Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာဈေးကွက်တွင် ထောပတ်ပဲအရောင်းအဝယ်သွက်

          မိတ္ထီလာမြို့ရှိသီးနှံစုံပွဲရုံများတွင် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ထောပတ်ပဲများ ဝင်ရောက်လာကြောင်း သိရသည်။ ဒေသတွင်းတောင်သူများအနေဖြင့် ပဲမျိုးစုံသီးနှံများတွင် ပဲစင်းငုံကို အများဆုံး စိုက်ပျိုးသော်လည်း ထောပတ်ပဲကို လည်းနှစ်စဉ်စိုက်ပျိုးလေ့ရှိပါသည်။ ထောပတ်ပဲကို မိုး/ ဆောင်း နှစ်သီးစိုက်ပျိုးနိုင်ရာ မိတ္ထီလာခရိုင်အတွင်း မလှိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးကာ မိတ္ထီလာမြို့နယ်တွင်လည်း အနည်းငယ်စိုက်ပျိုးမှုရှိပါသည်။ သီးနှံပေါ်ချိန်တွင် ဈေးကွက်၌ဝယ်လိုအားရှိသည့်အပြင် ပဲအစိုအနေဖြင့်လည်း ဒေသတွင်းစားသုံးရန် ဝယ်လိုအားရှိခြင်းတို့ကြောင့် နှစ်စဉ်စိုက်ပျိုးခြင်း ဖြစ်ပါသည်။

         ဈေးနှုန်းအနေဖြင့် ပဲအစိုအနေဖြင့်ရောင်းချရာ၌ နိုဝင်ဘာ/ ဒီဇင်ဘာလများတွင် တစ်ပိဿာ ၆၀၀၀/၆၅၀၀ ကျပ်ရရှိခဲ့ပြီး ရင့်မှဲ့ခြောက်သွေ့သည့်အချိန် ဇန်နဝါရီလများ၌ တစ်တင်းလျင် ၇၁၀၀၀/ ၇၂၀၀၀/ကျပ်ထိရောင်းချရကြောင်း တောင်သူများထံမှ သိရသည်။

          ထောပတ်ပဲဈေးမှာ ယခင်နှစ်ကတစ်တင်းလျင် တောင်သူရောင်းချရသည့်ဈေးမှာ ၈၂၀၀၀/ ၈၃၀၀၀/ကျပ်ဈေးရှိခဲ့သဖြင့် ယခင်နှစ်လောက်ဈေးကောင်းမရသော်လည်း ပဲအစိုအနေဖြင့် လက်လီရောင်းချနိုင်ခြင်း၊ မိသားစုစားသုံးနိုင်ခြင်းတို့ကြောင့် နှစ်စဉ်စိုက်ပျိုးကြကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ်တွင် မိုးစပါးသစ်များ အရောင်းအဝယ်ဖြစ်

         မိတ္ထီလာခရိုင်အတွင်း စပါးအများဆုံးစိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာလမှစ၍ မိုးစပါးများ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။ မိုးစပါးအသစ်များမှာ နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ထွက်ရှိရာ ဝမ်းတွင်းမြို့နယ်တွင် မနောသုခ၊ ဧရာပဒေသာစပါးများအပြင် ပေါ်ဆန်း (ဘေးကြား) များလည်း စိုက်ပျိုးသဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အသစ်ထွက်ရှိလာသော မိုးစပါးဈေးနှုန်းများမှာ မနောသုခတစ်တင်းလျင် ၂၀၀၀၀/၂၂၀၀၀ ကျပ်၊ ဧရာပဒေသာတစ်တင်းလျင် ၃၀၀၀၀/၃၂၀၀၀ ကျပ်၊ ပေါ်ဆန်း(ဘေးကြား)မှာ ၄၀၀၀၀ ကျပ်ဈေးရှိပြီး ယခင်နှစ် စပါးသစ်ဈေးမှာ မနောသုခတစ်တင်းလျင် ၂၀၀၀၀ ကျပ်၊ ဧရာပဒေသာ တစ်တင်းလျင် ၃၀၀၀၀ ကျပ်ရှိခဲ့ကြောင်း သိရသည်။

