Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့တွင် နာနတ်သီး ထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေတည်ငြိမ်

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် အနီးအနားဒေသများတွင် နာနတ်သီး ထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေမှာ ယခုကာလတွင် တည်ငြိမ်နေကြောင်း ဒေသခံကုန်သည်များထံမှ သိရ သည်။ နာနတ်သီးကို ထားဝယ်မြို့နယ်ရှိ ကျေးရွာအများစုတွင် စိုက်ပျိုးထွက်ရှိကြပြီး ရာသီအလိုက် ထွက်ရှိမှုကွာခြားမှုရှိသည်။ ဒေသထွက်နာနတ်သီးများ မလုံလောက်သည့်အချိန်များတွင် မွန်ပြည် နယ်နှင့် ရှမ်းပြည်နယ်ဘက်မှ နာနတ်သီးများကို ထပ်မံတင်သွင်းရကြောင်း သိရသည်။ ထိုသို့တင် သွင်းမှုရှိခြင်းကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မဖြစ်ပေါ်သော်လည်း သယ်ယူပို့ဆောင်ခ များအပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် မြင့်တက်နိုင်ကြောင်း ကုန်သည်များက ပြောကြားသည်။ စားသုံးမှုဘက်တွင် နာနတ်သီးကို လတ်ဆတ်သီးအဖြစ်သာမက သီးဖျော်ရည်၊ ဟင်းချက်ရာတွင် အချဉ်အရသာထည့်သွင်းရန်အတွက် အသုံးပြုမှုများပြားသဖြင့် ဒေသတွင်း စားသုံးမှုများပြားလျက် ရှိပါသည်။  

          လက်ရှိဈေးနှုန်းအနေဖြင့် နာနတ်သီး တစ်လုံးလျှင် အရွယ်အစားနှင့် အရည်အသွေးအလိုက် ၁,၅၀၀ ကျပ်မှ ၄,၀၀၀ ကျပ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသထွက်များပြား လာသည့်ကာလများတွင် ဈေးနှုန်းကျဆင်းတတ်ပြီး တင်သွင်းမှုအပေါ် မူတည်ရသည့်ကာလများတွင် ဈေးနှုန်းများ တက်နိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ပုစွန်ခြောက်ဈေးနှုန်း၊ ထွက်ရှိမှုနှင့် တင်ပို့မှုအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး၏ လက်ရှိအချိန်တွင် ရာသီအလိုက် ပြောင်းလဲမှုများနှင့် ဈေးကွက် လိုအပ်ချက်အပေါ် မူတည်ကာ ဆက်လက်လှုပ်ရှားနေကြောင်း သိရသည်။ ပုစွန်ခြောက်ထုတ်လုပ်မှု အနေဖြင့် ပင်လယ်ထွက်ပုစွန်များ ရရှိမှုအပေါ် မူတည်ပြီး ဒီနှစ်အစပိုင်းတွင် ပုစွန်ဖမ်းဆီးရရှိမှု အနည်းငယ်လျော့နည်းနေသဖြင့် ပုစွန်ခြောက်ထွက်ရှိမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းနေကြောင်း ဒေသခံလုပ်ငန်းရှင်များက ပြောကြားသည်။ သို့သော် နွေရာသီကာလအတွင်း နေရောင်ပြင်းထန်မှုကြောင့် ခြောက်သွေ့အရည်အသွေးကောင်းမွန်သော ပုစွန်ခြောက်များ ထုတ်လုပ် နိုင်ခြင်းလည်း တွေ့ရသည်။

          ဈေးနှုန်းအနေဖြင့် ပုစွန်ခြောက်အမျိုးအစား၊ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၉၀၀၀၀ မှ ၁၆၀၀၀၀ အထိ ရှိနေပြီး အရွယ်ကြီး၊ အရည်အသွေးမြင့် ပုစွန် ခြောက်များမှာ ဈေးပိုမိုမြင့်တက်နေကြောင်း သိရသည်။ မကြာသေးမီကာလအတွင်း ကုန်ကြမ်းပုစွန် ဈေးတက်လာခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာခြင်းတို့ကြောင့် ပုစွန်ခြောက်ဈေးနှုန်း များလည်း တဖြည်းဖြည်းမြင့်တက်လာသည်ဟုဆိုသည်။

