Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ထိုင်ဝမ်ဇီးသီးများ ဖြိုင်ဖြိုင်ထွက်ပေါ်”

                  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင် ကြသော်လည်း ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော ဇီးပင်စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများအပြားစိုက်ပျိုးလာကြကြောင်း၊ ဇီသီးသည်ရာသီစာဖြစ်၍ တစ်နှစ်ပတ်လုံးစားခွင့်မရှိပဲ တစ်နှစ်တွင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း၊ ဇီးပင်စိုက်ပျိုးရာတွင် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံးစိုက်ပျိုးကြပြီး အလုံးကြီးပြီး အရည် အသွေးကောင်းမွန်၍ အရသာရှိသော ထိုင်ဝမ်ဇီးသီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးလာကြကြောင်း၊ ဇီးပင်စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် (၁၅)ပေခြား စိုက်ပျိုးကြကြောင်း၊ တစ်ဧက ပျိုးပင် (၁၀၀) စိုက်ပျိုးရပြီး စတင်စိုက်ပျိုးသည့် အချိန်မှ (-)နှစ်ခန့်အကြာတွင် ဇီးသီးများ စတင်ခူးဆွတ်ရကြောင်း၊ ယခုဖြိုင်ဖြိုင်ထွက်ပေါ်ချိန်တွင် ဖောက်သည်ဈေးအနေဖြင့် ဇီးသီး (၁)ပြည်လျှင် အလုံးအကြီးအသေး ပေါ်မူတည်၍ (၂၅၀၀-၃၀၀၀)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ဇီးသီး (၁)ပြည်လျှင် အလုံး အကြီးအသေးပေါ်မူတည်၍ (၃၀၀၀-၃၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ စတင်ထွက်ပေါ်သည့် အချိန်တွင် တစ်ပတ်ခူးဆွတ်မှုအနေဖြင့် (၁၀)ပြည်ပါ (၂၅)ဖာ အထိရရှိပြီး ဖြိုင်ဖြိုင်ထွက်ပေါ်ချိန်တွင် တစ်ပတ်ခူးဆွတ်မှုအနေဖြင့် (၁၀)ပြည်ပါ (၄၀)ဖာထိရရှိပြီး ယိုစုံလုပ်ငန်းရှင်များမှလည်း ဇီးခြံအထိ လာရောက်၍ဝယ်ယူလျက်ရှိကြောင်း၊ ဇီးသီးစိုက်တောင်သူများမှာလည်း ရန်ကုန်-မန္တလေး လမ်းဘေး များတွင်လည်းကိုယ်တိုင်ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်သောကြောင့် ထိုင်ဝမ်ဇီးသီးများမှာ အရည်အသွေးလှ၍ အလုံးကြီးပြီး အထွက်နှုန်းကောင်းမွန်သည့်အပြင် ယခုဖြိုင်ဖြိုင်ထွက်ပေါ်သည့် အချိန်တွင်လည်း ဈေးကွက်တွင် ဈေးနှုန်းအနည်းငယ်ကျသော်လည်း အရောင်းသွက်၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် အထွက်နှုန်းနှင့် ဈေးနှုန်းအပေါ် မူတည်ပြီး ရာသီအစမှ ရာသီကုန်အထိ (၅၀၀၀၀၀၀-၆၀၀၀၀၀၀) ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်းကို ဇီးသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

“ကီလိုမာလကာသီးဈေးနှုန်းတည်ငြိမ်လျက်ရှိ”          

       ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှုအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်နောက်ကျေးရွာ၊ သံရွာကျေးရွာနှင့်  အရှေ့သပြေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  မိသားစုအပိုဝင် ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် ဈေးကွက်ဝယ်လိုအားရှိသည့် ကီလိုမာလကာပင်များကို လည်း စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံကို  ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာလ များတွင် အများဆုံး စိုက်ပျိုးကြပါသည်။ မိုးဦးကျ ကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်ပြီး  အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ် စည်းမျိုးပင်ကို (၁)နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင် ပါသည်။ စိုက်ပျိုးရာတွင် (၁)ပင် နှင့်(၁)ပင် (၁၅-၁၆)ပေ ခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် (၄-၅) နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက်မြေထုပ်ပျိုးပင်ကို (၁)နှစ်ခွဲ (၂)နှစ် အတွင်းမှာ အသီးသီးပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက် မြေထုပ်စည်းအပင်ကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစား ပေါ်မူတည်၍ (၁၅၀၀-၂၅၀၀-၃၅၀၀-၄၀၀၀)ကျပ်အထိ ဈေးနှုန်းရှိကြောင်း၊ တစ်ဧကလျှင် ကီလိုမာလကာပင် (၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင်အသီးများ စတင် ခူးဆွတ်ရကြောင်း၊ စတင် ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး (၁၀၀၀-၁၅၀၀)ခန့် ခူးဆွတ်ရကြောင်း၊ ကီလိုမာလကာသီး တစ်လုံးလျှင်လက်လီဈေး (၁၀၀၀-၁၅၀၀)ကျပ် အထိ ရောင်းချရကြောင်း၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၇၀၀-၈၀၀)ကျပ် ဈေးများဖြင့် ရောင်းချပေးကြောင်း မာလကာသီးကို ဒေသတွင်းမြို့နယ်များရှိ ဈေးများနှင့်  ရွှေသိမ်တော်ဘုရားသို့ လာရောက်ဘုရားဖူး ကြသူများမှာလည်း အိမ်ပြန်လက်ဆောင်အနေဖြင့် အများဆုံးဝယ်ယူကြကြောင်း၊ ကီလိုမာလကာပင်များကို မိသားစုအပိုဝင်ငွေရရှိအောင် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း မာလကာသီး အများဆုံး စိုက်ပျိုးသော တောင်သူတစ်ဦး ၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

 

 

“ ခရိုင်အတွင်း နှံစားပြောင်းသီးနှံများအောင်မြင်စွာရိတ်သိမ်းပြီးစီး”

                 ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲ၊နွားစာပါဖူလုံသော နှံစားပြောင်းသီးနှံကို လည်းစိုက်ပျိုလျှက်ရှိပါသည်။ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် နှံစားပြောင်း သီးနှံကို (၂၉၉၄)ဧက၊ မြစ်သားမြို့နယ်တွင် (၈၈၈)ဧက  စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်း ပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် တိုးနီမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄)ပြည် စိုက်ပျိုးရပြီး၊ (၁)ပြည်လျှင်(၂၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်စနစ်ဖြင့် စိုက်ကြောင်း ဆွဲအစေ့ချ ၊ အတန်းလိုက် စိုက်ပျိုးရကြောင်း၊ ၄င်းသီးနှံအား ဆည်ရေမရရှိသော ယာမြေများတွင် အများဆုံးစိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ‌မေလတွင် စတင်စိုက်ပျိုးပြီး ယခုအချိန် တွင် အားလုံးရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း၊  အထွက်နှုန်းအနေဖြင့် (၃၀-၃၅) တင်းခန့် ထွက်ရှိပြီး စျေးနှုန်းအနေဖြင့် ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် နှံစားပြောင်းစျေးနှုန်း အနေဖြင့် တစ်တင်းလျှင် (၂၃၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ယခင်နှစ်ထက် ဈေးနှုန်း အနည်းငယ် ကျဆင်းလျက်ရှိကြောင်း၊ တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ ရောင်းချကြပြီး ပွဲရုံများ မှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ တစ်ဧက စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၃၉၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ နှံစား ပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးရုံသာမက ကျွဲ၊ နွားစာပါ ဖူလုံသောကြောင့် တောင်သူ များ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

“ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်ဖြူများစတင်ထွက်ရှိ”

              ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်အတွင်း ကြက်သွန်ဖြူ စိုက်ဧက (၁၂၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရသိရှိပါသည်။  ယခုအခါ ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မတ်လအတွင်း စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ပေါင်လောင်၊ ပြည်တော်သာ၊ အရှေ့သာဂရ၊ ရဲဘော်လေးရွာ များ ဖြစ်ပါသည်။ စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူကို အတက်ကလေးများ နွှာပြီး  စိုက်ပျိုးရ ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ဗမာမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ ကြက်သွန်ဖြူ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း သိန်း (၂၅)ကျော်ခန့်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၈၀၀-၁၀၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် ကြက်သွန်ဖြူ စျေးနှုန်းအနေဖြင့် (၁)ပိဿာ လျှင်(၅၀၀၀-၆၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၂၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ လက်လီ ကြက်သွန်ဖြူ (၁)ပိဿာ ပေါက်ဈေးအနေဖြင့်  (၆၀၀၀-၇၀၀၀)ကျပ်ဖြင့်  ရောင်းဝယ်လျက်ရှိကြောင်း၊  ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံ များသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ကြက်သွန်ဖြူ ထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင် မည်ဖြစ်ကြောင်း ကြက်သွန်ဖြူ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

“မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်နီ ရိတ်သိမ်းမှုနှင့် ဈေးနှုန်းဈေးကွက်”

                 ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကို လည်း စိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ်အတွင်း ဆောင်းကြက်သွန်နီ စိုက်ဧက (၇၅၀၀) ဧက စိုက်ပျိုးထားရှိပြီဖြစ်ကြောင်း စိုက်ဧကတစ်ဝက်နီးပါးခန့် ရိတ်သိမ်းပြီး ဖြစ်ကြောင်း သက်ဆိုင်ရာဌာန များ၏ စာရင်းများအရ သိရှိပါသည်။  ယခုအခါ ကြက်သွန်နီများ တူးဖော်လျက်ရှိပြီး အများဆုံး စိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများ ဖြစ်ပါသည်။ စိုက်ပျိုးမှု အနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန်အသင့် ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း သိန်း (၃၀) ကျော်ကုန်ကျ ကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၃၀၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း၊ တောဝယ် ဆောင်းကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၁၈၀၀-၂၀၀၀) ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခု လက်ရှိ ကြက်သွန်နီ(ဆောင်း) အကြီး(၁)ပိဿာလျှင်(၂၇၀၀/-)ကျပ်၊ အလတ်(၁)ပိဿာလျှင် (၂၅၀၀/-)ကျပ်၊ အသေး(၁)ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊  ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲ အရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြ ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်နှုတ်ပြီး (၂၄၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ မိုးကြက်သွန်နီ စိုက်ပျိုးသော တောင်သူများအနေဖြင့်ဈေးနှုန်းများကောင်းမွန်သောကြောင့်အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊ ဆောင်းကြက်သွန်နီ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများအနည်းငယ်ကျဆင်းသောကြောင့် (မိုး) ကြက်သွန် လောက်(ဆောင်း)ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်နည်းကြောင်း၊ ဆောင်းကြက်သွန် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ပန်းဂေါ်ဖီစိမ်းဈေးနှုန်းနှင့်ဈေးကွက်”