          ယခုဇန်နဝါရီလစတုတ္ထပတ်တွင် ဆန်သစ်ဈေးအနေဖြင့် မနောသုခတစ်အိတ်လျင် ၆၅၀၀၀ ကျပ်၊ ဧရာပဒေသာတစ်အိတ်လျင် ၁၁၅၀၀၀ ကျပ်၊ ပေါ်ဆန်း(ဘေးကြား)တစ်အိတ်လျင် ၁၃၀၀၀၀ ကျပ်ဈေးရှိပြီး ဆန်သစ်ဖြစ်၍ အရောင်းအဝယ်အေးကြောင်း သိရသည်။

          မိတ္ထီလာခရိုင်အတွင်း စပါးကို မိုးစိုက်အနေဖြင့် စိုက်ပျိုးမှုများပြီး ခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်(၄)မြို့နယ်အနက် ဝမ်းတွင်းမြို့နယ်မှာ အများဆုံးစိုက်ပျိုးကြောင်းနှင့် ယခုနှစ် မိုးစပါးတစ်ဧကလျင် တင်း(၈၀)ဝန်းကျင် ထွက်ရှိကြောင်း စပါးစိုက်ပျိုးသည့်တောင်သူနှင့် စက်ပိုင်ရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

တိရိစ္ဆာန်အစာဈေးမြင့်၍ ပဲဖက်၊ နှမ်းဖက်၊ နေကြာဖတ်များဈေးကောင်းလျက်ရှိ

          မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို ဒေသတွင်းဆီစက်များမှ တိရိစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ကြိတ်ခွဲထုတ်လုပ်မှုများလာပြီး ပဲဖက်၊ နှမ်းဖက်၊ နေကြာဖတ်များ ဈေးကောင်းရလာကြောင်းသိရပါသည်။ ဆီကြိတ်ဖတ်များကို ဒေသတွင်း တစ်နိုင်တပိုင်မွေးမြူရေးလုပ်ငန်များအပြင် မန္တလေးမြို့ တိရိစ္ဆာန်အစာတောင့်စက်ရုံများမှလည်း ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။

        ယခု ဇန်နဝါရီလစတုတ္ထပတ် မိတ္ထီလာဈေးကွက်တွင် ဖြစ်ပေါ်နေသော ပဲဖက်နှမ်းဖက်ဈေးနှုန်းများမှာ ပဲဖက်တစ်ပိဿာလျှင်(၇၄၀၀-၇၄၅၀)ကျပ်၊ နှမ်းဖက်တစ်ပိဿာလျှင်(၄၉၀၀-၄၉၅၀)ကျပ်၊ နေကြာဖက်တစ်ပိဿာလျှင်(၃၆၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ပဲဖက်တစ်ပိဿာလျှင်(၄၅၀-၅၀၀)ကျပ်၊ နှမ်းဖက်တစ်ပိဿာလျှင် (၃၀၀-၃၅၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်(၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှ မန္တလေးမြို့တိရိစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူမှုများလာခြင်းကြောင့်ဖြစ်သည်ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦီးမှ သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်ဒေသ ရေထွက်ကုန်ပစ္စည်း ဂဏန်း နှင့် စျေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်ရံလျက်ရှိသည့်အပြင် ကမ်းရိုးတန်း ဒေသဖြစ်သည့်အတွက် ဂုံး၊ ပုဇွန်၊ ဂဏန်းများကို ဖမ်းဆီးရရှိပြီး စီးပွားဖြစ် လုပ်ကိုင်ကြလျက်ရှိရာ သဲဂဏန်းဖမ်းဆီးခြင်းနှင့် စီးပွားဖြစ်မွေးမြူခြင်းများလည်း ရှိကြပါသည်။  သဲဂဏန်းကိုယ်ထည်အရွယ်အစားမှာ သေးငယ်ပြီး ပင်လယ်လှိုင်းရိုက်တဲ့ ကမ်းခြေသဲပေါ်မှာ အများဆုံးတွေ့ရှိရသည်။ ပိုက်များဖြင့် ဖမ်းယူကြပြီး ကမ်းရိုးတန်းများတွင် လက်ဖြင့်လည်းဖမ်းယူကြသည်။

   ဖမ်းဆီးရမိသော ဂဏန်းများကို ဒေသတွင်းစျေးများတွင်‌ရောင်းချကြသလို စျေးကြီးနှင့် လေလံစျေးများတွင်လည်း ရောင်းချကြသည်။ စီးပွားဖြစ်မွေးမြူကြသော ဂဏန်း(ဂဏန်းပျော့)များ ကိုမူ  ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချမှုများပြားပြီး ပြည်တွင်းစျေးကွက်သို့လည်း တင်ပို့ရောင်းချကြ ကြောင်းသိရှိရ ပါသည်။ အချို့ဖမ်းဆီးရမိသောဂဏန်းများကို စက်ရုံများတွင် ချိတ်ဆက်၍ ရောင်းချကြကြောင်း သိရှိရပါသည်။

     ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့စျေးနှုန်းအရ မြိတ်ဒေသတွင်လက်ကားရောင်းချနေသော သဲဂဏန်းအငယ်တစ်ပိဿာစျေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ခန့်ရှိနေပြီး စျေးများတွင် ရောင်းချသော သဲဂဏန်းအငယ်တစ်ပိဿာမှာ ၁၅၀၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မအူပင်မြို့နယ် တွင် အရောင်းအဝယ်သွပ်နေသော မုန့်ညှင်းရွက်

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များရှိခြံမြေတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများပြားကြောင်း သိရသည်။  မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။    

       မုန့်ညှင်းရောင်းချမှု ဈေးကွက်အနေဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အခွန်လွတ်ဈေးနှုန်း၊ မင်္ဂလာဈေးတွင် လက်လီဈေး မုန့်ညှင်းချဉ်(၁)ထုတ် လျှင်(၁၂၀၀)ကျပ်၊  မုန့်ညှင်းရွက် ၁စီးလျှင် (၄၀၀) ကျပ်၊   (၅)စီးလျှင်(၂၀၀၀)ကျပ်၊ လက်လီဈေးအနေဖြင့် မုန့်ညှင်းချဉ် ၁ထုတ်လျှင်( ၁၅၀၀)ကျပ်၊ မုန့်ညှင်းစိမ်း ၁စီးလျှင် (၅၀၀)ကျပ်၊ (၅)စီးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  ယခင် ဇန်နဝါရီလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း  မုန့်ညှင်းစိမ်းရွက်(၁)စီးလျှင် (၂၀၀)ကျပ်ကျဆင်းလာပြီး  မုန့်ညှင်းချဉ်ဈေးမှာ ပုံမှန်တည်ငြိမ်လျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော သကြားပြောင်း

             မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လယ်ယာစိုက်ပျိုးခြင်း၊ သီးနှံစိုက်ပျိုးခြင်းများရှိပြီး အခြားသီးပင်/ စာပင်များကိုစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ပန်းတနော်မြို့နယ်  ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ထိုင်ဝမ်သကြားပြောင်းဖူး စိုက်ပျိူးလျက်ရှိသည်၊၊ ပြောင်းသီးနှံစိုက်ပျိုးခြင်းမှ တောင်သူ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း သိရှိရသည်။ စိုက်ပျိုးသော ဧကအနေဖြင့် (၀.၂၅)ဧကတွင်စိုက်ပျိုးထားကြောင်း သိရသည်။

           စိုက်ပျိုးသော ထိုင်ဝမ်သကြားပြောင်းမျိုးအနေဖြင့် နံပါတ်(၇၀၂) ထိုင်ဝမ်အမျိုးအစားဖြစ်ကြောင်း၊ ပြောင်းစိုက်ပျိုးချိန်မှာ ၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး(၂)လအကြာတွင် အဖူးများစတင်ထွက်ရှိကြောင်း၊ ယခု စိုက်ဧကတွင် အပင်(၅၀၀၀)ကိုစိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုးစေ့နှင့် လုပ်အားခအပါအဝင် စုစုပေါင်းငွေကျပ်(၂ ၀၀၀ ၀၀၀)ခန့်ကုန်ကျမှုရှိကြောင်း၊ ပြောင်းဖူးများ ၂၀၂၆ခုနှစ် ဇန်နဝါရီလတည်းက ထွက်ရှိနေပြီး တစ်ပင်လျှင်(၂)ဖူးနှုန်းဖြင့် အဖူး(၁၀၀၀၀)ခန့်ရရှိပြီး လက်ကားဈေး (၁)ဖူးလျှင် (၄၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး အကျိုးအမြတ်အနေဖြင့်  ငွေကျပ် ပျမ်းမျှ (၁ ၇၀၀ ၀၀၀) ခန့် အကျိုးအမြတ်ကျန်ရှိကြောင်း စိုက်ပျိုးသူတောင်သူများအဆင်ပြေ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ပဲမုန့် ဈေးနှုန်း ဈေးကွက်အခြေအနေ

