Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူပဲဖတ်ဈေးကွက် အရောင်းအဝယ်ဖြစ်မှု အခြေအနေ

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် စိုက်ပျိုးရေးထွက်သီးနှံများအပြင် ဒေသထွက်ကုန်များစွာလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထုတ်ကုန်များစွာအနက်မှ မြေပဲ ဆီသန့် ထုတ်လုပ်ရောင်းချမှုကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသအနှံ့အပြားသို့ ရောင်းဝယ်ဖောက်ကား လျက်ရှိရာ ယခုအချိန်တွင်စားသုံးသူများမှ မြေပဲဆီသုံးစွဲမှုများပြီး ပြည်တွင်းပဲဆီ လိုအပ်ချက်များ မြင့်မားနေသောကြောင့် ဆီစက်များ အားလုံးနီးပါးလည်ပတ်လျက်ရှိရာ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းမှ ထွက်ရှိသော မြေပဲဖတ်များလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင် (ဆုံ)ပဲဖတ် တစ် ပိဿာလျှင် ကျပ်(၇၀၀၀)၊ (စက်)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၆၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခုဖေဖေါ်ဝါရီ(တတိယပတ်)တွင် ဆုံခွေပဲဖတ် တစ်ပိဿာလျှင်ကျပ် (၇၀၀၀-၇၂၀၀) ဖြစ်၍ ဈေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀)ခန့်ဈေးတက်နေ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့်ပခုက္ကူဒေသထွက်(ဆုံ) ပဲဖတ်များကို ဒေသတွင်းစားသောက်ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုအပြင်(စက်)ပဲဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ်မွေးမြူရေးလုပ်ငန်းရှင် များမှဝယ်ယူခြင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များမှလည်း ဝယ်ယူကြောင်း သိရသည်။

          ပြည်တွင်းမွေးမြူရေးအစားအစာဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှုအနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ပြည်တွင်းငါးမွေးမြူရေး၊ ဝက်မွေးမြူရေး လုပ်ငန်းများမှလည်း တိရိစ္ဆာန်အစာများတွင် ရောစပ်အသုံးပြုပြီး စိုက်ပျိုးရေး တောင်သူများမှလည်း သီးနှံစိုက်ခင်းများတွင် သွင်းအားစုအဖြစ် အမှုန့်ကြိတ်ပြီးသုံးစွဲရန် ဝယ်ယူမှု များလျက်ရှိခြင်းနှင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှလည်း စက်ကြီးများဖြင့် ဆီပြန်လည် ထုတ်လုပ်ရန်အတွက် ဆုံပဲဖတ်ခွေများကို ပြန်လည်ဝယ်ယူမှုများ၍ ပခုက္ကူဒေသထွက် ပဲဖတ်များ နေ့စဉ် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ပဲလွန်းပြာသီးနှံ ဈေးနှုန်းအနည်းငယ် မြင့်တက်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မနှင့် မြစ်ရေဝင် ကျေးရွာများဖြစ်သည့် သံပုရာပင်ကုန်း၊ နန်းတော်ရပ်၊ ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ် ကျေးရွာများတွင် ပဲလွန်းပြာသီးနှံကို အများဆုံးစိုက်ပျိုးကြသည်။ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပဲလွန်းပြာသီးနှံများလည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)မှစ၍ ဈေးကွက်သို့ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်တင်းလျှင် ကျပ်(၆၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

      ဈေးနှုန်းအနေဖြင့် ယခုဖေဖါ်ဝါရီ(တတိယပတ်)တွင် ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် (၆၅၈၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဇန်နဝါရီလ(တတိယပတ်)နှင့် နှိုင်းယှဉ် ပါက တစ်တင်းလျှင်ကျပ် (၈၀၀)ခန့်ဈေးအနည်းငယ်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်း၌ တစ်ရက်လျှင် ပဲလွန်းပြာ ပိဿာ (၃၀)ဝင် အိတ် (၁၀၀ မှ ၂၀၀)ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲလွန်းပြာသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး စားသုံးမှုအနေဖြင့် စားသောက်ကုန်မျိုးစုံတွင် ထည့်သွင်းခြင်းအပြင် မြန်မာ့ရိုးရာ အစားအစာ ငချိတ်ပေါင်း၊ ကောက်ညှင်း ပေါင်းများတွင် ထည့်သွင်းအသုံးပြုမှုများ၍ ပြည်တွင်း စားသုံးမှုများသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