          တင်ပို့မှုအနေဖြင့် ထားဝယ်မြို့မှ ထွက်ရှိသော ပုစွန်ခြောက်များကို ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ အဓိကပို့ဆောင်ရောင်းချနေပြီး ထိုင်းနိုင်ငံနှင့် နီးစပ်သည့်ဒေသများသို့လည်း နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့မှုများရှိနေကြောင်း သိရသည်။ သို့ရာတွင် နယ်စပ်ကုန်သွယ် ရေးတွင် စည်းမျဉ်းစည်းကမ်းများနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် တင်ပို့မှုအချို့တွင် အခက်အခဲများလည်း ကြုံတွေ့နေရပြီး ထားဝယ်မြို့ရှိ ပုစွန်ခြောက်ဈေးကွက်သည် ထွက်ရှိမှု အနည်းငယ်ကျဆင်းသော်လည်း ဈေးနှုန်းတိုးမြင့်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပြည်မြို့တွင် သင်္ကြန်နှင့်ဆိုင်သော ပစ္စည်းများအရောင်းအဝယ်ဖြစ်

                မြန်မာ့လူမျိုးများ၏ ရိုးရာသင်္ကြန်ဆိုတာ ရေပက်ကစားကြတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပြီး နှစ်ဟောင်းကအညစ်အကြေးများ စင်ကြယ်စေရန်နှင့် နှစ်သစ်တွင်အေးချမ်းစေရန် ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြပါသည်။ မြန်မာ့အတာသင်္ကြန်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယူနက်စကိုက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့်သင်္ကြန်ပွဲတော်သည် မြန်မာတို့အတွက် ဂုဏ်ယူစရာကောင်းလှပါသည်။ ထိုသင်္ကြန် ပွဲတော်တွင် လူမျိုးမရွေး ဘာသာမရွေး ပျော်ရွှင်စွာပါဝင်ဆင်နွဲနိုင်ကြပါသည်။ သင်္ကြန်တွင် ပါဝင် ဆင်နွှဲသူများဖြစ်တဲ့ လူကြီး၊ လူလတ်၊ လူငယ်မရွေးအနေနှင့် သင်္ကြန်မတိုင်မှီ သင်္ကြန်နှင့် ပတ်သက်သော ရေကစားစရာများဖြစ်တဲ့ ရေပြွတ်၊ ရေသေနတ်၊ ရေပြောင်း၊ ရေခွက်၊ ရေပုံး၊ သင်္ကြန် ပန်းကုံးများ၊ စတီးရေပြွတ်၊ ပိုက်အမျိုးမျိုးတို့အပြင် ယဉ်ကျေးမှုဓလေ့အဖြစ် အတာကြိုသည့် အတာကြိုအိုး၊ အတာအိုးများသည် ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့်  အခြားဈေးများတွင် ဈေးကွက်သို့ရောက်ရှိနေပြီး အရောင်းအဝယ်လည်းဖြစ်ကြောင်းသိရှိရပါသည်။ အတာကြိုအိုးများကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော ကံမ၊ ပေါက်ခေါင်းမြို့နယ်မှ ချောင်းကောင်းအိုး၊ ပန်းတောင်းမြို့နယ်ဖောင်းကံအိုးစသည်ဖြင့် ဈေးကွက်သို့ဝင်ရောက်လာပြီး သုံးစွဲသူမိဘပြည်သူများ အနေနဲ့ မိမိကြိုက်နှစ်သက်သည့် ဒေသထွက်အိုးများကို စိတ်ကြိုက်ဝယ်ယူကြပါသည်။ သင်္ကြန် ရောက်ရန်လိုသေးသော်လည်း ဈေးကွက်ထဲရောက်ရှိနေသော ပြည်မြို့ရဲ့ သင်္ကြန်အကြို အတာအိုး ဈေးနှုန်းမှာ ယခင်နှစ်ကအတိုင်း ဈေးနှုန်းတက်ခြင်းမျိုးမရှိဘဲ ကြိုတင်ဝယ်ယူသူများ ရှိသည့်အတွက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ သင်္ကြန်အကြို အတာအိုးတစ်အိုးလျှင် ကျပ် (၁၀၀၀)၊ အတာစားအိုးတစ်လုံးလျှင် ကျပ် (၅၀၀)နှင့် သင်္ကြန်နှင့်ဆိုင်သော ပစ္စည်းများအရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်အတွင်းရှိ မြို့နယ်အလိုက် မိုးစပါးနှင့်ဆန်ဈေးနှုန်းများအခြေအနေ