         မအူပင်ဒေသထွက် ပဲမုန့်အမျိုးမျိုးထုတ်လုပ်သော အသေးစားစက်မှုလုပ်ငန်း ၄ဦးခန့်ရှိပြီး  မအူပင်မြို့နယ်တွင် ဒေသထွက် ပဲမုန့်များသည် လူကြီးသူမနှင့် မိတ်ဆွေသူငယ်ချင်းများကို  လက်ဆောင်အဖြစ်ပေးရန်၊ ကန်တော့ရန် ကောင်မွန်သော မုန့်တစ်မျိုးဖြစ်သည်။ မိဘ၊ ဘိုးဘွား၊ ဆရာသမား ကန်တော့ရာတွင်လည်းကောင်း သူငယ်ချင်းမိတ်ဆွေလက်ဆောင်ပေးရန် သင့်တော်သော မုန့်တစ်မျိုးဖြစ်သည်။ ထွက်ရှိ ထုတ်လုပ်သော ပဲမုန်အမှတ်တံဆိပ် အမည်များမှ ကျားပဲမုန့်၊  ဓနဟိန်း ပဲမုန့်၊ ကျားသစ်ပဲမုန့် ၊ MKK ပဲမုန့်၊ အစရှိသည့် မုန့်များဖြစ်ကြသည်။

          မအူပင်မြို့နယ် ပဲမုန့်ဈေးနှုန်းအနေဖြင့် ၁-၂-၂၀၂၆ ရက်နေ့ ရောင်းချမှုဈေးနှုန်းမှာ ပဲမုန့် ၅ခုပါ ၁ထုတ် ၃၀၀၀ ကျပ်၊ ပဲမုန့်ဘူးသေး ၆ထုတ်ပါ ၁၇၀၀၀ကျပ်၊ ပဲမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၈၀၀၀ကျပ်၊ အငံမုန့် ၅ခုပါ ၁ထုတ် ၃၀၀၀ ကျပ်၊ အငံဘူးသေး  ၆ထုတ်ပါ ၁၇၂၀၀ ကျပ်၊ အငံဘူးကြီး ၁၀ထုတ်ပါ ၂၈၀၀၀ ကျပ်၊ ဘဲဥမုန့် ၁ထုတ် ၃၀၀၀ ကျပ်၊ ဘဲဥမုန့် ဘူးသေး ၅ထုတ်ပါ ၁၄၀၀၀ ကျပ်၊ ဘဲဥမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၈၀၀၀ ကျပ်၊ ကိတ်မုန့် ၁ထုတ် ၆၂၀၀ ကျပ်၊ ကိတ်မုန့် ၁ဘူး ၃ထုတ်ပါ ၁၇၆၀၀ ကျပ်၊ ဖရုံယို ၁ထုတ် ၃၀၀၀ ကျပ်၊ ဖရုံယို ၁ဘူး ၅ထုတ်ပါ ၁၄၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး မုန့်ဈေးနှုန်းများ ၅ခုပါ ၁ထုတ်ဈေးနှုန်း  တစ်ခုကို ၅၀၀ ကျပ် ဈေးမြင့်တက်လာကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ နေ့စဉ်စပါးဝယ်ယူမှု အခြေအနေ

            မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်းမြို့နယ် နေ့စဉ် စပါးဝယ်ယူနေပြီး(၂၆-၁-၂၀၂၆ မှ  ၃၁-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

        စပါးဝယ်ယူမှုအနေဖြင့် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖန်သီသုခစပါးအစို (၁၂၈၇)တင်း ဘောလယ် ကျေးရွာမှ ငွေကျပ် ၁၈၁၀၀၀၀/-ကျပ်ဖြင့် ဝယ်ယူခြင်း၊ ကရင်မစပါးအခြောက်  (၈၃၆၆)တင်း ငွေကျပ် ၁၄၆၀၀၀၀/-ဖြင့်၊ မအူပင်မြို့နယ်မှ ဝယ်ယူခြင်း၊ အသွယ်စပါး အစို (၁၆၃၄)တင်း ငွေကျပ် ငွေကျပ်၁၂၆၆၅၀၀/-ကျပ်၊ ဆင်းသုခစပါး (၁၁၈၈၀)တင်း ငွေကျပ်၊ ၁၄၅၃၀၀၀/-ကျပ် ဖြင့် လေးမျက်နှာကျေးရွာမှ စပါးအခြောက် ဝယ်ယူခဲ့ပြီးခဲ့ပြီး ဝယ်ယူသော ကုမ္ပဏီမှာ ညောင်တုန်းမြို့နယ်မှ ရွှေဝါနဒီကုမ္ပဏီမှ (၅၀)ပေါင် စပါးတင်း (၁၀၀)ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