                  ပန်းဂေါ်ဖီစိမ်းသည် အအေးပိုင်းဒေသများဖြစ်သော ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ၊ ရေဦးဒေသ များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြေပြန့်ဒေသတွင်လည်း စိုက်ပျိုးမှုများပြားလာကြောင်း၊ မြေပြန့်ဒေသတွင် စိုက်ပျိုးမည်ဆိုပါက စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးနိုင်ကြောင်း၊ တောင်ပေါ်ဒေသများနှင့် အအေးပိုင်းဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ စိုက်ပျိုး မည်ဆိုပါက တစ်ဧကကို မျိုးစေ့ပေါင်ဝက်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုး ရပြီး ပျိုးသက်တမ်း (၂၅-၃၀)ရက်ကျော်လျှင် စိုက်ပျိုးရန် အသင့်ပြုလုပ်ထားသော ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၂)လကျော်လျှင် ပန်းများစတင်ခူးဆွတ်နိုင်မည် ဖြစ်ကြောင်း၊ ပန်းဂေါ်ဖီစိမ်းကို အချိန်လိုက်ခူးဆွတ်ရပြီး ခူးဆွတ်ချိန်နောက်ကျပါက အရောင်ပြောင်း သွားနိုင်ကြောင်း၊ တစ်ဧကလျှင် ပန်းဂေါ်ဖီစိမ်း အပွင့်ပေါင်း (၂၀၀၀-၃၀၀၀)ပွင့်အထိ ခူးဆွတ်ရနိုင် ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျ စရိတ် (၁၂၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပန်းဂေါ်ဖီလက်ကားဈေးအနေဖြင့် (၁၃၀၀/-)ကျပ် ဖြင့် ရောင်းချပေးကြောင်း၊ ပန်းဂေါ်ဖီဈေးနှုန်းအနေဖြင့် အပွင့်ကြီးတစ်ပွင့်လျှင် (၂၀၀၀/-)ကျပ်၊ အပွင့်သေးတစ်ပွင့်လျှင် (၁၀၀၀-၁၅၀၀)ကျပ်အထိ ရောင်းဝယ်လျက်ရှိပြီး စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၄၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ အိမ်များတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသင့်သော သီးနှံ ဖြစ်ကြောင်း၊ ပန်းဂေါ်ဖီစိမ်းစားသုံးခြင်းဖြင့် ကင်ဆာရောဂါကို မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်သည့် အဓိကအစားအစာတွေထဲမှ တစ်ခုဖြစ်ကြောင်း၊ ပန်းဂေါ်ဖီစိမ်းကို ကြော်စားတာထက် ပြုတ်၍ စားသုံးပါက ပိုမိုအာဟာရဖြစ်ကြောင်း၊ ပန်းဂေါ်ဖီစိမ်းကို ဗီတာမင်စီကြွယ်ဝသည့်အပြင် အမျှင်ဓာတ် လည်း အများဆုံးပါဝင်သောကြောင့် အစာခြေဖျက်ရာတွင် အများဆုံးအထောက်အကူပြုစေကြောင်း၊ နေ့စဉ်စားသုံးမှုတွေမှာ အိမ်ရှင်မများအနေဖြင့် မိသားစုကျန်းမာရေးအတွက် ပါဝင်အောင် ချတ်ပြုတ် ပေးသင့်သော အစားအစာတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“နွေနှမ်းများစတင်စိုက်ပျိုးလျက်ရှိ”

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၆ခုနှစ်အတွင် နွေနှမ်းစိုက်ပျိုးရန်အတွက် ဆည်မြောင်းဝန်ကြီးဌာနမှ ရေပေးဝေသောကြောင့် နွေနှမ်းများစိုက်ပျိုးလျှက်ရှိကြောင်း၊ နှမ်းစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြ ပြီးအများဆုံးစိုက်ပျိုးသောမျိုးများမှာနှမ်းဖြူ၊နှမ်းညိုနှင့်နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါသည်။(၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင် (၈၀၀၀-၈၅၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း  ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်  စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧက မျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း ၊ ယခုအချိန်တွင် နှမ်းစျေးနှုန်း အနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၀၆၀၀၀/-)ကျပ်၊နှမ်းညိုတစ်တင်းလျှင်(၁၀၅၀၀၀/-)ကျပ်၊နှမ်းနက် တစ်တင်းလျှင်(၁၀၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်း အဝယ်ဖြစ်နေပြီး နှမ်းဆီ ၁ပိဿာ လျှင်(၁၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ကုန်သွယ်ရောင်းဝယ်မှုအနေဖြင့် တောင်သူ များမှ နှမ်းပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက်ရောင်းချ ကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည် ။ တောင်သူများမှာ နှမ်းကိုဆီထွက်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက်ရှိပါသည်။ နှမ်းပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊ နှမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့်  မိသားစု စားသုံးဆီဖူလုံရုံမျှမက အကျိုးအမြတ်များရရှိသောကြောင့် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံကိုလည်းနှစ်စဉ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဘိလပ်မြေဈေးကွက်

