Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၆-၂၀၂၇ ခုနှစ် ငါန်းဇွန်မြို့နယ်၌ မြေပဲများ စိုက်ပျိုးပြီးစီးမှုနှင့် ဈေးနှုန်းဈေးကွက်

              မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ဝါ၊ ဂျုံ နှင့် စားဖိုဆောင်သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံ ဖြစ်သော မြေပဲသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂ ခုနှစ် မိုးမြေပဲ (၁၈၉၇၀)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့် ဇူလိုင်လကုန်ထိ (၅၆၀၂)ဧကစိုက်ပျိုးပြီး စီးပြီ ဖြစ်ကြောင်း သိရသည်။ ယခင်နှစ် စိုက်ပျိုးမှုအနေဖြင့် ((၁၉၈၄၃)ဧက စိုက်ပျိုးခဲ့ကြောင်း၊  ထွက်ရှိမှုအနေဖြင့် အထွက်နှုန်း(၄၉.၃၅)တင်းနှင့် အထွက်တင်းပေါင်း (၉၇၉၂၅၂)တင်း၊ ဆောင်းမြေပဲ လျာထားဧက (၃၃၂၃)ဧကနှင့် စိုက်ပျိုးဧက (၃၃၀၃)ဧက စိုက်ပျိုးရိတ်သိမ်းပြီး အထွက်နှုန်းမှာ (၆၃.၁၀)တင်းနှင့် အထွက်တင်းပေါင်း (၂၀၈၄၁၉)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရသည်။ မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၁၈)ပြည်ခန့် စိုက်တန်းချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုးဈေးနှုန်းမှာ မြေပဲဆံ တစ်ပိဿာလျှင် (၁၂၀၀၀/၁၃၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးသော မျိုးများမှာ ဆင်း-၁၁၊ SP-121၊ ကျောင်းကုန်းမျိုးနှင့် ဒေသမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြောင်း သိရသည်။ မိုးမြေပဲစိုက်ပျိုးမှုအများဆုံးအနေဖြင့် စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာ နှင့်ကုန်းသာကျေးရွာ စသည့်ကျေးရွာများ ဖြစ်ပါသည်။ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါအဝင် (၄၅၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အ နေဖြင့် (၃၀၀၀၀၀)ကျပ် ဝန်းကျင်သာရှိပြီး ဒေသထွက်မြေပဲ များကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့်မန္တလေးမြို့နှင့်ကျောက်ဆည်မြို့များသို့တောင်သူများဈေးဝယ်လိုက်ရင်းဖြင့်သော်လည်းကောင်း၊ ကားတင်ပေး၍ သော် လည်းကောင်း အများဆုံးရောင်းချကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုး ရာတွင် ရာသီဥတုကောင်းမွန်ရန် လိုအပ်သလို ရေခံမြေခံနှင့်မျိုးစေ့များလည်း ကောင်းမွန်၍ ဈေးကွက် ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)             

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၀-၈-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၀ -၈ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ကယားပြည်နယ်တွင်ပဲစင်းငုံသီးနှံ ၄၄၇၇ ဧက စိုက်ပျိုးထားရှိမှုအခြေအနေ

 

          ကယားပြည်နယ်သည် တောတောင်ရေမြေသဘာဝတောင်တန်းများနှင့် စိုက်ပျိုးရေးအတွက် ကောင်းမွန်သောမြေများ ပိုင်ဆိုင်ထားသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ မိုးရာသီကာလ၌ ပဲစင်းငုံ သီးနှံစိုက်ပျိုးရန်အတွက် လိုအပ်သည့်မြေပြုပြင်ခြင်းများ၊ အမှိုက်သရိုက်မီးရှို့ခြင်းများကို ဧပြီလတွင် ဆောင်ရွက်ကြသည်။ ပြည်နယ်အတွင်း ပဲစင်းငုံကို မိုးရာသီ ကာလ မေ၊ ဇွန်လတွင်စတင်စိုက်ပျိုး ကြသည်။ ကယားပြည်နယ်အတွင်း စိုက်ခင်း ဧရိယာ ၄၄၇၇ ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင် ရဌာနမှသိရှိရပါသည်။ ပဲစင်းငုံသီးနှံများအပင်ဖြစ်ထွန်းကောင်းမွန်ပြီး သီးနှံအထွက်နှုန်းများကောင်း မွန်စေရန်အတွက် တောင်သူများကစိုက်ခင်းအလိုက် လိုအပ်သည့်အပင်ပြုစုစောင့်ရှောက်မှု လုပ်ငန်း များကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ပဲစင်းငုံကို ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်နှင့် လောပိတမြို့အတွင်းရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြသည်။ ပဲစင်းငုံသည် မိုးရာ သီတွင်စိုက်ပျိုးနိုင်သည့် ပဲမျိုးတစ်မျိုးဖြစ် ပြီးရာသီဥတုအခြေအနေကို အတော်အတန်ခံနိုင်ရည်ရှိ သည့်အပြင် တဖက်မှာလည်းစိုက်ပျိုးရေးအတွက် အသုံးဝင်သည့်သီးနှံတစ်မျိုးဖြစ်သည်။ ထို့အပြင် ပဲမျိုးဝင်သီးနှံဖြစ်သည့် ပဲစင်းငုံသည် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ်ဖြည့်တင်းပေးနိုင်ခြင်း ကြောင့် နောင်နှစ်များတွင် စိုက်ပျိုးမည့်သီးနှံများအတွက်လည်း အကျိုးပြုနိုင်ပါသည်။