          GoodBrother ကုမ္ပဏီမှ ဆင်းသုခစပါး (၂၂၉၃)တင်း ငွေကျပ်၊ ၁၄၆၈၀၀၀/-ကျပ်၊   GW-11 စပါးအခြောက် (၇၅၄၁)တင်း ငွေကျပ်၊ ၁၃၉၀၀၀၀/-ဖြင့် ကျောင်းကုန်းမြို့မှလည်းကောင်း၊ ကရင်မစပါး (၁၁၁၀၆)တင်း ငွေကျပ်၊ ၁၄၇၀၀၀၀/-ကျပ်၊ဖြင့် ညောင်တုန်းမြို့နယ်မှဝယ်ယူခဲ့ပြီး ပေါင်(၅၀) တင် ၁၀၀နှုန်းဖြင့်ဝယ်ယူခဲ့ကြောင်း၊ Thepetual ကုမ္ပဏီမှ (၃၀-၁-၂၀၂၆) ရက်နေ့က ဆင်းသုခစပါး (၄၆၀၀)တင်း ဈေးနှုန်း ၁၄၇၀၀၀၀/-ကျပ်ဖြင့် အခြောက်ဝယ်ယူခဲ့ကြောင်းသိရပြီး နေ့စဉ် ကုမ္ပဏီများမှ စပါးဝယ်ယူမှုများကို မြို့နယ်ဦးစီးမှုးရုံးသို့ နေ့စဉ် စပါးဝယ်ယူမှုရှိ/ မရှိ အခြေအနေစာရင်းအား  ပြုစုပေးပို့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၃-၂-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၃-၂-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ကျိုက်မရောမြို့နယ်တွင် ဘူးသီးများ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

     ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာတွင် စီးပွားဖြစ်ဘူးသီးများ စိုက်ပျိုးကြရာ ဈေးကောင်းရသဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ကျိုက်မရောမြို့နယ်သည် ရာသီဥတုကောင်းမွန်ကာ မြေဩဇာကောင်းမွန်လှသဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြရာ ဆောင်းရာသီ သီးနှံတစ်မျိူးဖြစ်သည့် ဘူးသီးကို စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။

    ဘူးသီးစိုက်ပျိုးရာတွင် ဘူးသီးစေ့ကို ပျိုး၍ အညွန့်ထွက်လာလျှင် စင်ပေး၍ စနစ်တကျစိုက်ပျိုးကြပြီး ဘူးသီးပင်သည် အအေးကြိုက်သဖြင့် တစ်ရက်ခြား ရေပေးရကြောင်း အညွှန့်များလာသည့်အခါ အသီးမပါသည့် အညွန့်တွေကို ဖြတ်ပြီး သီးသန့်ရောင်း၍ရကြောင်း၊ ဘူးညွှန့်မှာလည်း စားသုံးသူအကြိုက်ဖြစ်၍ ဈေးကောင်း ရကြောင်း၊ အညွှန့်ကြီးတစ်ခုကို ၅၀၀ ကျပ် ရရှိကြောင်း၊ အသီးရှိသည့် အညွှန့်ကို စင်တင်ပေးပြီး အသီးကြီးထွားစေရန် မြေဩဇာအဖြစ် နွားချေးများ ထည့်ပေးရပြီး ပိုးမွှား မကျစေရန် ပိုးသတ်ဆေးလဲ ရက်ခြားဖြန်းပေးရကြောင်း၊ အသီးကောင်းကောင်း သီးလာချိန်တွင် စင်ကောင်းကောင်း ထိုးပေးရကြောင်း၊ ဘူးသီးများကို နှစ်ရက်တစ်ခါခူး၍ တစ်ကြိမ်ခူးလျှင် အနည်းဆုံး အလုံး (၂၀) မှ အလုံး (၃၀) ထိရပြီး တစ်လုံးလျှင် ၃၀၀၀ ကျပ် ရရှိသဖြင့် မိသားစုဝင်ငွေကောင်းနေကြောင်း ဘူးသီးကို စီးပွားဖြစ် စိုက်ပျိုးသူ ဦးစည်သူထံမှ သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း