Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၏ နာနတ်သီးဈေးနှုန်းအခြေအနေ

       ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီးများလှိုင်လှိုင်ပေါသော ရာသီဖြစ်ပြီး  ရှမ်းပြည်(မြောက်ပိုင်း)ဒေသဖြစ်သည့် ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့မှ အများဆုံးထွက်ရှိကြောင်း သိရှိရသည်။ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို မြန်မာပြည်အနှံ့အပြား သို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပြီး ပခုက္ကူဈေးကွက်သို့ သီပေါနှင့် ကျောက်မဲမြို့တို့မှ နာနတ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

      ပခုက္ကူမြို့၏အနောက်ဘက် ပန်းခြံဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် သစ်သီးဆိုင်များတွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဈေးနှုန်းအနေဖြင့် နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၂၅၀၀)၊ အသေးတစ်လုံးလျှင် ကျပ်(၂၀၀၀)ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသော နာနတ်သီးများကို လက်လီရောင်းချနေသော ဈေးသည်များကလည်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          နာနတ်သီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေသည့်အပြင် သွေးအတွင်း မကောင်းသော အဆီဓာတ်များကိုပါ လျော့ချနိုင်သောကြောင့် သွေးတိုးရောဂါဖြစ်ပွားခြင်းများကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကို အထောက် အကူဖြစ်စေသော ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အပြင် ဖျော်ရည်ပြုလုပ်ရာတွင် လည်းကောင်း၊ လတ်ဆတ်စွာစားသုံးရသောကြောင့် ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်မှ သိရှိရသည်။

          စားသုံးသူများအနေဖြင့် နာနက်သီးဝယ်ယူရာတွင် အရောင်လှပ၍ သဘာဝအနံ့ရှိပြီး ပုတ်သိုးခြင်း၊ မှိုတက်ခြင်းနှင့် ထိခိုက်ပျက်စီးမှုမရှိသော အသီးများကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ မစားသုံးမီ သေချာဆေးကြောသန့်စင်ပြီး သန့်ရှင်းလတ်ဆတ်သော အသီးများကိုသာ စားသုံးသင့်ကြောင်းနှင့် ဈေးနှုန်းများသည်လည်း သယ်ယူစရိတ်ပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြည်ပပို့ကုန်နှင့် ပြည်တွင်းစားသုံးမှုအားကောင်းသော ကုလားပဲများ ဈေးကောင်းရနေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သို့  ပခုက္ကူမြို့နယ်အတွင်းရှိ ကုလားပဲ အဓိက စိုက်ပျိုးထုတ်လုပ်သည့် ကျွန်းရွာများဖြစ်သော ပခုက္ကူကျွန်း၊ ကျွန်းဦး၊ ကျွန်းညို၊ မြင်းကျွန်း၊ ကုက္ကိုလှ၊ သင်္ဘောကုန်း၊ ဘောလုံးခုံကျေးရွာများမှ  အဓိက ဝင်ရောက်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ် အပြင်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လျှင် အနီးပတ်ဝန်းကျင်ရှိ  မြိုင်မြို့နယ်နှင့် ရေစကြိုကျွန်း ဒေသများမှလည်း လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ပခုက္ကူကုန်စည်ဒိုင်တွင် ဝင်ရောက်သော အဓိကကုလားပဲအမျိုးအစားများမှာ ကုလားပဲဝါ (929) ကုလားပဲ (HL) နှင့် ကုလားပဲဖြူ (V6)တို့ ဖြစ်ကြသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်) တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းမှာ ကုလားပဲ 929  တစ်တင်းလျှင် ကျပ် (၇၅၅၀၀) ကုလားပဲ HL တစ်တင်းလျှင် ကျပ်(၇၃၀၀၀) ကုလားပဲ (V6) တစ်တင်းလျှင် ကျပ်(၇၀၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကျပ်(၂၅၀၀)ဈေးမြင့်တက်လာ ကြောင်း သိရှိရပါသည်။

          ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကုလားပဲသည် ပြည်တွင်း၌ အခြေခံစားသောက်ကုန် (ပဲမှုန့်၊ ပဲကြော်၊ မုန့်ဟင်းခါးချက်ခြင်း)နှင့် မုန့်ပဲသရေစာလုပ်ငန်းများတွင် အဓိကအသုံးပြုရသဖြင့် ပြည်တွင်းစားသုံးမှုနှင့် လုပ်ငန်းသုံးဝယ်လိုအား နေ့စဉ်ပုံမှန် ဝယ်လိုအားရှိခြင်း၊ ပြည်ပပို့ကုန် (အိန္ဒိယ) ပဲလိုအပ်ချက်ကြောင့် ပို့ကုန်ဈေးကွက်အားကောင်းနေခြင်း၊  ယခုကာလသည် ကုလားပဲ အသစ်ပေါ်ချိန် (ဖေဖော်ဝါရီ/မတ်လ)မဟုတ်ဘဲ သိုလှောင်ထားသည့် ပဲဟောင်းများသာ ကုန်စည်ဒိုင် သို့ ဝင်ရောက်သဖြင့် လှောင်လက်များနှင့် ကုန်သည်များလက်ထဲတွင် ပဲလက်ကျန်နည်းပါး လာခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်။ ဈေးကွက်အလားအလာအနေဖြင့် လာမည့်လများအထိ ပြည်တွင်းစားသုံးမှုအပြင် ပို့ကုန်ဝယ်လိုအား ဆက်ရှိနေဦးမည်ဖြစ်သဖြင့် ကုလားပဲ ဈေးနှုန်းကျဆင်းရန်ခဲယဉ်းပြီး လက်ရှိဈေးတွင် ခိုင်မာနေနိုင်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် နနွင်းများစိုက်ပျိုးလာ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စားဖိုဆောင်သီးနှံ တစ်မျိုး ဖြစ်သော နနွင်းကို ၂၀၂၃ ခုနှစ်မှ စ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရ သည်။

          နနွင်းသီးနှံသည် ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုး၍ ဖေ‌ဖော်ဝါရီလတွင် ထွက်ပေါ် သည်။ စိုက်ပျိုးမှုအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ အခင်း၊ ခြံစည်းရိုးတွင် ဘောင်ခတ် စိုက်ပျိုးကြသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၅ သိန်းဝန်းကျင်ကုန်ကျမည်ဖြစ်သည်။ တစ်ဧကလျှင် နနွင်းပင် နှစ်ပေခြားဖြင့် နှစ်သောင်းခန့် စိုက်ပျိုးနိုင်မည်ဖြစ်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် နနွင်းအခြောက် ပိဿာချိန်(၇၀၀-၈၀၀) ခန့်ထွက်ရှိကြောင်းနှင့် ရာသီဥတုနှင့် ပိုးမွှားကင်းစင်မှုအပေါ် မူတည်၍  အထွက်နှုန်းကောင်းမွန်ကြောင်း သိရ သည်။

