Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဟင်္သာတခရိုင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်အတွင်း ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၆၄၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၃၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၉၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာ ၁၉၀၀၀ ကျပ် ၊ ငရုတ်သီး ခြောက်(ပွ) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၁၆၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၅၅၀၀ ကျပ်စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၆၈၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၃၈၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၄၈၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၀၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက် ရှိကြောင်း သိရှိရပါသည်။

          ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ယခင် ဇန်နဝါရီလ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိပဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA (ဧရာဝတီ)

မြိတ်ဒေသထွက် တန်ဖိုးမြှင့်ထုတ်ကုန် အုန်းပျိုဆီ(Virgin Coconut Oil)

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ််မြို့သည် ပင်လယ်ရေဝန်းရံလျက်ရှိသော ကျွန်းစုမြို့ဖြစ်သော ကြောင့် ရေ ထွက်ကုန်ပစ္စည်းများဖြင့် ထင်ရှားသော်လည်း အခြားသောထွက်ကုန်များဖြင့်လည်း လူသိများထင်ရှားပါသည်။ အဆိုပါထွက်ကုန်များထဲတွင် ကျန်းမာရေးအတွက်များစွာ အထောက် အကူပြုသော အုန်းပျိုဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အုန်းပျိုဆီဆိုသည်မှာ သာမန် အုန်းဆီများသကဲ့သို့ အလွယ်တကူရှိသော အုန်းသီးခြောက် များအား ခွဲခြမ်းနေလှန်းအဆီကြိတ်၍ရရှိ သော အုန်းဆီမျိုးမဟုတ်ဘဲ မြိတ်ကျွန်းစုကမ်းခြေများ၏ မြေဆီလွှာများတွင် သဘာဝအတိုင်းပေါက် ရောက်နေသော အုန်းသီးများထဲမှ သက်တမ်း ၁၂လမှ ၁၃လ အရွယ်ရှိသော အုန်းသီး များကို စနစ်တကျရွေးချယ်ပြီး Cold-Pressed နည်းပညာဖြင့် ထုတ်လုပ်ထားသည့် အုန်းဆီကိုဆိုလိုပါသည်။

          အုန်းပျိုဆီအားထုတ်လုပ်ရန်အတွက် အုန်းပင်အမျိုးအစားရွေးချယ်ရာတွင် (က) နှစ်ရှည် အုန်းပင် (အပင်ပုမျိုးမရပါ)၊ (ခ)သဘာဝမြေဆီမြေသားဖြင့် စိုက်ပျိုးသည့်အုန်းပင်၊ (ဂ)ဓာတ်မြေသြ ဇာအသုံးပြုသည့် သီးနှံစိုက်ခင်း များမရှိသည့် အုန်းခြံများနှင့် အော်ဂဲနစ်အုန်းပင်များမှ ထွက်ရှိလာ သော အုန်းသီးများကိုသာ စနစ်တကျအသုံး ပြုရပါသည်။ အဆိုပါအုန်းပင်များမှထွက်ရှိလာသော သက်တမ်းအားဖြင့် ၁၂လ မှ ၁၃လထိ အရွယ်ရောက်ပြီး အုန်းသီးများ၊ အရည်ကောင်းစွာလှုပ်ပြီး အခွံမာအညိုရောင်(သို့) အနက်ရောင်ရှိအုန်းသီးများ၊ လတ်ဆတ်သော အုန်းသီးများ (ခူးဆွတ်ပြီး နှစ်ပတ်)အား ရွေးချယ်အသုံးပြုရပါသည်။ နေလှန်းအခြောက်ခံအုန်းသီးများ၊ အစို့ထွက် အညှောက် ပေါက်နေသောအုန်းသီးများ၊ အုန်းရည်စိမ့်ထွက်နေသည့်အသီးများနှင့် တလထက်ပို၍ သိုလှောင်ထား သည့်အုန်းသီးများဖြင့် အုန်းပျိုဆီထုတ်လုပ်၍မရကြောင်း သိရှိရပါသည်။ မြိတ််ဒေသ၌ အုန်းပျိုဆီ ထုတ်လုပ်ရာတွင် မလိကျွန်းမှထွက်ရှိသော အုန်းသီးများကိုသာ အဓိကအသုံးပြုကြောင်းသိရှိရသည်။

