Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

    စီးပွားဖြစ် “ငှက်ပျောသီး”

    ကယားပြည်နယ်၊ လောပိတမြို့ဒေသသည် ရေမြေတောတောင်သာယာပြီး စိုက်ပျိုးရေး အတွက် အလွန်အလားအလာကောင်းသည့် နေရာတစ်ခုဖြစ်ပါသည်။ ဘီလူးချောင်းနှင့်နီးကပ်စွာ တည်ရှိနေပြီး ရေအရင်းအမြစ်ကြွယ်ဝစွာရရှိသည့်အပြင် အပူအအေး မျှတသောကြောင့် ငှက်ပျော ပင်များ ရှင်သန်မှုကောင်းမွန်ပြီး အရည်အသွေးကောင်းသည့် ငှက်ပျောသီးများ အထွက်များပါသည်။ စီးပွားဖြစ်စိုက်ပျိုးထားရှိသော ငှက်ပျောခင်းများမှ ဝင်ငွေကောင်းပြီး တောင်သူလယ်သမားများ စားဝတ်နေရေးအတွက် အဆင်ပြေကြပါသည်။အထူးသဖြင့်လောပိတငှက်ပျောသီးသည် ဒေသတွင် မှာတင်မကဘဲ ပြည်နယ်ပြင်ပထိ နာမည်ကျော်ကြားသည့် ထွက်ကုန်တစ်ခု ဖြစ်ပါသည်။

    လောပိတမြို့၊ လောဓလေးကျေးရွာတွင် ရခိုင်ငှက်ပျောနှင့်ဖီးကြမ်းငှက်ပျောများကို အများဆုံး စိုက်ပျိုးကြပြီး ရွှေနီ၊ ရွှေဝါငှက်ပျောများကို အနည်းငယ်စိုက်ပျိုးကြပါသည်။ ဒေသခံအများစုသည် ဓာတုဗေဒမြေဩဇာကို အသုံးနည်းပြီး သဘာဝအတိုင်း(Organic)ဆန်ဆန် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၏မှတ်တမ်းများနှင့်ဒေသတွင်းခန့်မှန်းချက်များအရ ကယားပြည်နယ် တစ်ခု လုံးအတိုင်းအတာတွင် ငှက်ပျောစိုက်ဧကမှာ ပျမ်းမျှအားဖြင့် ဧက(၆,၀၀၀) မှ(၈,၀၀၀) ဝန်းကျင် ရှိပါ သည်။ယခင်က လောပိတ၊ ထီးစဲခါးဒေသများတွင် စိုက်ဧကအများဆုံး စိုက်ပျိုးခဲ့သော်လည်း ယခုအခါ လောပိတမြို့တွင်သာ အဓိကစီးပွားဖြစ်စိုက်ပျိုးသည်ကိုသာ တွေ့ရှိရပါသည်။ ပျမ်းမျှအား ဖြင့် ငှက်ပျောခြံတစ်ခြံလျှင် စိုက်ဧက (၄)ဧကမှ(၅)ဧကခန့်ထိ စိုက်ပျိုးကြပါသည်။ကယားပြည်နယ်၊ လောပိတမြို့မှထွက်ရှိသည့် ငှက်ပျောသီးများကို လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင် နေ့စဉ် တင်ပို့ရောင်းချသည့်အပြင် ဖယ်ခုံ၊ ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီးနှင့်မိတ္ထီလာစသည့် မြို့များ သို့လည်း တင်ပို့ရောင်းချပါသည်။ ငှက်ပျောပင်များကို မိုးဦးကာလတွင်စတင်စိုက်ပျိုးကြပြီး ယခုလို နွေဦးကာလ တွင်() လလျှင် ()ကြိမ် အသီးများ ခုတ်ယူရောင်းချနိုင်ပါသည်။  ငှက်ပျောခိုင် တစ်ခိုင် လျှင် (၁၀)ဖီးမှ(၁၂)ဖီး ထွက်ရှိ၍ ရခိုင်ငှက်ပျောတစ်ဖီးလျှင်(၇၀၀)ကျပ်နှင့် ဖီးကြမ်း တစ်ဖီးလျှင် (၈၀၀) ကျပ် လက်ကား ဈေးရရှိကြောင်း ငှက်ပျောစိုက်ပျိုးသူဒေသခံတစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(ကယား)

ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီထွက်သီးနှံဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ များဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲဆန်နှင့် ကြက်ဆူ စသည်သီးနှံများ၏ ဖေဖော်ဝါရီလ တတိယပတ် ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