     ဈေးကွက်အနေဖြင့် ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲလွန်းပြာသီးနှံများကို ပခုက္ကူပွဲရုံများမှတစ်ဆင့် ဒေသတွင်းဖြန့်ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သီးနှံဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

                                     

ပခုက္ကူဈေးကွက်တွင်  ထောပတ်ပဲ ဈေးနှုန်းမြင့်တက်

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလတွင် ထောပတ်ပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထောပတ်ပဲကို ပခုက္ကူ ခရိုင်အတွင်းရှိ ကျွန်းများ၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ် လျက်ရှိသည်။ ပခုက္ကူခရိုင်တွင် ထောပတ်ပဲ စိုက်ပျိုးဧကမှာ (၂၃၀၀) ကျော်ရှိပြီး ရာသီဥတုနှင့် မြေအမျိုးအစား ပေါ်မူ တည်၍ တစ်ဧကထွက်နှုန်းမှာ တင်း(၂၀)မှ (၂၅)တင်းထိ ထွက်ရှိကြောင်း၊ တစ်ဧကလျှင် တစ်တင်း စိုက်ပျိုးရကြောင်း၊ ထောပတ်ပဲကို သီတင်းကျွတ်မှ စတင်စိုက်ပျိုးကြပြီး တပေါင်း၊ တန်ခူး တွင် အသီးများခူးဆွတ်ရကြောင်း၊ ထောပတ်ပဲကို စတင်စိုက်ပျိုးချိန်မှ စ၍ တစ်လခွဲ အကြာတွင် အပွင့်များစတင်ပွင့်ပြီး အပွင့်ပွင့်ချိန်တွင် အသီး အားတိုးဆေး ကောမတ် မြေဩဇာ ကျွေးရကြောင်း၊ တစ်ဧကလျှင် လု်ပသားခ၊ မျိုးအပါအဝင် ကျပ်(၄)သိန်းကျော် ကုန်ကျကြောင်း စိုက်တောင်သူ များထံမှ သိရှိရပါသည်။

          ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ (ဒုတိယပတ်)မှ စ၍ ကုန်စည်ဒိုင်သို့ စတင်အရောင်း အဝယ် ဖြစ်လျက်ရှိပြီး တစ်တင်းလျှင် ကျပ်(၇၀၀၀၀)၊ ဖေဖေါ်ဝါရီ(တတိယပတ်)တွင် ထောပတ်ပဲ အမျိုးအစားပေါ်မှုတည်၍ တစ်တင်းလျှင်ကျပ် (၇၄၀၀၀-၈၃၀၀၀)ဖြစ်၍ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါ က တစ်တင်းလျှင်ကျပ် (၁၀၀၀၀)ခန့် ဈေးတက်နေပြီး နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်မှုမှာ အိတ်ရေ (၁၀၀ မှ ၅၀၀)ထိ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ ဆောင်းသီနှံကုလားပဲများ အထွက်နှုန်းကောင်း၍ တောင်သူများအကျိုးအမြတ်များရရှိလျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ညောင်ပင်သာ၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ကုန်းကြီး၊ ထန်းကိုင်း၊ ရွာသစ်၊ ဂျင်ရဲမြောင်၊ ရွာတော် စသည့် ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ပြီး ကြက်သွန်နီ၊ နှမ်း၊ မြေပဲ၊ ကုလားပဲ၊ စား တော်ပဲ၊ ပဲကြီး၊ နေကြာ၊ ပဲစဉ်းငုံ၊ ပြောင်း၊ စပါး၊ ခရမ်းချဉ်သီးနှင့် အခြားစားဖိုဆောင်သုံးသီးနှံများကို ရာသီ အလိုက်စိုက်ပျိုးကြကြောင်း၊ ဥယျာဉ်ကျေးရွာ၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)မှစတင်၍ ဆောင်း သီးနှံကုလားပဲများ စတင်ထွက်ရှိခဲ့ကြောင်း သိရသည်။