      ရွေးချယ်ထားသော စံနှုန်းမှီအုန်းသီးများကို အတွင်းအခွံမာခွာထုတ်ပြီး အုန်းသားမခြစ်မှီအချိန် ထိ လေထုအပူချိန်သက်ရောက်မှုမရှိစေရန်် အုန်းသားများကို ရေစိမ်ထားရှိရသည်။ ထိုနောက် အုန်းသားခြစ်ခြင်း၊ အုန်းနို့ညှစ်ခြင်းလုပ်ငန်းစဉ်များ တဆင့်တည်းလုပ်ဆောင်ပြီး  ဃမနောခွဲစက် အသုံးမပြုမှီထိ အုန်းနို့မွေစက်ဖြင့် အုန်းနို့အားမွေပေးထား၍ ရရှိလာသောအုန်းနို့များကို ဃမနော Creamဖြင့်ခရမ်ခွဲထုတ်ပြီး ရရှိလာသည့် အုန်းနို့ခရမ်များအား အေးခဲစေရန်အတွက် ရေခဲသေတ္တာထဲ တွင် ၂၄ နာရီကြာထားရှိရသည်။ အေးခဲနေသည့် အုန်းနို့ခရမ်များကို ရေနွေးငွေ့အပူချိန် ၃ဝ ဒီဂရီစစ်စီယပ်ဖြင့် အရည်ပျော်စေခြင်းဖြင့် အုန်းပျိုဆီကိုရရှိသည်။ ရရှိလာသည့် အုန်းပျိုဆီများကို ငွေ့ရည်ထုတ်စက်ဖြင့် အခြောက်ခံခြင်း၊ စကာစစ်ခြင်း၊ အနည်ချခြင်းစသည်များ အဆင့်ဆင့်လုပ် ဆောင်ပြီးပါက အုန်းပျိုဆီ Cream Separator ကို ရရှိမည်ဖြစ်သည်။ ထိုသို့ထုတ်လုပ်ထားသော အုန်းပျိုဆီသည် ဓာတုပစ္စည်းသုံးစွဲခြင်းမရှိသောကြောင့် အပူချိန် ၂၇ ဒီဂရီစစ်စီယပ်အထက်တွင် ကြည်လင်သော အရည်အဖြစ် ပုံဆောင်မည်ဖြစ်ပြီး ၂၂ ဒီဂရီစစ်စီယပ်တွင် ခရမ်အဖြစ်ပုံဆောင် နေမည်ဖြစ်သည်။

                         အုန်းပျိုဆီကို ကျောက်ကပ်ပိုးဝင်ခြင်း၊ အပူလောင်ခြင်းနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဝမ်းတွင်းပြည် တည်အနာများ၊ သွားဖုံးရောဂါ၊ ဆီးချိုရောဂါများအတွက်သာမက အဝလွန်သူများနှင့် ကျန်းမာရေးအတွက် အဆီချ လိုသူများလည်း အသုံးပြုနိုင်ကြောင်းလေ့လာသိရှိရပါသည်။ ယခင်က အုန်းသီးကို သဘာဝခေါင်းလိမ်းဆီနှင့် မုန့်လုပ်ငန်းအတွက်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါ တွင် အုန်းသီးကို အခြေခံကာ တန်ဘိုးမြှင့်ထုတ်ကုန်များ၊လူတို့အတွက်လိုအပ်သောကျန်းမာရေးထုတ်ကုန်များ၊အဟာရဖြည့်ထုတ်ကုန်များ၊အခြေခံစားကုန်များအဖြစ် အမြောက်အမြား ထုတ် လုပ်လျှက်ရှိသောကြောင့် အုန်းသီးစိုက်ပျိုးသူတောင်များအတွက် ဝင်ငွေကောင်းလျက်ရှိသည်။ မြိတ််ဒေသမှထွက်ရှိသော အုန်းပျိုဆီများကို ၁ဝဝ မီလီလီတာ တစ်ဗူးလျှင် ၉ဝဝဝကျပ်၊ ၃ဝဝမီလီ လီတာ တစ်ဗူးလျှင် ၂၇ဝဝဝကျပ်၊ ၅ဝဝ မီလီလီတာ တစ်ဗူးလျှင် ၄၅ဝဝဝကျပ်၊ ၁ဝဝဝ မီလီလီတာ တစ်ဗူးလျှင် ၉ဝဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြင်းခြံမြို့၏ ငှက်ပျောစိုက်ပျိုးထားရှိမှုနှင့် အကျိုးအမြတ်ရရှိမှု

           မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံ မြေလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ငှက်ပျောစိုက်ပျိုးခြင်း လုပ်ငန်းကိုလည်းလုပ်ကိုင်ကြောင်းသိရှိရသည်။ ဒေသတွင်းကျေးရွာများဖြစ်သော ပတ္တာရွာ၊  သင်္ဘောတင်ရွာ၊ ပိုက်တဲကုန်းနှင့် အနိမ့်ကျေးရွာများသည် ငှက်ပျောပင်များကို မိမိတို့ခြံဝန်းများ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်းနှင့် စီးပွားဖြစ်လည်းစိုက်ပျိုးကြကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၌ ငှက်ပျောပင် စိုက်ဧကအနေဖြင့် (၁၁၅) ဧကခန့်စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ငှက်ပျောစိုက်ပျိုးရာတွင် လှံစို့သားတက်အပင်မြင့် မျိုးကို စိုက်ပျိုးထားကြောင်း၊ ရခိုင်ငှက်ပျောမျိုးနှင့် ဖီးကြမ်းငှက်ပျောမျိုးကို စိုက်ပျိုးထားကြောင်း၊ ငှက်ပျောပင်ကို(၇)ပေပတ်လည်အထိပင်ကြား တန်းကြား အကွာအဝေးထား စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းကောင်းစေရန် တစ်ဧကငှက်ပျောပင် (၁၄၀၀) ခန့်စိုက်ပျိုးထားကြောင်း စိုက်ပျိုးပြီး (၅-၆)လအကြာတွင် ငှက်ပျောဖူးများမထွက်မီအချိန်၌ အပင်ခြေတွင်ဓာတ်မြေဩဇာကို ထည့်သွင်းကျွေးရ မည်ဖြစ်ကြောင်း၊ ပန်းပွင့်ပြီးနောက် သားတက်တစ်ခုသာထားရှိပြီး မိခင်အပင်မှမလိုအပ်သော သားတက်အားလုံးကို ဖယ်ရှားရန်လိုအပ်ကြောင်း၊ ငှက်ပျောကြီးထွားရန် ငှက်ပျောဖူး (အဖိုဖူး) အားဖြတ် ပေးရကြောင်း၊ မိုးရာသီတွင် ရေစိမ့်ဆင်းမှုကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကို မြေဖို့ပေးပါက အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးချိန်မှ(၈)လအကြာတွင် ငှက်ပျောသီး များရင့်မှည့်၍ စတင်ခုတ်ယူပြီး ဈေးကွက်သို့တင်ပို့ ရောင်းချကြောင်း၊  တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအား စု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၉)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၉၀၀) အခိုင်ထွက်ရှိကြောင်း၊ ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ခန့်၊ ရခိုင်ငှက်ပျောဖီး တစ်ဖီး လျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ငှက်ပျောအဖီး၏ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း များကွာခြားကြောင်း၊ ထွက်ရှိသော ငှက်ပျောသီးများကို ဒေသတွင်းစားသုံးရန်နှင့် သာရေးနာ ရေးပွဲများတွင်လည်း ရောင်းချရကြောင်း၊ နွားထိုးကြီးမြို့နှင့် တောင်သာမြို့သို့ တင်ပို့ရောင်းချကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၂၉) သိန်းကျပ်ခန့် ရရှိကြောင်း၊ ငှက်ပျောစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ပတ္တာကျေးရွာ၌ တိုင်ထောင်သခွားသီး စိုက်ပျိုးထားရှိမှု၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု