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ယခုမတ်လ (ဒုတိယပတ်)အတွင်း မိုးစပါးနှင့်ဆန်ဈေးနှုန်းများမှာ မြို့နယ်အလိုက် အနည်းငယ်ကွဲပြားမှုရှိနေ ကြောင်းသိရပြီး လက်ရှိတွင် ဆင်းသုခ/ဗျော့ထွန်းစပါးအမျိုးအစားမှာ ဈေးကွက်အတွင်းအဓိက အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

             ခရိုင်အတွင်းရှိ မြို့နယ်များအနက် ရေတာရှည်မြို့နှင့်တောင်ငူမြို့တွင် မိုးစပါး (ပေါင် ၅၀) တင်း ၁၀၀ လျှင် ၁၄၅၀၀၀၀ ကျပ်ဖြစ်ပြီး၊ (၄၆ ပေါင်)တင်း ၁၀၀ လျှင် ၁၃၃၄၀၀၀ ကျပ်ဈေးနှုန်းတူညီနေပါသည်။ ထန်းတပင်မြို့နယ်တွင် မိုးစပါး (ပေါင် ၅၀)တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀ ကျပ်နှင့် (၄၆ ပေါင်) တင်း၁၀၀လျှင် ၁၂၈၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းဖြစ်ပေါ်နေပါ သည်။ အုတ်တွင်းမြို့နှင့်ဖြူးမြို့နယ်တွင် မိုးစပါး (ပေါင် ၅၀) တင်း ၁၀၀ လျှင် ၁၃၈၀၀၀၀ ကျပ်နှင့် ၄၆ ပေါင် တင်း ၁၀၀ လျှင် ၁၂၇၀၀၀၀ ကျပ်အသီးသီးရှိနေပါသည်။

            ဆန်ဈေးနှုန်းအနေဖြင့် မြိုနယ်အများစုတွင် အလတ်စတစ်အိတ်လျှင် ၅၄၀၀၀ ကျပ် ဝန်းကျင်တွင်တည်ရှိနေပြီး အုတ်တွင်းမြို့နယ်နှင့်ဖြူးမြို့နယ်တွင် ၅၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်လျော့နည်းနေပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်အတွင်းရှိ တောင်သူများ၏မတ်ပဲသီးနှံတစ်ဧကစိုက်/ရိတ်ထွက်မှုအခြေအနေ

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် မတ်ပဲသီးနှံ ကိုလည်း ဝတီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ခေါင်ရမ်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားလျက်ရှိပါသည်။ မတ်ပဲသီးနှံကို နိုဝင်ဘာလကုန်နှင့်ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန်နှင့်မတ်လတွင် ရိတ်သိမ်းရကြောင်းသိရသည်။

              မတ်ပဲသီးနှံ(၁)ဧကစိုက်ပျိုးရာ မျိုးအနေဖြင့် မတ်ပဲ ၃၆ ပြည်ကို ၁၈၀၀၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မတ်ပဲသီးနှံစိုက်ပျိုးမှုအနေဖြင့် တမန်းမျက်နှာညီညာအောင် စက်ဖြင့် (၂)ကြိမ် မြေပြုပြင်၍ မျိုးစေ့ပတ်ကျဲစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မတ်ပဲစိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး/သွင်းအားစု/လုပ်သားခအပါအဝင် စုစုပေါင်း(၇)သိန်းဝန်းကျင်ခန့် ကုန်ကျပြီး မတ်ပဲ ထွက်ရှိမှု အနေဖြင့် (၁)ဧကလျှင် (၁၅)တင်းနှုန်းခန့်ထွက်ရှိပြီး၊ ထွက်ပေါ်ချိန်တွင် ကုန်သည်များက ကွင်းဆင်း၍ မတ်ပဲ ၁ တင်းလျှင် ၉၃၅၀၀ ကျပ် ဈေးဖြင့် လာရောက်ဝယ်ယူကြောင်း၊ စိုက်ပျိုးစရိတ် နုတ်ပြီး  (၆၅၀၀၀၀-၇၀၀၀၀၀)သိန်းဝန်းကျင်ခန့် အမြတ်ရရှိခဲ့ပါသည်ဟု မေးမြန်းသိရှိရသည်။