          ဥယျာဉ်ကျေးရွာနေတောင်သူတစ်ဦးက ၎င်းအနေဖြင့် ဆောင်းသီးနှံကုလားပဲ(မြကျေးမျိုး) ()ဧက ခန့်အား ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး မျိုးကိုယခင်နှစ်ကကုလားပဲစိုက်ခင်းများမှ စိုက်ပျိုး ထွက်ရှိသည့်ကုလားပဲစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မျိုးသုံးစွဲမှု အနေဖြင့် စိုက်ပျိုးမြေအနေအထားပေါ်မူတည်ပြီး ()တင်းခွဲမှ ()တင်းခန့်အထိကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ()လ ခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ လုပ်အားခ၊ ရိတ်သိမ်းခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ()ဧကလျှင် ကျပ်(၈၀၀၀၀၀) ခန့်ကုန်ကျ ကြောင်း သိရ သည်။

          ယခင်နှစ်က ကုလားပဲသီးနှံ()ဧကစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်နှင့်ရိတ်သိမ်းခအပါအဝင် ကျပ် (၈၅၀၀၀၀)ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ကုလားပဲစိုက်ပျိုးချိန်တွင် မိုးများပြီး စိုက်ခင်းများအတွင်း ရေဝပ်မှုများ၍ အပင်အသေအပျောက်များသည့်အတွက် ()ဧကလျှင် (၁၅)တင်းမှ (၁၈)တင်းထိသာ ထွက် ရှိခဲ့ကြောင်း၊ ဈေးနှုန်းအနေဖြင့် ()တင်းလျှင် ကျပ်(၈၀၀၀၀)ခန့် ရရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ကျပ် (၃၅၀၀၀၀-၅၉၀၀၀၀)ခန့်သာရရှိခဲ့ကြောင်း သိရသည်။

    ယခုနှစ်တွင် ကုလားပဲစိုက်ခင်း()ဧကလျှင် (၂၆)တင်း ထိထွက်ရှိပြီး ()တင်းလျှင် ကျပ် (၇၅၀၀၀) ခန့်ဖြင့် ရောင်းချကာ အကျိုးအမြတ်အနေဖြင့် ကျပ် (၁၁၅၀၀၀၀)ခန့်ရရှိကြောင်း သိရသည်။ ယခုနှစ်တွင် ဆောင်းသီးနှံကုလားပဲ စတင်ထွက်ရှိချိန်တွင် ရာသီဥတုသမမျှတသည့်အတွက် ယခင်နှစ်ကထက် ဈေးနှုန်း မှာလျော့နည်းသော်လည်း အထွက်နှုန်းကောင်းသည့်အတွက် စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ် များ ပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှ မြို့ပေါ်ရှိ ပွဲရုံများသို့သာ အဓိကရောင်းချကြောင်း၊ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ကုလားပဲ(မြကြေး)အသစ်()တင်းလျှင် ကျပ်(၇၅၀၀၀) ဈေးနှုန်းဖြင့်သာ ဆက်လက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

စားအုန်းဆီဈေးကွက်ဈေးနှုန်း အလားအလာ

       ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စားအုန်းဆီ ထုတ်လုပ်သောနိုင်ငံများတွင် ထုတ်လုပ်မှုလျော့ ကျခြင်း၊ တရုတ်နှစ်သစ်ကူး ပွဲတော်နှင့် ရမဿွာန် (Ramadan)  ကာလများအတွက် ကြိုတင်ဝယ်ယူ စု‌ဆောင်းမှုများလာခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်း အနည်းငယ်မြင့်တက် လာခဲ့ပါသည်။