        မြင်းခြံမြို့နယ်၊ ပတ္တာကျေးရွာတွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ  တိုင်ထောင် သခွားများကိုလည်း မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ အပူပိုင်းဒေသဖြစ်သောကြောင့် တိုင်ထောင်သခွားကို ဆောင်းရာသီသာ စိုက်ပျိုးလေ့ရှိကြောင်း၊  စိုက်ပျိုးချိန်မှစ၍ (၄၅)ရက်ကြာလျင် အသီးများ  စတင်ခူးဆွတ်ရကြောင်း၊ တိုင်ထောင်သခွားပင်ကို  တစ်ကျင်းလျှင်(၁)ပင်ခန့် စိုက်ပျိုးကြောင်း၊  တိုင်ထောင်သခွားပင်ကို  မြေအောက် ရေတင်စနစ်ဖြင့်  စိုက်ပျိုးထားကြောင်း၊ တိုင်ထောင်သခွားပင် ကို မြေကျင်းဖွဲ့ စိုက်ပျိုးရပြီး၊ တစ်ပတ်လျှင်(၄)ကြိမ် ခူးဆွတ်၍ အလုံး(၁၁၀၀)ခန့် ရှိကြောင်း၊ စိုက်ခင်းဈေး တစ်လုံးလျှင်(၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြောင်း၊ တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ ‌ရောင်းချပါက လက်လီတစ်လုံးလျှင်(၈၀၀)ကျပ်၊ ဖောက်သယ်ဈေး  (၁၀) လုံးလျှင် (၇၃၀၀)ကျပ်ခန့်‌ဖြင့်ရောင်းချရကြောင်းမျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ တိုင်ထောင်ဝါး၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃၈၀၀၀)ခန့် ကုန်ကျပြီး  တစ်ခါစိုက်ပျိုးလျှင် (၂-၃)လကြာအောင် ခူးဆွတ် ရောင်းချရကြောင်း၊  အကျိုးအမြတ်အနေဖြင့် (၃၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ မိသားစုစားဝတ်နေရေး အဆင်ပြေသော ဟင်းသီးဟင်းရွက်သီးနှံဖြစ်ကြောင်း တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မရမ်းသီးဈေးနှုန်းအနည်းငယ်ကျဆင်း”

          ကျောက်ဆည်မြို့ပေါ်စျေးများအတွင်းရှိ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် မရမ်းသီးများအား အခြားကုန်စိမ်းများနှင့် အတူ တစ်နိုင်တစ်ပိုင်မှာယူရောင်းချပေးရာတွင် စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ရာသီစာမရမ်းသီများအား ယခုလဒုတိယအပတ်တွင် တစ်ပိဿာလျှင် (၃၀၀၀၀/-)ကျပ်၊ နောက်ဆုံးအပတ် မရမ်းသီးတစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်ဖြင့် ရောင်းချလျကရှိကြောင်း၊ ယခင်အပတ်နှင့် နှိုင်းယှည်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ကုန်စိမ်းသည်များအနေဖြင့်လည်း (၅)ကျပ်သား အထုပ်ကလေးများထုပ်၍ တစ်ထုပ်လျှင် (၁၅၀၀/-) ကျပ်ဖြင့် အရောင်းသွက်ကြောင်း၊ မရမ်းသီးအမှည့်များကိုသကြားရေစိမ်၍ စားကြသလို မရမ်းသီးစိမ်းကို ဟင်းလျာအမျိုးမျိုးပြုလုပ်ပြီးစားသုံးကြပါသည်။ မရမ်းသီးငပိထောင်း၊ မရမ်းသီးစိမ်း ငပိချက်အစရှိသဖြင့် အရသာထူးကဲအောင် စားသုံးလေ့ရှိကြပါသည်။ မရမ်းသီးသုပ်မှာလည်း ကြားရယုံနဲ့သွားရည် ယိုနိုင်တဲ့အစားအသောက်တစ်မျိုးဖြစ်ပါသည်။ အချဉ်ဓာတ်ကဲတဲ့ မရမ်းသီးစားသုံးခြင်းဖြင့် အသားအရေလှပစေခြင်း၊ အဆီကျခြင်း၊ ကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးနိုင်ကြောင်း၊ ကျန်းမာရေး စာစောင်များမှ ဖတ်ရှုသိရှိရပါသည်။ အညာဒေသတွင် မရမ်းသီးထောင်းနှင့်ပဲကြီးနှပ်ဖြင့် တွဲဘက် စားသုံးကြပါသည်။ ရာသီးစာလည်းဖြစ် ခံတွင်းကိုမြိန်စေသော မရမ်းသီးသီးနှံကို ဝယ်ယူစားသုံးသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“စိမ်းစားဥများ ဈေးနှုန်းကျဆင်း”