          သြဂုတ်လအတွင်း ပဲစင်းငုံစိုက်ခင်းများ အပင်ဖြစ်ထွန်းကောင်းမွန်စေရေးအတွက် တောင်သူ များအနေဖြင့် ပေါင်းမြက်ရှင်းလင်းခြင်း၊ စိုက်ခင်းအတွင်းရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန် အောင်ဆောင်ရွက်ခြင်း၊ ပိုးမွှားအန္တရာယ်နှင့် ရောဂါဖြစ်ပွားမှုများကို ပုံမှန်စောင့်ကြည့်ခြင်း စသည့် စိုက်ခင်းပြုစုစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။ မိုးရာသီကာလတွင်မိုးရေ များပြားစွာရရှိနိုင်သော်လည်း ပဲစင်းငုံသီးနှံသည် ရေဝပ်မှုဒဏ်ကိုခံနိုင်ရည်နည်းသည့်အတွက် စိုက် ခင်းအတွင်းရေကြာရှည်တည်ရှိမှုမရှိစေရေးတို့ကို တောင်သူများကအထူးဂရုစိုက်ရပါသည်။

     ထို့အပြင် အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်သည့် မြေသြဇာနှင့်အပင်အာဟာရဓာတ်များ ကိုစနစ်တကျဖြည့်ဆည်းပေးနိုင်ခြင်းသည်လည်း အပင်ဖြစ်ထွန်းမှုကောင်းမွန်ရေးအတွက် အ‌ရေးပါ သောအချက်ဖြစ်သည်။ လွိုင်ကော်မြို့နယ်အတွင်း ပဲစင်းငုံသီးနှံစိုက်ပျိုးထားရှိမှုသည် ၄၄၇၇ ဧကရှိ သည့် အတွက် ၂၀၂၆ - ၂၀၂၇ ခုနှစ်အတွင်း ပဲစင်းငုံစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရေး အ တွက်စိုက်ပျိုးနည်းပညာမှန်ကန်စွာအသုံးပြုခြင်း၊ သီးနှံအခြေအနေအလိုက်ပြုစုစောင့်ရှောက်ခြင်းနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ လိုအပ်သည့်ကာကွယ်ထိန်းချုပ်မှုများကိုလည်း အချိန်မီဆောင် ရွက်လျက်ရှိ ကြောင်း သိရသည်။

          ထို့ကြောင့် ကယားပြည်နယ်၊ လွိုင်‌ကော်မြို့နယ်အတွင်းစိုက်ပျိုးထားရှိသည့် ပဲစင်းငုံသီးနှံ ၄၄၇၇ ဧက အပင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး အထွက်နှုန်းများတိုးတက်မှုရှိစေရန်စိုက်ခင်းပြုစုစောင့် ရှောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိပြီး တောင်သူများ၏ စိုက်ပျိုးရေးဝင်‌‌ငွေ တိုးတက်လာစေရေးနှင့် ဒေသအတွင်းပဲမျိုးစုံထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ကယား)

ဒေသထွက်ကုန် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

 

         စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုဟု တင်စားခံရပြီး  ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက် ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘို ပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့်  နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။

          ရွှေဘိုခရိုင်တွင် ဩဂုတ်လ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၆၂၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၃၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပြီး ၊ ဒေသတွင်း သာမက ပိုလျှံသော ဆန်များကို အခြားတိုင်း / ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