    သတင်းအရင်းအမြစ်များနှင့် Reuters Software ပါ ဈေးကွက်သတင်းများအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု လျော့ကျသည့်ကာလဖြစ်ခြင်း၊ လက်ရှိ ကာလတွင် မလေးရှားရင်းဂစ်ငွေ တန်ဖိုး မြင့်တက်လာခြင်း၊ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ ပို့ကုန်ခွန် (Levy) ကို လက်ရှိ ၁၀% မှ ၂.၅%  တိုးမြှင့်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍ ၁၂.၅% အထိကောက်ခံရန် အတည်ပြုထားပြီးဖြစ်ခြင်း၊ ကမ္ဘာ့စားအုန်းဆီ လက်ကျန်အချိုးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၂၀% ရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၉% သို့ ကျဆင်း လာခြင်း၊ မတ်လကုန်ပိုင်းတွင် ကျင်းပမည့် အီးဒ်ပွဲတော် (Eid al-Fitr) ကာလအတွက် ဝယ်လိုအား များခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် စားအုန်းဆီ FOB တစ်တန် စျေးနှုန်း (ထုတ်လုပ် သည့် နိုင်ငံများ၏ ဈေးနှုန်း) သည် အမေရိကန်ဒေါ်လာ ၁,၀၄၇ ၊ ဖေဖော်ဝါရီလတွင် ၁,၀၇၈ သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သီရိမင်္ဂလာဈေးတွင်ဖြစ်ပေါ်နေသော အာလူးဈေးကွက်

     လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေးတွင် လက်လီ/လက်ကား ဈေးရောင်း၊ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး ကုန်စည်စီးဆင်းမှုမှာလည်း ပုံမှန်လည်ပတ်လျက်ရှိသည်။ ပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် အဓိကစိုက်ပျိုးရေး၊ မွေးမြူရေးကိုအားထား အသက်မွေးဝမ်းကြောင်းပြုကြသည်။ ပြည်သူများ အသုံးပြုရန် စားသုံးသူကုန် စားသုံးကုန်/ လူသုံးကုန်များပစ္စည်းကို အခြားမြို့ကြီးများမှ မှာယူရောင်းချပါသည်။ စားဖိုဆောင်သီးနှံ တစ်ခု ဖြစ်တဲ့ အာလူးကို ပြည်နယ်အတွင်းမှာ စိုက်ပျိုးသော်လည်း  စားသုံးသူပြည်သူများ၏ လိုအပ် ချက်အရ အာလူးကို အောင်ပန်း ၊ ကလော၊ တောင်ကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိ ပါသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ် ဈေးကွက်တွင် ဝင်ရောက်နေသောအာလူး(မျက်စပ်နီ) တစ်ပိဿာလျှင်ကျပ်(၅၀၀၀-၆၀၀၀) ဈေးဖြင့်ဝယ်ယူစားသုံးရသည်။ ဇန်နဝါရီလ နောက်ဆုံးပတ် နှင့်နှိုင်းယှဉ်ပါကကျပ် (၁၀၀၀)ကျပ်ခန့် ကွာခြား၍ ဈေးအနည်းကျလာပါသည်။ ဈေးကွက်တွင် ဒေသထွက်အာလူးများလည်းရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ဈေးအနည်းငယ်ကျရခြင်းမှာ ဒေသထွက် အာလူးများဈေးကွက်တွင်ဝင်ရောက်လျက်ရှိသောကြောင့် ဈေးအနည်းငယ်ကျရခြင်း ဖြစ်သည်ဟု ဈေးသည်တစ်ဦးထံမှသိရှိရပြီး  ဈေးကွက်အတွင်းသို့ ကုန်စည်ဝင်ရောက်မှုမှာပုံမှန် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၅-၂-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၅-၂-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