         စိမ်းစားဥသည် ရာသီဥတုအမျိုးမျိုးကို ခံနိုင်ရည်ရှိပြီး မျှတသောအပူချိန်နှင့် မိုးရေချိန် အသင့်အတင့်လိုအပ်ပြီး ရေဝင်ရေထွက်ကောင်းသော သဲနှုန်းမြေတွင် ကောင်းစွာစိုက်ပျိုးနိုင်သော သီးနှံဖြစ်ပါသည်။ စိမ်းစားဥစိုက်ပျိုးရာတွင် မျိုးစေ့ကိုအနက် ၂-၃လက်မခန့်ချပြီး ကြွက်မြီးတန်း စိုက်ပျိုးရကြောင်း၊ စိမ်းစားဥကို နယုန်၊ ဝါဆိုလတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်း လဆန်း လောက်တွင် စတင်တူးဖော်ရောင်းချနိုင်ကြောင်း၊ အပင်အပြုစုကောင်းပါက တပို့တွဲ၊ တပေါင်းလအထိ တူးဖော်ရောင်းချနိုင်ကြောင်း၊ စိမ်းစားဥကို ရွာငံဒေသများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ စိမ်းစားဥ တစ်ဧကစိုက်လျှင် ပိဿာ (၃၀၀၀ မှ ၅၀၀၀)ခန့်အထိထွက်ရှိကြောင်း၊ ယခင်လတွင် စိမ်းစားဥ တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်နှုန်းဖြင့်ရောင်းချရပြီး ယခုလတွင် စိမ်းစားဥ တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ စိမ်းစားဥများ ဖြိုင်ဖြိုင် ဝင်ရောက်လျက်ရှိသောကြောင့် ယခင်လထက် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ စိမ်းစားဥကို ဆောင်းရာသီစာ စားစရာတစ်မျိုးဖြစ်ပြီး စားလိုက်လျှင် ချိုချိုကြွပ်ကြွပ်လေးနှင့် ရင်ထဲအေးမြစေပါသည်။ စိမ်းစားဥကို သင့်တင့်အောင် စားသုံးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါများကို ကာကွယ်ပေးရုံသာမက ခံတွင်းကိုလည်း ကောင်းမွန်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးများရရှိသဖြင့် စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်၏ ဝါစိုက်ပျိုးထွက်ရှိမှုအခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊မြစ်သားမြို့နယ်များတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးချည်မျှင်ရှည်ဝါများ ပန်းတိုင်အတွက်နှုန်းရရှိရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင်(၁၃၄၆၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၉၆၁၇)ဧကနှင့် မြစ်သားမြို့နယ်တွင်(၁၀၆၇၂)ဧက စိုက်ပျိုးထားရှိပြီး စုစုပေါင်း စိုက်ပျိုးဧက(၃၃၇၅၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်အထိ စုစုပေါင်းရိတ်ဧက (၁၇၆၈၈)ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး၊ အထွက်စုစုပေါင်းအနေဖြင့် ဝါပိဿာ(၈၆၄၁၂၄၁)ပိဿာထွက်ရှိပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ယခုအခါတွင် ဝါများဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဝါစိုက်တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။ ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးချည်မျှင်ရှည်ဝါသီးနှံများကို ကျောက်ဆည်မြို့ အရှေ့ဘက် ဖျောက်ဆိပ်ပင်ကျေးရွာအပါအဝင် ရဲဘော်ကြီး၊ မှိုင်းပန်၊ ကလေး၊ ရှမ်းတောင်ဦး၊ ရဲယမန်းရွာ၊ တောင်တော်၊ ပေါင်လောင်၊ ကင်းကျေးရွာများနှင့် မြစ်သားမြို့နယ်တွင် ဒိုင်း၊ မြနဒီ ကျေးရွာများတွင်လည်း အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀) နှင့် B-31  မျိုးများ စိုက်ပျိုးထားကြောင်း သိရှိရပါသည် ။ မြစ်သားမြို့နယ်အနေဖြင့်  မိုးချည်မျှင် ရှည်ဝါမျိုးအနေဖြင့် ရာကာ 666 မျိုးကိုစိုက်ပျိုးရန် ဆန္ဒရှိသော်လည်း ဝယ်ယူစိုက်ပျိုးရန် အခက်အခဲရှိပါသဖြင့် တောင်သူများအချင်းချင်းမျိုးခံ၍ မျိုးထုပ်စိုက်ပျိုးမှုများလည်းရှိပါကြောင်း၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)မျိုးများကိုစိုက်ပျိုးကြကြောင်း၊ မြနဒီကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ ဝါတစ်ဧက စိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း (၁)ဧက ပိဿာ(၅၀၀-၆၀၀)အထိထွက်ရှိကြောင်း၊ သွင်းအားစုနှင့် အပြုအစု ကောင်းရန်၊ ပိုးသတ်ဆေးနှင့်ရေသွင်းရေထုတ် စနစ်တကျ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယခုနှစ်အနေဖြင့် ဝါစျေးနှုန်း (၅၀၀၀-၅၂၀၀)ကျပ် ရရှိသဖြင့် တွက်ခြေကိုက်မှုရှိပါကြောင်း သိရှိရပါသည်။   