              မတ်ပဲများထွက်ပေါ်ချိန်တွင် မတ်ပဲစိုက်ပျိုးသူများက ကုန်သည်များထံသို့ ပွဲစားများဖြင့် လည်းကောင်း၊ တစ်ချို့က မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကြောင့်် မတ်ပဲသီးနှံ စိုက်ပျိုးသူ၏ပြောပြချက်အရ သိရှိရသည်။

DOCA(ပဲခူး)

ကျိုက်ထိုမြို့နယ် ဖရဲသီးဈေးကွက်အလားအလာ

         ၂၀၂၆ ခုနှစ် နှစ်အစောပိုင်းတွင် ဖရဲသီးဈေးကွက်သည် အနည်းငယ်အေးစက်စက် အခြေအနေဖြစ်သွားသော်လည်း ပူပြင်းလှသော နွေရာသီကို ရောက်ရှိလာသည်နှင့်အမျှ အရောင်းပိုသွက်လာကာ ဝယ်လိုအား ရှိလာပြီး ဈေးကောင်းရရှိနိုင်သည့် အလားအလာများ စွာရှိနေပါသည်။

          ဖရဲသီးသည် အရည်ရွှမ်းပြီး အတွင်းသားချိုသလို လွယ်လင့်တကူ စားသုံးရသည့် အသီးတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် နွေရာသီ၏ အကောင်းဆုံးသရေစာတစ်မျိုးအဖြစ် စားသုံး၍ ရသလို ကျန်းမာရေးနှင့်လည်း အလွန်သင့်တော်သည့် အသီးအနှံတစ်မျိုးဖြစ်ပါ သည်။

          ဖရဲသီးတွင် ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်သည့် လိုက်ကိုပင်းနှင့်ဆီရိုတီးရွိုက် ဒြပ်ပေါင်းများပါဝင်သည့်အပြင် ပိုတက်ဆီယမ်လည်းကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ကျောက်ကပ်အတွက်လည်းများစွာ အထောက်အကူဖြစ်စေပါသည်။

          ထိုသို့သော အချက်များကြောင့် ဖရဲသီးသည် စားသုံးသူအကြိုက် အသီးအနှံထဲတွင် ပါဝင်ရာ အစဉ်ဝယ်လိုအားရှိနေသည်ဟုပြောနိုင်သည်။ သို့ရာတွင် ဖရဲသီးအမျိုးအစား အရွယ်အစားပေါ်မှုတည်ကာ ဈေးနှုန်းနှင့် ဝယ်လိုအားအလျော့အတင်းရှိနိုင်သည်။

          ယခင်က ကျိုက်ထိုဈေးကွက်ထဲတွင် ဘုရားကြီး၊ ဒိုက်ဦးစသည့် ပဲခူးတိုင်းဒေသကြီးရှိ မြို့များမှ သယ်ယူပို့ဆောင်ရောင်းချခဲ့ပြီး ယခုမှု ကျိုက်ထိုမြို့ရှိ ကျေးရွာအချို့တွင် ဖရဲ စိုက်ခင်းများဖြင့် ဖရဲသီးကို စိုက်ပျိုးလာကြလေသည်။ စီးပွားဖြစ် စတင်စိုက်ပျိုးချိန်တွင် အထွက်နှုန်းကောင်းမွန်မှုမရှိသော်လည်း နောက်ပိုင်းတွင် စနစ်တကျ စိုက်ပျိုးလာကြသဖြင့် အထွက်နှုန်းကောင်းလာပြီး ရောင်းတန်းဝင်အသီးများ ဈေးကွက်ထဲသို့ ရောက်ရှိလာ ကြသည်။