          သီးနှံပေါ်စအချိန်တွင် နနွင်းတက် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၁၀၀၀၀ ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် နနွင်းတက်များကို ကျေးရွာများတွင် အမှုန့်ကြိတ်စက်ဖြင့် ကြိတ်၍ နနွင်းမှုန့် စစ်စစ်ရောင်းချခြင်း၊ မုံရွာမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခြင်းများရှိပါကြောင်း၊  အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၄၀ သိန်းခန့် ရရှိကြောင်း၊ နနွင်းစိုက်ပျိုး ခြင်းသည် နနွင်းတက်များ သာမက နနွင်းဖူးများပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများ ရရှိ၍ အဆင်ပြေ လျက်ရှိပြီး နနွင်းစိုက်ခင်းများလည်း အောင်မြင်ဖြစ် ထွန်းလျက် ရှိကြောင်း  နနွင်းကုန်သည်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သည် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် သီးနှံပုံမှန်ဝင်ငွေရရှိစေရန်အတွက် နွေနှမ်းကို အားထား စိုက်ပျိုးကြရာ ယခုနှစ်တွင် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဆွတ်ခူးရိတ်သိမ်း ချိန်တွင် ဈေးကောင်းရရှိရန် မျှော်မှန်းလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်တွင် နွေနှမ်းကို အများအားဖြင့် ဖေဖော်ဝါရီလလယ်နှင့် မတ်လအတွင်းတွင် စတင်မြေပြုပြင်၍ ကြဲပက်စိုက်ပျိုးကြသည်။ ဆည်ရေသောက်စနစ်ဖြင့်လည်းကောင်း၊ မြေအောက် ရေ (အဝီစိတွင်းရေ) ကို အသုံးပြု၍လည်းကောင်း စိုက်ပျိုးကြပြီး သီးနှံသက်တမ်းမှာ ရက်ပေါင်း ၉၀ မှ ၁၀၀ ဝန်းကျင်ခန့် ကြာမြင့်တတ်သည်။ ယခုနှစ်တွင် စိုက်ပျိုးစရိတ်များဖြစ်သည့် စက်သုံးဆီဈေး၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ၊ လုပ်အားခများ မြင့်တက်လာမှုကြောင့် နွေနှမ်းတစ် ဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၅၀၀၀၀၀ သိန်းကျော် ကုန်ကျကြောင်းသိရသည်။ မျိုးစေ့ဖိုး၊ ထွန်ယက်ခ၊ ရေတင်စရိတ်နှင့် ပေါင်းမြက်ရှင်းလင်းခတို့အပေါ် မူတည်၍ ကုန်ကျစရိတ် ကွာခြားမှု ရှိနိုင်ကြောင်း သိရသည်။

    နွေနှမ်းများကို မေလနှောင်းပိုင်းနှင့် ဇွန်လအတွင်းတွင် စတင်ရိတ်သိမ်းကြသည်။ ရာသီဥတု အခြေအနေနှင့် စနစ်တကျ ပြုစုပျိုးထောင်နိုင်မှုအပေါ် မူတည်၍ ပျမ်းမျှအထွက်နှုန်း တစ်ဧကလျှင် ၁၂ တင်းမှ တင်း ၂၀ အထိ ထွက်ရှိလေ့ရှိသည်။ လက်ရှိကာလတွင် ဆီထွက်သီးနှံဈေးကွက်မှာ နှမ်းတစ်တင်းလျှင် ကာလပေါက်ဈေး ၁၂၀၀၀၀ ကျပ်ရရှိပြီး  တစ်ဧကလျှင် (၁၄)သိန်းကျော်ရရှိ၍  အကျိုးအမြတ်အနေဖြင့်  (၁၀)သိန်းဝန်းကျင်ခန့် ရရှိကြောင်း၊ ဈေးနှုန်းအတက်အကျနှင့် အထွက်နှုန်း ပေါ်မူတည်၍ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သရက်မြို့ နယ်ရှိကျေးရွာများမှ ထွက်ရှိသော ခြံထွက် ရခိုင်ငှက်ပျောသီး ဈေးနှုန်းဈေးကွက်အခြေအနေ

           မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ကျောက်အိုင်၊ ရွာသစ်ကျေးရွာများမှ ထွက်ရှိသော ရခိုင်ငှက်ပျောသီးများ သရက်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးနှင့် ငှက်ပျောသီး ဈေးဆိုင်များသို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