နှမ်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၂၄၀၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဖေဖော်ဝါရီလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၂၀၀၀ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

ဆီနေကြာ

ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၇၅၀၀၊ နေကြာညံ့လျှင် ကျပ် ၅၇၀၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

ကြက်ဆူ

        ကြက်ဆူတစ်တင်းလျှင် ကျပ် ၄၇၅၀၀၊ နေကြာညံ့လျှင် ကျပ် ၄၇၀၀၀နှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိရာ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကြက်ဆူတစ်တင်းလျှင် ကျပ် ၅၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

မြေပဲဆန်

          ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲ လုံးဆန်များကို ဒေသတွင်းရှိ စိုက်ပျိုးသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ လည်းကောင်း ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလ တတိယပတ်အတွင်း မြေပဲလုံးဆန်တစ်ပိဿာ လျှင် ကျပ် ၇၂၀၀နှင့် ၂၅ ပိဿာတစ်အိတ်လျှင် ကျပ် ၁၈၀၀၀၀ ဈေးနှုန်းဖြင့်လည်းကောင်း၊ မြေပဲ အတောင့်တစ်တင်းလျှင် ကျပ် ၃၇၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိရာယခင်တစ်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါကယခုတတိယပတ်အတွင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ကြောင့် မြေပဲဆန်ဝင်ရောက်မှုနည်းလာပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရသည်။      

  DOCA(စစ်ကိုင်း)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ ဈေးနှုန်းနှင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သည့် အရေအတွက်

          ၉.၂.၂၀၂၆ ရက်နေ့ ဘုရင့်နောင်ပွဲရုံတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၁၈၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၅၀၀အောင်ပန်းထူး-၄ ကျပ် ၇၀၀၀အောင်ပန်းထူး-၅ ကျပ် ၇၈၀၀၊ ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၈၀၀၊ ဆိပ်ဖြူ(သစ်) လတ်ကြီး ကျပ် ၁၉၀၀၊ ဆိပ်ဖြူ(သစ်) လတ်သန့် ကျပ် ၁၉၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၁၅၀၀၊ မြစ်သား(သစ်)ရှယ် ကျပ် ၂၄၀၀၊ မြစ်သား (သစ်) လတ်ကြီး ကျပ် ၂၅၀၀၊ မြစ်သား (သစ်) လတ်သန့် ကျပ် ၂၄၀၀၊ မြစ်သား (သစ်) လတ်ချော ကျပ် ၂၀၀၀ တို့ရှိကြောင်း၊ ယခုတစ်ပါတ်တွင် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၅၀၀/၇၀၀ တက်ပါကြောင်းနှင့် ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀/၃၀၀/၅၀၀ ကျပါကြောင်း၊ ယနေ့ ၉.၂.၂၀၂၆ ရက်နေ့တွင် ကြက်သွန်နီ ကား(၃၃)စီး (၁၉၈၀၀၀) ပိဿာ၊ ကြက်သွန်ဖြူမှာ (၇၁၅) အိတ်နှင့် (၁၄၃၀၀) ပိဿာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

မကွေးဈေးကွက် အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့ နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြား ပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

နှမ်း

          ၂၀၂6ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းဖြူ (၁) တင်းလျှင် ကျပ်(၁၂၈၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၂၅၀၀၀၀)၊ နှမ်းညိုကြား (၁) တင်းလျှင် ကျပ်(၁၀၂၀၀၀)ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပြီး တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ (၅၀၀) တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(7၀) ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ကုလားပဲ

          ကုလားပဲ(HL) (၁)တင်း လျှင် ကျပ်(၇5၀၀၀)၊ ကုလားပဲ(929) (၁)တင်းလျှင် ကျပ်(755၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲ(HL) ကျပ် (40၀၀)၊ ကုလားပဲ(929) ကျပ်(4၅၀၀)ဈေးကျခဲ့ကြောင်း၊ ဒေသတွင်းကုလားပဲစိုက်ပျိုး ရာသီချိန် ဖြစ်၍ အရောင်းအဝယ်အေးနေပြီး လက်ကျန်ပဲများသာအရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ပတ် အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပဲလွန်းဝါ

          ပဲလွန်းဝါ (၁)တင်းလျှင် ကျပ်(7500၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ် နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၁၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန် အားဖြင့် တန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