DOCA(မန္တလေး)

စစ်ကိုင်းမြို့ရှိ ပဲမျိုးစုံဈေးနှုန်းဈေးကွက်

                         စစ်ကိုင်းတိုင်းဒေသကြီးသည်  စိုက်ပျိုရေးကိုအခြေခံပြီး အဓိကထားစိုက်ပျိုးသော တိုင်းတစ် တိုင်းဖြစ်ပြီး ပြည်တွင်းကုန်သွယ်မှုကဏ္ဍတွင်ပါဝင်သည့်အတွက် စစ်ကိုင်းမြို့ရှိ ပဲနီပြား၊ ပဲဇီးကွက်၊ ပဲလွန်း၊ စားတော်ပဲ ၊ကုလားပဲများကိုလည်း စိုက်ပျိုးထားကြောင်းသိရသည်။ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလစတုတ္ထပတ်တွင် စစ်ကိုင်းမြို့မဈေးရှိ ပဲနီပြားနှင့်ပဲဇီးကွက် တစ်တင်းလျှင် (၁၄၄၀၀၀)ကျပ်၊ပဲလွန်းတစ်တင်းလျှင် (၉၆၀၀၀)ကျပ်၊ စားတော်ပဲတစ်တင်းလျှင် (၁၂၈၀၀၀)ကျပ်၊ ကုလားပဲဆံ တစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ပဲများကိုစားသုံးခြင်းဖြင့် ပရိုတင်း ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် လူအများစုစားသုံးကြပါသည်။ မြန်မာလူမျိုးတို့သည် အလှူ အတန်းပြုလုပ်ရာတွင် ပဲများကို မပါမဖြစ် အဓိကထားချက်ပြုတ်ကြပါသည်။ ပဲကို စားသုံးမှု များပြားသလို  ဒေသအတွင်းရှိ ဝယ်ယူသုံးစွဲကြသည့်အတွက် အရောင်းအဝယ်ဖြစ်ကြောင်း ပဲမျိုးစုံရောင်းသူထံမှ သိရပါသည်။

Doca(စစ်ကိုင်း)

ကနီမြို့နယ်၌ ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

                   စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် နှမ်း၊ ပဲမျိုးစုံ၊ ပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်အပြင် ဥယျာဉ်ခြံမြေသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပြီး ကနီမြို့နယ်တွင် ငှက်ပျောစိုက်ဧက ၃ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