၂၀၂၆ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (၃၂၉၅၅)အိတ်၊ မန္တလေးသို့ (၉၅၈၄) အိတ်၊ နေပြည်တော်သို့ (၅၆၀) အိတ်၊ပဲခူးသို့ (၂၃၂၇)အိတ်၊ ပြည်သို့ (၅၄၅)အိတ်၊ တောင်ငူသို့ (၂၇၅)အိတ်၊ကျောက်ပန်းတောင်းသို့ (၃၅၀)အိတ်၊  မိတ္ထီလာသို့ (၁၃၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၂၁၉၇)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၅၃၄၇)အိတ်၊မူဆယ်သို့(၂၇၀)အိတ်၊  မွန်ပြည်နယ်သို့ (၁၁၂၀၆)အိတ်၊ မကွေးတိုင်းသို့(၈၃၆)အိတ်၊ စုစုပေါင်း အိတ်ရေ (၆၆၅၈၂)၊ တန်အားဖြင့် (၃၃၂၉)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မြိတ်ဒေသ၏ နွားနို့ ဈေးနှုန်း/ဈေးကွက်

         တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်းပေါများပြီး ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သဖြင့် အများအားဖြင့် ဥယျာဥ်ခြံမြေလုပ်ငန်းများ၊ ပင်လယ်ရေလုပ်ငန်းများကိုသာ အဓိကလုပ်ကိုင်ကြသလို ဒေသတွင်း မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုလျက်ရှိရာ  နို့စားနွားမွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ နွားနို့သည် ခန္တာကိုယ်အတွက်လို အပ်သော ဓါတ်သတ္တုများ၊ အာဟာရဓါတ်များစွာပါဝင်သည့်အတွက် နေ့စဥ်သောက်သုံးသင့်သော အစားအစာတစ်ခုအဖြစ်ပါဝင်ပါသည်။ မြိတ်မြို့ပေါ်တွင် နွားမွေးမြူမှုမှာနည်းပါးပြီး ထွက်ရှိသော နွားနို့များအား လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အအေးဆိုင်များ၊ မုန့်လုပ်ငန်းများမှ ကုန်ကြမ်းပါဝင်ပစ္စည်းများအဖြစ်အသုံးပြုနိုင်ရန် အများဆုံးဝယ်ယူကြပြီး ရပ်ကွက်၊ စျေးများအား ဆိုင်ကယ်/ကားများဖြင့် ရပ်ကွက်အလိုက်လှည့်လည်ရောင်းချသူများရှိသော်လည်း ရောင်းချမှုနည်းပါးလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိပါသည်။ နွားနို့အားကြိုချက်ပြီးလျှင် အကြိမ်များစွာအပူပေးပါက နွားနို့တွင်ပါဝင်သော အဟာရအာနိသင်များကျဆင်းတက်ပါသလို ဆေးဝါးများဖြင့် တွဲဖက်သောက်သုံးပါက ဆေးဝါးများ၏ အာနိသင်အားလည်းလျော့ကျသွားစေတက်ကြောင်း သိရသည်။ 

     မြိတ်မြို့စျေးကွက်အတွင်းရောင်းချလျက်ရှိသော နွားနို့အစိမ်း စျေးနှုန်းမှာ ယခု ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအပတ်အတွင်း နွားနို့(၁)လီတာလျှင် ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ အစားအစားရောင်းချလျက်ရှိကြောင်း နွားနို့ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ခရမ်းချဥ်သီးအကြောင်း သိကောင်းစရာများနှင့် မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်း

           မြန်မာနိုင်ငံတွင် ခရမ်းချဥ်သီးကို ရာသီဥတုနှင့်မြေပြင် အခြေအနေပေါ်မူတည်၍ ကုန်းမြင့်ခရမ်းချဥ်နှင့် မြေနိမ့်ခရမ်းချဥ်ဟူ၍ ခွဲခြားစိုက်ပျိုးကြပြီး အဓိကအများဆုံးစိုက်ပျိုးရာ ဒေသမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ ပင်းတယ၊ အောင်ပန်းတို့ဖြစ်သည်။ ဆောင်းရာသီတွင် မန္တာလေး၊ မကွေး၊ စစ်ကိုင်း၊ နေပြည်တောင်စသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများမှ အများအပြားထွက်ရှိကြောင်း သိရသည်။