မတ်ပဲ

          မတ်ပဲ (၁)တင်းလျှင် ကျပ်(၉၆0၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၅၀၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ် ရေ(၇၀၀) တင်ပို့ခဲ့ပြီး တန်ချိန် အားဖြင့် တန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။

ပဲစဉ်းငုံ

          ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၇၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ ပဲစဉ်းငုံအသစ်များ အရောင်း အဝယ်သွက်လျက်ရှိပြီး ဈေးကောင်းရလျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန် မြို့သို့ အိတ်ရေ(၁၁၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေးတွင် လက်လီ/လက်ကား ဈေးရောင်း ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပါသည်။ ပြည်နယ်အတွင်းစားသုံးကုန်/လူသုံး ကုန်များပစ္စည်း၊ စားဖိုဆောင်သီးနှံများကို အများအားဖြင့်အခြားမြို့ကြီးများမှတဆင့် ဝယ်ယူ ရောင်းချကြသည်။ ဒေသအတွင်းမှာ ခရမ်းချဉ်သီးကို စိုက်ပျိုးသော်လည်း အခြားမြို့ကြီးများ ဖြစ်သော တောင်ကြီး ၊ အောင်ပန်း ၊ ကလောတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိပါသည်။ ခရမ်းချဉ်သီးကို အင်းသီး၊ ဗမာသီး၊ ခေါင်းစိမ်းသီးများဟူ၍ ရှိပါသည်။ ဈေးကွက်တွင် အများဆုံး ဝင်ရောက်သော ခရမ်းချဉ်သီးမှာ အင်းသီးများဖြစ်သည်။  အလုံးအရွယ် အစားအလိုက် အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ခရမ်း ချဉ်သီး တစ်ပိဿာလျှင် ကျပ်(၄၅၀၀မှ ၅၀၀၀)အထိရှိပြီး တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀မှ ၄၀၀၀) ဈေးနှုန်း ပေါက်လျက်ရှိပြီး နှိုင်းယှဉ်ပါကကျပ် (၅၀၀)ကျပ်ခန့် ကွာခြား၍ ဈေးအနည်းကျလာပါသည်။ ခရမ်းချဉ်သီးများလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုသည် ပုံမှန်ဝင်ရောက်လျက်ရှိ၍ အရောင်းအဝယ်လည်းပုံမှန်လည်ပတ်လျက်ရှိကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ခရမ်းချဉ်သီးရောင်းချနေသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသော ကင်မွန်းချဥ်ရွက် စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေ

    ကျိုက်မရောမြို့နယ်၊ ကန်စွန်းကုန်းကျေးရွာရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျှက်ရှိပြီး သီးပင်စားပင်များ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို ရာသီအလိုက် စိုက်ပျိုးရောင်းချလျှက်ရှိပြီး ထိုသို့ စိုက်ပျိုးရာတွင် အရင်းအနှီး ကုန်ကျစရိတ်သက်သာရန် ဝင်ငွေရရှိလွယ်သော မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်မွန်းချဉ်ရွက်ကို ယခုနှစ်မိုးရာသီ၌ စီးပွားဖြစ် အများအပြားစိုက်ပျိုးထားကြရာ တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြသည်။

          ကင်မွန်းချဉ်ရွက်အပင်ကို ကုန်းမြေများတွင် စိုက်ပျိုးကြပြီး ကိုင်းဆက်မျိုးဖြင့် စီတန်းစိုက်ပြီး အစေ့ကနေအပင်ပျိုး၍လည်း စိုက်ပျိုးနိုင်ကြောင်း ကင်ပွန်းချဉ်ပင်ကို မည်သည့် မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်ပြီး အပင်ရှင်သန်ကြီးထွားစေရန်အတွက် အပင်အောက်တွင် ပေါက်လေ့ရှိသော ပေါင်းမြက်ပင်များအား ရှင်းလင်းပေးခြင်းသဘာဝမြေဩဇာဖြစ်သည့် နွားချေးမြေဩဇာများကို ထည့်ပေးရကြောင်း စိုက်ပျိုးပြီး တစ်နှစ်ခွဲအကြာတွင် ကင်မွန်းချဉ်ရွက်အနုလေးများ စတင်ထွက်ရှိကာ ခူးရောင်းချနိုင်ပြီးဖြစ်ကြောင်း မြေတစ်ဧကခန့်တွင် အပင်ပေါင်း ၄၀ ခန့် စိုက်ပျိုးနိုင်ရန် အပင်တစ်ပင်နှင့်တစ်ပင်ကို ခြောက်ပေခန့် ခြားထားပြီး စိုက်ရကြောင်း သိရသည်။