                 ငှက်ပျောသီးနှံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စိုက်ပျိုး၍ စိုက်ပျိုးပြီးတစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ဖီးကြမ်းငှက်ပျောမျိုးကို အများဆုံး စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုးရာတွင် ငှက်ပျောသားတက်များကို တူးယူ၍ ၃-၄ ရက်ခန့် အခြောက်ခံကာ စိုက်ပျိုးရပြီး တစ်ဧကလျှင် ငှက်ပျောသားတက် ၇၀၀-၈၀၀ ခန့် စိုက်ပျိုးရကြောင်း၊စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ငှက်ပျောသား တက်ရှင်းလင်းခြင်း အပါအဝင် တစ်ဧကလျှင် ငွေကျပ် သိန်း ၁၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ငှက်ပျောခိုင် ၁၈၀၀-၂၀၀၀ ခန့် ထွက်ရှိ၍ တစ်ခိုင်လျှင် ရောင်းတန်းဝင် ငှက်ပျောဖီး ၄-၅ ဖီးခန့် ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလ စတုတ္တပတ်တွင် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ရောင်းတန်းဝင်အဖီး တစ်ဖီးလျှင် လက်ကားဈေး ၂၀၀၀-၂၅၀၀ ကျပ်၊ အဖျား တစ်ဖီးလျှင် ၁၀၀၀-၁၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၀ သိန်းကျော်ခန့် ရရှိ ကြောင်း၊ ဈေးကွက်အနေဖြင့်မုံရွာမြို့ပေါ်ရှိငှက်‌ပျောပွဲရုံများ၊သစ်သီးဆိုင်များသို့တင်ပို့ရောင်းချကြောင်း၊ယခုနှစ်တွင်ငှက်ပျောသီးဈေးနှုန်းများ ကောင်းမွန် သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် များရရှိကာ တွက်ခြေကိုက်ကြောင်း  သိရသည်။   

 DOCA(စစ်ကိုင်း)

“တစ်ပိုင်တစ်နိုင်စိုက်ပျိုးသောရှောက်သီးများဈေးကောင်းရရှိ”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော ရှောက်ပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ ရှောက်ပင်အမျိုးအစားများမှာ ဗမာမျိုး၊ ရှောက်ဘီလူးမျိုး၊ ရှောက်သခွားမျိုးဟူ၍ စိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ဗမာမျိုးများဖြစ်ပြီး၊ ဗမာရှောက်သီးမျိုးသည် အခွံပါး၍ အရည်ရွှမ်းသောကြောင့် လူကြိုက်များကြောင်း၊ ခရိုင်အတွင်း ရှောက်ပင်ကို ဧကလိုက် စိုက်ပျိုးမှုမရှိသော်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ အပင်လျင်မြန် ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့်အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာ ကျွေးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်နှင့် တစ်နှစ်ခွဲသားတွင် စတင်၍ အသီးသီးကြောင်း၊ အချို့စိုက်ပျိုးသူများမှာ ရှောက်ကိုင်းဆက်ပျိုးပင်ကို ဝယ်ယူစိုက်ပျိုးပါက (၆)လ (၁)နှစ် အကြာတွင် စတင်၍သီးကြောင်း၊ အပင်အောင်မြင်ဖြစ်ထွန်းပါကတစ်ပင်လျှင်(၃၀-၄၀)လုံးခန့်သီးကြောင်း၊ ရှောက်သီးဈေးနှုန်းအနေဖြင့် လက်ကား (၁)လုံးလျှင်(၃၀၀/-)ကျပ်၊ လက်လီတစ်လုံးလျှင်(၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ရှောက်သီးစိုက်ပျိုးသောခြံအထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ရှောက်ပင်စိုက်ပျိုးရာတွင် အသီးသာမက အညွှန့်ပါရောင်းချရသောကြောင့် စိုက်ပျိုးရကျိုးနပ်ကြောင်း၊ ရှောက်သီးစားသုံးခြင်းဖြင့် လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ အစာမကြေခြင်းနှင့် အတက်စာများ စားသုံးမိပါက ရှောက်သီးဖျော်ရည်ကို သောက်ပေးရကြောင်း၊ ရှောက်ရွက် စားသုံးပေးခြင်းဖြင့် လေငန်းရောဂါ သက်သာပျောက်ကင်းစေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း