          ဖရဲသီးကို ကျိုက်ထိုမြို့နယ်အတွင်းရှိ ဖရဲဒိုင်များတွင် ရောင်းချလျက်ရှိသလို ကျိုက်ထို မြို့မဈေးထဲတွင်လည်း ဝယ်ယူရရှိနိုင်ကြောင်း သိရပါသည်။ ထို့ပြင် ကျိုက်ထိုမြို့အဝင်ရှိ သီးနှံတန်းများတွင်လည်း ခရီးသွားပြည်သူများအတွက် ဖရဲသီးများ အမျိုးအစားနှင့် အရွယ်အစား စုံလင်စွာ ရောင်းချပေးနေလျက်ရှိပါသည်။

          လက်ရှိတွင် ဖရဲသီးတစ်လုံးလျှင် (၁၄၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်အထိရှိနေပြီး အမျိုးအစားနှင့် အရွယ်အစားပေါ်မှုတည်ကာ (၆၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်အထိ ရောင်းချနေကြောင်း သိရှိရပါသည်။ နွေရာသီရောက်လာသည်နှင့်အမျှ ဝယ်လိုအား များလာပြီး ဝယ်လိုအားများလာပြီး ဈေးနှုန်းပိုမိုရရှိနိုင်ကြောင်း ဖရဲသီးရောင်းချသူ တစ်ဦးထံ မှ သိရှိရပါသည်။

     DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ကြက်သွန်ဖြူ ဈေးနှုန်းဈေးကွက်

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အဓိက အခြေခံစားသောက်ကုန်တစ်မျိုး ဖြစ်သည့် ကြက်သွန်ဖြူသည် ဈေးကွက်တွင် ဝယ်လိုအားနှင့်အညီ အရောင်းသွက်နေလျက် ရှိပြီး လက်ရှိတွင် အခြားတိုင်းဒေသကြီးများမှ အဓိကတင်သွင်း ဝင်ရောက်နေလျက် ရှိပါသည်၊၊ အများအားဖြင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးများမှ တင်ပို့လာနေကြပြီး ကျိုက်ထိုမြို့နယ်အတွင်း ဈေးများ၊ ပွဲရုံများတွင် ဖြန့်ချီရောင်းချနေလျက်ရှိပါသည်။

    ကြက်သွန်ဖြူသည် ဟင်းပွဲတစ်ပွဲ၏ မပါမဖြစ် အရေးပါသော ကုန်စည်ဖြစ်သည့် အလျောက် ဝယ်လိုအားပုံမှန်ရှိနေပြီး ရောင်းချသူများဘက်မှလည်း ပုံမှန်ရောင်းလိုအား ရှိနေကြောင်း သိရပါသည်။ တစ်ဖက်တွင် သယ်ယူပို့ဆောင်စရိတ်များ၊ လမ်းပန်း ဆက်သွယ်ရေးအခြေအနေများ ကုန်စည်၏ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေများ အပေါ်မှုတည်ကာ ဈေးနှုန်းအတက်အကျ အပြောင်းအလဲရှိနိုင်ကြောင်း သိရပါသည်။

    ကျိုက်ထိုမြို့နယ်တွင် ကြက်သွန်ဖြူကို ကျိုက်ထိုမြို့ဈေးနှင့် ညနေဈေးများတွင် အဓိကရောင်းချလျက်ရှိပြီး မြို့ပေါ်ပွဲရုံများ၌လည်း ဝယ်ယူရရှိနိုင်ကြောင်း သိရပါသည်။

     ကြက်သွန်ဖြူသည် စားဖိုဆောင်သုံးဖြစ်သည့်အလျောက် အဓိကမရှိမဖြစ် ဖြစ်ပြီး အလွယ်တကူ ဝယ်ယူချက်ပြုတ်ရသော အသီးအနှံတစ်မျိူးဖြစ်သည်။ မြန်မာလူမျိူးတို့၏ တည်ခင်းဧည့်ခံဖွယ်ရာ လက်ဖက်ပွဲများသည်ပင် ကြက်သွန်ဖြူလေးနှင့်မှ တွဲဖက် စားသောက်တတ်လေ့ရှိရာ ကြက်သွန်ဖြူသည် မြန်မာ့ဟင်းပွဲများအတွက် မရှိမဖြစ်အရေး ပါသည်ကို သိနိုင်ပေသည်။