                    မိတ္ထီလာ ဈေးကွက်အတွင်း ယခုမတ်လဒုတိယအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ် လျှင် (၁၈၅၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၈၅၀၀)ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ် လျှင်(၁၇၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် အပါချီတစ်အိတ်လျှင် (၁၇၀၀)ကျပ်၊ ကြံ့နှစ်ကောင်တစ်အိတ်လျှင်(၁၇၀၀)ကျပ်၊ alpha တစ်အိတ်လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။ ယခုအခါ ပွင့်လင်းရာသီ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်လာပြီ ဖြစ်၍ ဈေးကွက်တွင် အရောင်းအဝယ်မှာ ယခင်ထက်သွက်လာကြောင်း သိရသည်။ မိတ္ထီလာမြို့ သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ ဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက် များသို့ ရောင်းချရ ကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)

ကြက်သွန်နီဈေးကွက်နှင့် စိုက်ပျိုးမှုအခြေအနေ

             မိတ္ထီလာဈေးကွက်တွင် မတ်လ၊ဒုတိယပတ်၌ ကြက်သွန်နီဈေးမှာ နယ်ဝေးဝယ်လိုအားများ ကြောင့် ဈေးနှုန်းပြန်လည်မြှင့်တက်လာကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီ ထွက်ရှိ မှုများသော မလှိုင်မြို့နယ်နှင့်မိတ္ထီလာဈေးကွက်တို့မှပုံမှန်တင်ပို့ရသော ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ တာချီလိတ် ဈေးကွက်များအပြင်ယခုတစ်ပတ် မော်လမြိုင်၊ မြဝတီ၊ မိုင်းလား ဝယ်လက်များကပါ အဝယ်လိုက်သဖြင့် ဈေးတက်လာခြင်းဖြစ်ပါသည်။ ကြက်သွန်နီပွဲစားဝယ်လက်ဈေးမှာ တစ်ပိဿာလျှင် ယခင်တစ်ပတ်က (၁၀၀၀-၁၂၀၀)ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် (၁၂၀၀-၁၃၀၀)ကျပ်ဖြင့် တစ် ပိဿာအပေါ်(၁၀၀-၂၀၀)ကျပ်ဈေးမြင့်လာပါသည်။

    မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်နီကို မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့တွင်သာစိုက်ပျိုး ကြပြီး ဆောင်းကြက်သွန်နီကို ခရိုင်အတွင်းမြို့နယ်(၄)မြို့နယ်တွင်စိုက်ပျိုးရာ ယခုနှစ်ဧက(၁၃၅၀၀) ကျော်စိုက်ပျိုးထားကြောင်းနှင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီက (၈၈၀၀၀)ကျော်စိုက်ပျိုးခဲ့သဖြင့် ယခင် နှစ်ထက်ပိုမိုစိုက်ပျိုးထားကြောင်း ဆောင်းကြက်သွန်နီကို ဧပြီလတွင်နှုတ်သိမ်းလေ့ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်အတွင်းနှမ်းဈေးနှုန်းမြင့်တက်လျက်ရှိ

              မိတ္ထီလာမြို့ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းကို မိတ္ထီလာ၊မလှိုင်၊သာစည်၊ဝမ်းတွင်းမြို့နယ်များ မှရာသီချိန်တွင်အဝင်များပြီး လက်ရှိကာလတွင် အနည်းငယ်သာ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

            ယခုမတ်လတတိယပတ်အတွင်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင်အိတ်(၃၀-၄၀)ခန့်သာ အရောင်း အဝယ်လျက်ရှိကြောင်း၊ နှမ်းညိုတစ်တင်းလျှင် (၁၁၃၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၃၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင်း လျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်လက်ကျန်နည်းလာခြင်း၊ တိရိစ္ဆာန် အစာဈေးမြင့်၍ ကုန်ကြမ်း ဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဈေးကွက်အနေ ဖြင့်ဒေသတွင်း ဆီကြိတ် စက်များမှ အများဆုံးဝယ်ယူကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း