DOCA (မွန်)

ဖြစ်ထွန်းအောင်မြင်နေသောဆောင်းပဲပုတ်များ

   မြင်းခြံမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းရာသီ၌ ပဲပုပ်သီးနှံကိုလည်း အားထား စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး  ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလတို့တွင် စတင်ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ဆောင်းပဲပုတ်များကို အနိမ့်ကျေးရွာ၊ သဲဖြူဝကျေးရွာ၊ ဖိုးတုတ်ဖြူကျေးရွာ၊  ကူရွာ၊ ကတောကျေးရွာနှင့် ဖက်ပင် အိုင်ကျေးရွာတို့တွင် စိုက်ပျိုးထားကြောင်းသိရှိရသည်။ ယခု၂၀၂၅-၂၀၂၆ခုနှစ်တွင် ပဲပုပ် (ဆောင်း) လျာထား(၆၂၀၀)ဧကတွင် စိုက်ပျိုးပြီးဧက (၆၂၀၅)ဧကစိုက်ပျိုးထားကြောင်း လျာထားချက် ထက်(၅)ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ၂၀၂၆ခုနှစ်၊ ဖေဖော်လကုန်တွင်မှစ၍ ဆောင်းပဲပုတ်များ ရိတ်သိမ်း ထွက်ပေါ်မည်ဖြစ်ကြောင်း၊ စီပီအက်စ်-၃သက်လျင်မျိုးနှင့် စီပီအက်စ်-၂သက်လက်မျိုးတို့ကို အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံတို့ဖြင့် တန်းခြားစိုက်ပျိုးထားကြောင်း  သိရှိရသည်။ ယခင်နှစ်အထွက်နှုန်းမှာ တစ်ဧကလျှင် (၁၂‌) တင်းခန့် ထွက်ရှိခဲ့ကြောင်းသိရှိရသည်။  မြင်းခြံမြို့အတွင်းရှိ ပွဲရုံများ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင်   ပဲပုတ်တစ်တင်းလျှင် (၁၁၀၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊ နေ့စဉ်အိတ်ရေ (၂၀-၃၀)ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ပွဲရုံများမှသိရှိရသည်။

DOCA(မန္တလေး)

သီရိမင်္ဂလာဈေးအတွင်းရှိ ဒေသထွက်ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေ

    လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းတွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ငါး၊ လူသုံးကုန်ပစ္စည်းများနှင့် မုန့်မျိုးစုံရောင်းချလျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဟင်းသီးဟင်းရွက်များဖြစ်သည့် ဘိုစားပဲ၊ ဖရုံသီး၊ သခွားသီး၊ ကန်စွန်းရွက်၊ မုန်ညှင်းရွက်၊ ခရမ်းသီးစသည့် ဟင်းသီးဟင်းရွက်များကို လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာ၊ ရေနီကန်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိလျက်ရှိပါသည်။ ဒေသထွက်သီးနှံများဖြစ်သည့် ဘိုစားပဲ(၁)ပိဿာလျှင် (၄၀၀၀ - ၅၀၀၀)ကျပ်၊ ဖရုံသီး(၁)လုံးလျှင် (၁၀၀၀-၂၀၀၀)ကျပ်၊ သခွားသီး (၁)လုံးလျှင် (၄၀၀-၁၀၀၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင်(၃၅၀-၅၀၀)ကျပ်၊ မုန်ညှင်းရွက်(၁) စည်းလျှင် (၂၀၀-၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်လနှင့် နှိုင်းယှဉ်ကြည့်လျှင် ဘိုစားပဲ၊ ဖရုံသီးနှင့် သခွားသီးမှာ (၅၀၀-၁၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလျက်ရှိပြီး ကန်စွန်းရွက်နှင့် မုန်ညှင်းရွက်မှာ(၁၀၀-၃၀၀)ကျပ်ခန့် ကျဆင်းလျက်ရှိကြောင်း၊ ဈေးနှုန်းများကျဆင်းရခြင်းမှာ ဒေသတွင်း စိုက်ပျိုးထွက်ရှိမှုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