    သင်္ကြန်ကာလနီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်တွင်သာ တွေ့ရသည့် သင်္ကြန် ထမင်းချက်ရာတွင်လည်း ကြက်သွန်ဖြူသည် မပါမဖြစ် ကုန်စည်တစ်မျိူးဖြစ်လေရာ သင်္ကြန်နီးကပ်လာသည်နှင့်အမျှ ကြက်သွန်ဖြူဝယ်လိုအား တက်လာနိုင်ကြောင်း ခန့်မှန်း ရပါသည်။

    လက်ရှိတွင် ကျိုက်ထိုမြို့ပေါ်ရှိ‌ ဈေးများတွင် ရောင်းချနေသော ကြက်သွန်ဖြူ တစ်ပိဿာ (ရှမ်း) ဆိုလျှင် (၁၂၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ထိရှိနေပြီး ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်မှ (၁၇၀၀၀) ကျပ်အထိ ရှိနေကြောင်း သိရပါသည်။ အရွယ်အစားဝယ်လိုအားနှင့် ရောင်းလိုအားပေါ်မှုတည်ကာ ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

    DOCA (မွန်)

ပြည်ကြက်သွန်နီဈေးကွက်အရောင်းသွက်

                     ပြည်ဈေးကွက်သို့ ယခုမတ်လဆန်းတွင် ကြက်သွန်နီများ ဝင်ရောက်မှုများနေပြီး မကွေးတိုင်း ဆိပ်ဖြူ၊ တောင်တွင်း၊ ရေနံချောင်း၊ သဖန်းကုန်းရွာ၊ သဘွတ်အိုင်ရွာတို့မှ နေ့စဉ်ပိဿာချိန် (၁၂၀၀၀ - ၁၅၀၀၀) ခန့် အဝင်ရှိနေသည်။ ကြက်သွန်နီလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ပြည်ဈေးကွက်သို့ ဝင်ရောက်မှု များသလို အရောင်းအဝယ်မှာလည်း အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ပုံမှန်ဒေသတွင်း ဝယ်လက်များအပြင် ဧရာဝတီတိုင်း ကြံခင်း၊ မြန်အောင်နှင့် သာယာဝတီခရိုင် မင်းလှ၊ ကြို့ပင်ကောက်၊ မိုးညို၊ လက်ပံတန်းမြို့နယ်များသို့ နယ်ကျော်စီးဆင်းမှုများဖြင့် အရောင်းသွက်လျက်ရှိနေသည်။ ဈေးနှုန်းမှာ ဆိပ်ဖြူ၊ ရေနံချောင်းဘက် မှ ကြက်သွန်နီများသည် အရည်အသွေးကောင်းသဖြင့် ဈေးကောင်းလျက်ရှိပြီး ကျန်အမျိုးအစားများ မှာ ဈေးနှုန်းသင့်တင့်သည့်အတွက် အရောင်းပိုသွက်လျက်ရှိကာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/ လတ်/ သေး ကျပ် (၂၁၀၀ - ၂၂၀၀/ ၁၆၀၀ - ၁၉၀၀/ ၁၃၀၀ - ၁၄၀၀) နှုန်းများနှင့် လက်လီ ဈေးများတွင် (၂၃၀၀ - ၂၅၀၀/ ၁၉၀၀ - ၂၁၀၀/ ၁၅၀၀ - ၁၇၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ် လျက်ရှိနေသည့်အတွက် ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် (၇၀၀) ခန့် ကျဆင်းသွားသဖြင့် အရောင်းသွက်လျက်ရှိနေကြောင်း သိရသည်။

DOCA(ပဲခူး)

မြင်းခြံမြို့နယ်၏ထောပတ်ပဲ(မိုး)စိုက်ပျိုးထားရှိမှု၊ တစ်ဧကကုန်ကျစရိတ်အကျိုးအမြတ်ရရှိမှုနှင့်ဈေးနှုန်း