        ခရမ်းချဥ်သီးစိုက်ပျိုးသောတောင်သူများ၊ ကုန်စည်ဒိုင်များ၊ ပွဲရုံများ၊ ကုန်သည်များမှတစ်ဆင့် ပြန်လည်ရောင်းချသူများအနေဖြင့် မိမိဝင်ငွေတိုးအောင် ခရမ်းချဥ်သီးနှင့်ပတ်သက်၍ တန်ဖိုးမြှင့် ထုတ်ကုန်များ(ခရမ်းချဥ်သီးယို) ပြုလုပ်သင့်ပါသည်။ ခရမ်းချဥ်သီးယို ပြုလုပ်ရာတွင် ခရမ်းချဥ်သီးမှည့် ၁ကီလိုဂရမ်တွင် သကြား ၅၀ ဂရမ်၊ ကွမ်းစားထုံး(၃)ကျပ်သား၊ ဆားအနည်းငယ်တို့ဖြစ်ပါသည်။ ခရမ်းချဥ်သီးယို ပြုလုပ်ရာတွင် အရည်ရွှမ်းပြီး နီနီရဲရဲအသီးကိုရွေးချယ်ကာ အစေ့များပယ်ကျန်၍ အသီးထိပ်မှအညှာကိုဖယ်ကာ ဒေါင်းလိုက်ကိုင်ပြီး ဓါးဖြင့်လေးပိုင်းခွဲကာ လေးစိတ်စိတ်ပါသည်။ ခွဲထားသော ခရမ်းချဥ်သီးများကို ရေပျော်ထားသော ထုံးထဲတွင် (၃)နာရီကြာစိပ်ထား ရပါသည်။ (၃)နာရီပြည့်သော ခရမ်းချဥ်သီးများကို ထုံးစင်အောင်ဆေးကြော၍ ကျိုမည့်အိုးထဲသို့ထည့်ကာ ဆား၊ သကြားများကို ရေအနည်းငယ်ငယ်ထည့်၍ မီးအေးအေးဖြင့် ခမ်းသည်အထိ ကျိုပေးရ သည်။ သကြားရည်များ ညောင်စေးကဲ့သို့ စပ်ပြစ်ပြစ်ဖြစ်လာလျှင် နေလှန်းမည့်ထဲသို့ တစ်လုံးခြင်းစီ အသားသယ်ယူ၍ နေရောင်ကောင်းစွာရသောနေရာတွင် ရက်သတ္တပတ်တစ်ပတ်ခန့် လှန်းပေးရသည်။ နေလှန်းနေသော ကာလအတွင်း ခရမ်းချဥ်သီးယိုကို အထက်အောက်လှန်းပေးရသည်။ တစ်ပတ်ပြည့်လျှင် အသီးများခြောက်လည်းခြောက် သကြားလည်းပွင့်ကာ အရသာကောင်းမွန်သော ခရမ်းချဥ်သီးရရှိပြီးဖြစ်ကြောင်း ‌ရေးသားလိုက်ရပါသည်။

          မြိတ်မြို့နယ်အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချရခြင်းဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်‌ရေး အခက်အခဲကြောင့် ဈေးနှုန်းကြီးမြှင့်ရခြင်းဖြစ်ပြီး သြဂုတ်လ တတိယအပတ်တွင် ခရမ်း ချဥ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်ခန့်ထိ ဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မိတ္ထီလာဈေးကွက်အတွင်းမိုးနှမ်းများဈေးနှုန်းမြင့်တက်လျက်ရှိ  

            မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို  မိတ္ထီလာ၊မလှိုင် ၊သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင်စိုက်ပျိုးကြပြီး မိတ္ထီလာခရိုင်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးနှမ်းစိုက်ဧက (၃၂၆၇၈၅)ဧကရှိကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရသိရပါသည်။ မိုးနှမ်းကို မေလတွင်စိုက်ပျိုး ပြီး ဇူလိုင်လစတင်ထွက်ရှိပြီး ယခုနှစ်တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေပြုပြင်ခြင်း၊ သွင်းအား၊ လုပ်သားခ စုစုပေါင်း (၆)သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၈)တင်းမှ (၁၀) တင်းထိထွက်ရှိကြောင်း သိရှိရပါသည်။

             မိတ္ထီလာဈေးကွက်အတွင်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင် အိတ်(၅၀၀)ခန့် ဝင်ရောက်လျက် ရှိပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာသီလှိုင်လှိုင်ပေါ်ချိန်တွင် ဒေသတွင်းဆီကြိတ်စက်များ အပြင် မန္တလေးသို့တင်ပို့ရောင်းချရကြောင်း သိရပါသည်။