နွေရာသီတွင် သောက်သုံးသင့်သော “မန်ကျည်းဖျော်ရည်”

                       မကြာမီရောက်ရှိတော့မည့် ပူပြင်းသောနွေရာသီကာလကို အန်တုနိုင်ရန်အတွက် သဘာဝက ပေးသောလက်ဆောင်မွန်မှာ မန်ကျည်းသီးပင်ဖြစ်သည်။ “အပူစာတွင် မန်ကျဉ်း၊ အအေးစာတွင် ဆား” ဟူသော မြန်မာ့ရိုးရာစကားပုံနှင့်အညီ မန်ကျည်းဖျော်ရည်သည် ရင်ကိုအေးမြစေရုံသာမက ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုသော အဖျော်ယမကာတစ်ခုဖြစ်ပါသည်။ မန်ကျည်းဖျော်ရည်သည် လူ့ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးသည့်အပြင် နွေရာသီတွင်ဖြစ်ပေါ်တတ်သည့် အပူလျှပ်ခြင်း၊ အပူကန်ခြင်းနှင့်ဝမ်းချုပ်ခြင်းတို့ အတွက်လည်း အထောက်အကူပြုသောသဘာဝဆေးတစ်ခွက်ဖြစ်ပါသည်။

          မန်ကျည်းဖျော်ရည်ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများစွာရရှိပြီး အစာခြေစနစ်ကောင်းမွန်စေပြီး မန်ကျည်းသီးတွင်ပါဝင်သောအမျှင်ဓာတ်များက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါသည်။ ဗီတာမင်စီ ( Vitamin C ) ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များကိုဖယ်ရှားပေးပြီး သွေးလေလည်ပတ်မှုကိုကောင်းမွန်စေသောကြောင့် အညောင်းအညာများပြေစေပါသည်။ မန်ကျည်းသီးတွင် ဖောလစ်အက်ဆစ်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့ပါဝင်ခြင်းကြောင့် မျက်သားခမ်းခြောက်ခြင်း၊ အသက်အရွယ်အရအမြင်အာရုံ လျော့နည်းလာခြင်းတို့ကိုကာကွယ်ပေးနိုင်ကြောင်း ဆေးသုတေသနပညာရှင်များ၏လေ့လာချက် များအရသိရသည်။