                      မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၌တည်ရှိပြီး ဆည်ရေသောက် အသင့်အတင့်ရှိ၍ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီ များစိုက်ပျိုးလျက်ရှိရာ ‌ထောပတ်ပဲ(မိုး)သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ထောပတ်ပဲ(မိုး)ကို ဩဂုတ်လ၊ စက်တင်ဘာလတို့တွင်  စတင်စိုက်ပျိုးပြီး နိုဝင်ဘာလမှစ၍ ဇန်နဝါရီလတို့တွင်  ရိတ်သိမ်းထွက် ပေါ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၌ မြင်းခြံမြို့နယ်၌ ထောပတ်ပဲ(မိုး)သီးနှံ စိုက်ဧက (၁၅၁)တွင် ဧကအားလုံးစိုက်ပျိုးရိတ်သိမ်း နိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့်   (၁၀) တင်း ခန့် ထွက်ရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ အများဆုံး စိုက်ပျိုးသောကျေးရွာများမှာ သဲဖြူဝ၊ ဖိုးတုတ်ဖြူ၊ အနိမ့်ရွာ၊ ဂေါင်းကွဲရွာနှင့် ပတ္တာကျေးရွာ တို့တွင်စိုက်ပျိုးထားကြောင်း၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ  (၄)လခန့်ကြာ မြင့်ကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီးမျိုးစေ့ပက်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုး သော မျိုးများမှာ ပင်ထောင်မျိုးနှင့်ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲ သီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပက်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၌ ထွက်ပေါ်ချိန်တွင် ထောပတ်ပဲတစ်တင်းလျှင်(၈၀၀၀)ကျပ် ပေါက်ဈေးဖြင့် ရောင်းဝယ်လျက် ရှိ‌ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ ထောပတ်ပဲ သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ထိုပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့ များသို့တင်ပို့ရောင်းချလျက် ရှိကြောင်း၊ ယခု ၂၀၂၆ခုနှစ်၊ မတ်လ၌ ထောပတ်ပဲတစ်တင်း လျှင်(၉၀၀၀၀-၁၀၀၀၀၀)ကျပ် ခန့်ပေါက်ဈေးများရှိကြောင်း ဈေးကွက်၌ ဝယ်လိုအားကောင်းပြီး စိုက်ပျိုးစရိတ်သက်သာ၍ တောင်သူများအကျိုးအမြတ်ရရှိကြောင်း အနိမ့် ကျေးရွာရှိထောပတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)

                                                                                

မြင်းခြံမြို့နယ်၏အစေ့ထုတ်ပြောင်းဈေးကျဆင်းလာခြင်း

                     မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့နယ်သည်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင် လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးသော ကျေးရွာများမှာ ပတ္တာကျေးရွာ၊ အနိမ့်ကျေးရွာ၊ ခေါင်းကွဲကျေးရွာနှင့် ဓါးကျွန်းကျေးရွာများ၌ တောင်သူများသည် စီးပွားဖြစ် စိုက်ပျိုးထားကြောင်း သိရှိရသည်။ စိုက်ပျိုးရာတွင် ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းသော 808နှင့်  888 မျိုး များကို စိုက်ပျိုးကြောင်းသိရသည်။ ၂၀၂၆ ခုနှစ်၊ ယခုမတ်လ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၂၃၄၀၀-၄၃၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင် ဖေဖော်ဝါရီလ၌  အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၄၄၀၀-၂၅၃၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်နှင့် နှိုင်းယှဉ်ပါက ယခုတွင် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း၊  ဒေသတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော အစေ့ထုတ်ပြောင်းများအား တောင်သူများက   ပွဲရုံများသို့  လာရောက်ရောင်းချကြောင်း၊ ပွဲရုံများ၌ နေ့စဉ် (၃၀၀) အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ အိတ်များအဝင်များလာသောကြောင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာကြောင်း၊ ထိုပွဲရုံများမှတဆင့် ပခုက္ကူမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်းရှင်များ ထံမှသိရှိ ရသည်။    

 DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း