
မိုးရာသီကာလအတွင်း ဗူးသီးစိုက်ခင်းများမှ အထွက်နှုန်းကောင်းလာသဖြင့် ဒေသအသီးသီးရှိ ဈေးကွက်များတွင် ဗူးသီးများပေါများစွာရောင်းချလျက်ရှိကြောင်း သိရသည်။ ဗူးသီးသည် မိုးရာသီတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသည့်အပြင် အထွက်နှုန်း လည်းကောင်းမွန်သောကြောင့် တောင်သူများက အဓိကစိုက်ပျိုးသည့် သီးနှံများထဲတွင် ဗူးသီးလည်း ပါဝင်သည်။ ဈေးကွက်အတွင်း ဗူးသီးပေါများလာသောကြောင့် စားသုံးသူများအနေဖြင့် လတ်ဆက်သောဗူးသီးများကို အလွယ်တကူဝယ်ယူနိုင်ကြသည်။ ဗူးသီးကို ဟင်းချိုအရည်သောက်ဟင်း၊ ကြော်/ ချက်နှင့် အခြားဟင်းလျာများတွင် အသုံးပြုကြပြီး လူကြိုက်များသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် သည်။
ဗူးသီးတွင် ရေဓါတ်၊ အမျှင်ဓါတ်နှင့် သတ္ထုဓါတ်အချို့ပါဝင်သဖြင့် ခန္ဓာကိုယ်အတွက် ရေဓါတ်ဖြည့်သွင်းရာတွင် အထောက်အကူပြုနိုင်ပြီး မျှတသော အစားအစာအစိတ်အပိုင်းတစ်ခုအဖြစ် စားသုံးနိုင်သည်။ မကွေးမြို့ပေါ်ရှိဈေးများတွင် ဗူးသီးအသေး (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ ဗူးသီးအလတ် (၁)လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဗူးသီးအကြီး (၁)လုံးလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရွယ်အစားနှင့် ဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။ မိုးရာသီတွင် အထွက်နှုန်းတိုးလာခြင်းကြောင့် ဝယ်လိုအားကို အလွယ်တကူဖြည့်ဆည်းပေးနိုင်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