တောင်သာမြို့နယ်၌နွေစပါးများစတင်စိုက်ပျိုးနေကြောင်း

  တောင်သာမြို့နယ်သည် ဆည်ရေသောက်အသင့်တင့်ရှိပြီး မိုးကောင်းသောက်ယာများတွင် နွေစပါးများကို နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့်‌ ဖေဖော်ဝါရီလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊မတ်လနှင့် ဧပြီတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရှိရသည်။ဒေသတွင်း ဝမ်းစာဖူလုံ စေရန် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တောင်သာမြို့နယ်၌ နွေစပါးစီမံကိန်း (၇၀၀)လျာထားဧကအနက် စိုက်ပျိုးပြီးဧက (၃၈)စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများ ဆက်လက် စိုက်ပျိုးနေ ကြောင်း  မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်း များအရသိရှိရသည်။ စီမံကိန်းလျာထားချက်နှင့်အညီ ရာနှုန်းပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြောင်း သိရှိရသည်။ အောင်နိုင်တိုးမျိုးနှင့် မနောသုခစပါးမျိုးများကိုသာ စိုက်ပျိုးကြောင်း၊ နွေစပါးများကို ကန်သာယာရွာ၊ သံဘိုရွာ၊ အင်းတဲရွာ၊ သပွတ်ပင်ရွာ၊ ရဘဲရွာနှင့် ကြာပို့ ကျေးရွာများတွင် ‌ဒေသ တွင်းစားသုံးရန်သာ စိုက်ပျိုးထားကြောင်း၊ ယခင်နှစ်နွေစပါး အထွက်နှုန်း အနေဖြင့် (၈၉) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊  ယခင်နှစ် မနောသုခစပါးထွက်ပေါ်ချိန်၌ တစ်တင်း ခွဲတစ်အိတ်လျှင် (၂၈၀၀၀) ကျပ် ခန့်ပေါက်ဈေးများဖြင့် ဒေသအတွင်း၌သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဒေသတွင်း၌သာကြိတ်ခွဲ၍ စားသုံးကြကြောင်း၊ ယခင်နှစ်ထွက်ပေါ်သော မနောသုခဆန် တစ်အိတ်လျှင်(၆၅၀၀၀)ကျပ် ခန့်ရှိကြောင်း၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် ရာသီဥတုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက် နှုန်းကောင်းနိုင်ကြောင်း နွေစပါးစိုက်တောင်သူ တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏ထောပတ်ပဲ(မိုး)စိုက်ပျိုးထားရှိမှုနှင့်အကျိုးအမြတ်

     နွားထိုးကြီးမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း နှင့် ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိရာ ‌ထောပတ်ပဲ(မိုး)သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ထောပတ်ပဲ(မိုး)ကို ဩဂုတ်လ၊ စက်တင်ဘာလတို့တွင်  စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာ လတို့တွင်  ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၌ နွားထိုးကြီးမြို့နယ်၌ ထောပတ်ပဲ(မိုး)သီးနှံစီမံကိန်း(၁၃၂၆၉)လျာထားဧက၌ ဧကအားလုံးစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက် နှုန်းအနေဖြင့်  (၁၀)တင်းခန့် ထွက်ရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ အများဆုံး စိုက်ပျိုးသောကျေးရွာများမှာ ပြင်စည်ကျေးရွာ၊ မြို့မရွာ၊ ဝက်လူးရွာ၊ ရွာကြီးကျေးရွာ၊ ကနားရွာ၊ လုံးတောရွာနှင့် ကြာပင်အိုင်ကျေးရွာတို့တွင်စိုက် ပျိုးထားကြောင်း၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ  (၄)လခန့် ကြာမြင့်ကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီးမျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ပင်ထောင်မျိုးနှင့်ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲစိုက် ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၂၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၌ ထောပတ်ပဲလတ် တစ်တင်းလျှင်(၇၃၀၀၀)ကျပ်၊ အသေးတစ်တင်းလျှင် (၇၀၀၀၀) ကျပ်ခန့် ပေါက်ဈေးဖြင့် ရောင်းဝယ် လျက်ရှိ‌ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၁၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ ထောပတ်ပဲ သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ထိုပွဲရုံများ မှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့ များသို့တင်ပို့ ရောင်းချလျက် ရှိကြောင်း၊  ဈေးကွက်၌ဝယ်လို အားကောင်းပြီး စိုက်ပျိုးစရိတ်သက်သာ၍ တောင်သူများအကျိုးအမြတ်ရရှိကြောင်း ရွာကြီးကျေးရွာရှိ ထောပတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း