                      မန်ကျည်းသီးကိုရေစိမ်၍သော်လည်းကောင်း၊ ရေနှင့်ပြုတ်၍အနှစ်ပျော်အောင်ပြုလုပ်ပြီး ထန်းလျက်နှင့်ရော၍သောက်သုံးနိုင်ပြီး မြန်မာ့ရိုးရာမြေအိုးအသေးထဲတွင် မန်ကျည်းသီးနှင့် ထန်းလျက်ရောစိမ်၍အေးအေးလေးသောက်သုံးနိုင်ပါသည်။ မန်ကျည်းဖျော်ရည်သည် ဓာတု ဆိုးဆေးနှင့်သကြားတုများပါဝင်သော အသင့်သောက်အအေးများထက်ပိုမိုကောင်းမွန်ပြီး ဘေးဥပါဒ်ကင်းစင်သော ဖျော်ရည်ဖြစ်သောကြောင့် မိမိတို့၏နေအိမ်များတွင် လွယ်ကူစွာဖော်စပ်သောက်သုံး ခြင်းဖြင့် ပူပြင်းသောနွေရာသီကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့ “ဝါ” ဈေးနှုန်းဈေးကွက်နှင့်ရောင်းချမှု အခြေအနေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် “ဝါ”သီးနှံကို ကံတော်၊ ကံလှ၊ ကံ တိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့ နယ်အတွင်းရှိရွာများမှ အဓိကစိုက်ပျိုး ကြပါသည်။ ထွက်ရှိသော“ဝါ”များကို ပခုက္ကူမြို့ပေါ်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူ မြို့ “ဝါ”စိုက်ဧကမှာ ယခင် က (၅၀၀၀မှ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက်ဧက(၂၅၀၀) ဝန်ကျင် ခန့်သာ စိုက်ပျိုးကြောင်း သိရှိရပါသည်။ “ဝါ”စိုက်ပျိုးရာတွင်အဓိက ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တို ဝါများကို စိုက်ပျိုး ကြပါသည်။ “ဝါ” စတင်ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၁၀၀ မှ ၃၀၀ ထိ) ဝင်ရောက်လျက်ရှိကြောင်း “ဝါ”ကုန်သည် များထံမှ သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှ ထွက်ရှိသော“ဝါ”များကို မန္တလေးတိုင်းဒေသ ကြီးနှင့် သရက်၊ အောင်လံခရိုင်များသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခင်လ ဇန်နဝါရီလ အစောပိုင်းတွင် “ဝါ”ဝင်ရောက်မှုမှာ အလွန်းနည်းပါးကြောင်း၊ ဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀-၄၀၀၀)၊ ချည်မျှင်တိုဝါ တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ရှိပြီး  ဝါကြိတ် ဖတ်တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ဝါစေ့ဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ဈေးဖြစ်ခဲ့ပြီး ယခုဖေဖေါ်ဝါရီလ (တတိယပတ်)တွင် ချည်မျှဉ်ရှည်ဝါ တစ်ပိဿာလျှင် ကျပ် (၄၅၀၀)၊ချည်မျှင်တိုဝါတစ်ပိဿာလျှင် ကျပ်(၄၀၀၀) ဝါစေ့တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၂၄၀၀)၊ ဝါစေ့ဆီတစ် ပိဿာလျှင်ကျပ်(၈၆၀၀)၊ ဝါကြိတ်ဖတ် တစ်ပိဿာလျှင်ကျပ် (၂၄၀၀-၂၅၀၀)၊ ဝါဂွမ်းအစေ့လွတ် တစ်ပိဿာလျှင်ကျပ် (၁၁၀၀၀-၁၁၅၀၀)ဖြစ်ပြီး ယခင် ဇန်နဝါရီလနှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက  ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်(၅၀၀) ခန့်ဈေးတက်ပြီး  ဝါစေ့ဆီတစ်ပိဿာလျှင် ကျပ် (၁၄၀၀)ခန့် ဈေးကျနေပြီး  အရောင်း အဝယ်ဖြစ် ကြောင်း၊ “ဝါ”ဝင်ရောက်မှုမှာ နည်းပါးနေကြောင်း “ဝါ”ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပေါက်မြို့နယ်ရှိ ငရုတ်စိုက်တောင်သူများ၏ စိုက်ပျိုးထွက်ရှိမှုနှင့်အသားတင်အကျိုးအမြတ်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော အင်းတော၊ ရှားတော၊ ထန်းတပင်၊ သရက်တော၊ စမ်းရေခုံ ကျေးရွာများသည် လယ်ယာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံကိုလည်း ဝင်ငွေ ပိုမိုရရှိလာစေရန် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။

       ရှားတောကျေးရွာ ရှိ တောင်သူတစ်ဦးမှ ငရုတ်သီးနှံကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ()လအကြာတွင် ခူးဆွတ်ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ()ဧကလျှင် မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် ကျပ်(၂၀)သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း သိရပါသည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ(၆၀၀)ဝန်းကျင်အထိ ထွက်ရှိကြောင်း၊ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)နှုန်းဖြင့် ရောင်းရကြောင်း၊ ဈေးကွက်အနေဖြင့် ပေါက်မြို့ပေါ်ဈေးသို့ လာရောက် ရောင်းချကြောင်း၊ ယခုနှစ်တွင် ငရုတ်စိုက်တောင်သူများ၏ အသားတင်အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၁၅-၁၆)သိန်းခန့် ရရှိနိုင်မည်ဖြစ်ကြောင်း စိုက်တောင်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း