              ယခုဩဂုတ်လဒုတိယပတ်တွင်၊ နှမ်းညိုတစ်တင်းလျှင် (၁၂၈၀၀၀-၁၃၀၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၂၈၀၀၀-၁၃၀၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်လနှင့် ကာလ တူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင်းလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၈၀၀၀-၁၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ကုန်ချောရောင်း အားကောင်း၍ ကုန်ကြမ်းအဝယ်လိုက်လာခြင်း ပြည်ပဝယ်လတ်များ ဝယ်လိုအားရှိလာခြင်းကြောင့် ဖြစ်သည်ဟုဒေသတွင်းသီးနှံပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့ရှိ မုန်လာဥနီ/ဖြူဈေးနှုန်း

           မြိတ်ခရိုင်အတွင်း ကုန်စိမ်းသီးနှံများအား ယခင်က ရန်ကုန်မြို့မှ ကားလမ်း၊ ရေလမ်းတို့ဖြင့် သယ်ယူရောင်းချခဲ့ကြပြီး ယခုအခါဒေသတွင် ကုန်စိမ်းသီးနှံများဖြစ်သော ဘူးသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ကျောက်ဖရုံသီး၊ ဗုံလုံသီး၊ ငရုတ်သီးနှင့် ကိုက်လန်ရွက်၊ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်၊ ပဲတောင့်ရှည်နှင့် အစရှိသည့် သီးနှံတို့ကို စိုက်ပျိုး၍ ဈေးကွက်အတွင်းသို့ ရောင်းချလာကြပါသည်။ ဒေသထွက်ကုန်စိမ်းသီးနှံသည် လတ်ဆက်မှုရှိခြင်း၊ ရန်ကုန်မှလာသော ကုန်စိမ်းသီးနှံများသည် လမ်းခရီးအခက်အခဲကြောင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ‌ဒေသထွက် ကုန်စိမ်းသီးနှံများကို ပိုမိုအရောင်းအဝယ်ဖြစ်လာကြပါသည်။ ကုန်စိမ်းသီးနှံများထဲမှ မုန်လာဥနီနှင့် မုန်လာဥဖြူသည် လူကြိုက်များလှပါသည်။ မုန်လာဥဖြူကို ကြော်လှော်၍ စားသုံးကြသလို အသားနှင့် ရော၍ ဟင်းရည်ချိုအဖြစ်လည်း စားသုံးကြကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် မုန်လာဥဖြူတစ်ပင်လျှင် (၁၀၀၀)ခန့်ရှိပြီး မုန်လာဥနီတစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ခန့် ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ပန်းဂေါ်ဖီပန်းဈေးနှုန်း/ ဈေးကွက်

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ မြိတ်၊ ပုလော၊ တနင်္သာရီမြို့နယ်တို့တွင် ကုန်စိမ်းသီးနှံများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။ အများအားဖြင့် ပုလောမြို့နှင့် တနင်္သာရီမြို့တို့မှ ထွက်ရှိသော ကုန်စိမ်းသီးနှံများနှင့် ဟင်းသီး ဟင်းရွက်များကို မြိတ်မြို့ပေါ်တွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ဒေသထွက်ရှိသော ကုန်စိမ်းသီးနှံများအပြင် ရန်ကုန်မြို့မှလည်း ကားလမ်း၊ ရေလမ်းတို့ဖြင့် သယ်ယူရောင်းချကြပါသည်။ ယခုအခါလမ်းခရီးအခက်အခဲများကြောင့် ရန်ကုန်မြို့မှ ကုန်စိမ်းသီးနှံများပုံမှန် မရောက် ရှိကြသဖြင့် ဒေသထွက်ကုန်စိမ်းသီးနှံများ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကုန်စိမ်းသီးနှံများထဲမှ ဒေသထွက်ပန်းဂေါ်ဖီသည် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီကို မြိတ်ဒေသတွင် ကြော်လှော်ရန်လည်းကောင်း၊ မြိတ်ကတ်ကြေးကိုက်နှင့် ကြာဇံကြော်များဖြင့် တွဲဖက်စားသုံးရန်အတွက် အချဥ်ပြုလုပ်ရာတွင်လည်းကောင်း၊ သနပ်အချဥ်ပြုလုပ်၍လည်းကောင်း စားသုံးကြပါသည်။ ပန်းဂေါ်ဖီသည် ဗီတာမင်နှင့် ဗီတာမင်အီးလည်းကြွယ်ဝစွာပါဝင်ပါသည်။ အမျှင်ဓာတ်များသောကြောင့် အစာချေစနစ်ကိုကူညီပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကြောင်း သိရသည်။

          ၂၀၂၆ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် မြိတ်ဒေသထွက်ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၄၀၀၀) ကျပ်ခန့် ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း