိုအတွင်း စီးပွားရေးတွက်ခြေကိုက်သော သီးနှံဖြစ်ကြောင်း ထန်းတောမကျေးရွာမှ  ပဲတောင့်ရှည် စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)           

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသောမြင်းခြံ ပဲဇီးကွက်

                     မြင်းခြံမြို့နယ် ကုန်စည်ဒိုင်(MDCCI)အတွင်းရှိ လယ်ယာထွက်ကုန်ပဲမျိုးစုံရောင်းဝယ် လျက်ရှိရာ ပဲဇီးကွက်များကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ယခု ၂၀၂၆ ခုနှစ်၊ဩဂုတ်လပထမပတ်၌ ပဲဇီးကွက် တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။  ယခင်လဒီဇင်ဘာလ၌ ပဲဇီးကွက်ထိပ်စ တစ်တင်းလျှင် (၁၂၇၀၀၀) ကျပ်၊ ပဲဇီးကွက်အောက်စတစ်တင်းလျှင် (၁၁၉၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ပဲဇီးကွက်ထိပ်စ တစ်တင်းလျှင်(၄၀၀၀)ကျပ်၊ ပဲဇီးကွက်အောက်စတစ်တင်းလျှင် (၃၀၀၀) ကျပ် ခန့်ဈေးနှုန်းအနည်း ငယ်မြင့်တက်ခဲ့ကြောင်း၊ ကျေးရွာများမှ ထွက်ရှိသော ပဲဇီးကွက်များကို ဒေသတွင်းစားသုံးကြသလို နွားထိုးကြီးမြို့၊ တောင်သာမြို့မှလည်းဝယ်ယူကြောင်း၊ အဓိကတင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့ရှိပွဲရုံများသို့လည်းအသီးသီး တင်ပို့ရောင်းချကြောင်း၊  ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ် ပဲတီစိမ်းဈေးကွက်၌ ယခင်လထက်  ဈေးနှုန်းမြင့်တက်လာ

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

       ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၈၂၀၀၀၊ ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၈၆၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်ဇူလိုင်လ ပထမပတ် ဈေးနှုန်းများမှာ ပဲတီစိမ်းတစ်တင်းလျှင်  ကျပ် ၆၈၅၀၀ နှင့် ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၇၂၅၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ကန့်ဘလူပဲမျိုးစုံဈေးကွက်၌ ယခုလအတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၃၅၀၀ နှင့်  ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၁၄၀၀၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်လာကြောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံများကို တင်ပို့ရောင်းချလျက်ရှိပြီး  မန္တလေးဈေးကွက်မှ အဝယ်လိုက်ပါက  ကန့်ဘလူဒေသထွက်ပဲများလည်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း