        ရခိုင်ငှက်ပျောပင်များကို (.၂၅) ဧက ပေါ်တွင် နွေရာသီတွင် စုစုပေါင်းငှက်ပျောပင်(၂၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ကြီးမျိုးဖြစ်၍ တစ်ပင်နှင့် တစ်ပင် (၁၂ ပေ မှ၁၅ ပေ)အကွာ စိုက်ပျိုးထားရှိကြောင်း၊ရခိုင်ငှက်ပျောပျိုးပင်များ ဝယ်ယူစရိတ်၊ စိုက်ပျိုးခ၊ ပေါင်းသင်ရှင်းလင်း စိုက်ပျိုးခနှင့် သဘာဝမြေဩဇာမြေဆွေး(နွားချေး)တို့ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်ကျပ် ()သိန်းခန့် ကုန်ကျကြောင်း၊ ယခုမိုးလယ်တွင်ရခိုင်ငှက်ပျောခိုင်များ ထွက်ရှိလျက်ရှိကြောင်း၊ နွေတွင်ရေပေးမှ အဆင်ပြေပြီး ထွက်အားနည်းကြောင်း၊ ယခုအချိန်တွင်ငှက်ပျောခိုင်များ တစ်ပတ် (သို့မဟုတ်) (၁၀) ရက်ခန့် အကြာတွင် အခိုင်(၂၀ မှ ၃၀)ထွက်ရှိပြီး သရက်မြို့ပေါ်ရှိငှက်ပျော လက်လီလက်ကားဆိုင်များသို့ တင်သွင်းရကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင်ရခိုင် ငှက်ပျောခိုင် (ဂျွန်) တစ်ခိုင်လျှင် ကျပ်(၁၂၀၀၀-၁၅၀၀၀)ဖြင့် ရောင်းချရကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ငှက်ပျောစိုက်တောင်သူများမှာလည်း အပတ်စဉ်ဝင်ငွေရ၍ ရောင်းချသူငှက်ပျောသီး လက်ကားဈေးသယ်မှာလည်း ယခုအချိန်တွင်ဈေးနှုန်းသင့်၍ ကျန်းမာရေးနှင့် ညီညွတ်သော ရခိုင်ငှက်ပျောသီးများ နေ့စဉ်ရောင်းချရပါကြောင်း ငှက်ပျောသီး(လက်လီ) ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့နယ်တွင် ‌ ရောင်းချနေသော ကွမ်း ဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက် ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

          ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေးငွေကျပ် ၅၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူကာ တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧက အကျယ်ရှိကွမ်းခြံ၌ကွမ်း အညွန့် ၁၀၀၀-၁၁၀၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကွမ်းကိုစိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊မြေအနေအထားနှင့်   ကွမ်းမျိုးကောင်းမျိုးသန့်အပေါ်မူတည်၍  ၃ နှစ်မှ ၅နှ စ်အထိခူးဆွတ်ရရှိနိုင်ကြောင်း၊  စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧကလျှင် ငွေကျပ် ၇၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်ကွမ်းရွက်ကို ၁၀ ရက် ခြားတစ်ကြိမ်ခူး ဆွတ်ရပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၂၀-၂၅ ပိဿာခန့်ထွက်ရှိ၍ တစ်လလျှင်ပိဿာချိန် ၅၀ - ၅၅ ခန့်  ထွက်ရှိရာကွမ်းပင်များ ဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်  ဇူလိုင်လ ဒုတိယအပတ်တွင် လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၅၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဇွန်လ စတုတ္ထအပတ်နှင့် နှိုင်းယှဉ်လျှင် (၁၅၀၀) ကျပ် ဈေးနှုန်းကျဆင်းကြောင်း၊ တစ်လဝင်ငွေ ကျပ် (၁၀၀၀၀၀) ရရှိပါကြောင်း၊ မိုးရာသီရောက်ရှိလာ၍ ကွမ်းရွက်အထွက်နှုန်းများလာကြောင်း၊ ကွမ်းဈေးအတက်အကျပေါ်မူတည် ၍ အပတ်စဉ်၊ လစဉ်ဝင်ငွေရရှိပြီး မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကွမ်းစိုက် တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အလားအလာကောင်းသော ပြည်ပပို့ကုန်  ပဲစင်းငုံ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကုခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သည် မကွေးတိုင်းဒေသကြီးအတွင်း၌ စီးပွားရေးအချက်အချာကျသော ကုန်သွယ်မှု ဗဟိုဌာနတစ်ခုဖြစ်ပါသည်။ ကုန်စည်ဒိုင်သို့ လာရောက်ရောင်းချသည့် ဒေသများမှာ ပခုက္ကူ၊ မြိုင်၊ ပေါက်(ရေပြာ၊ ကမ္မ)၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များရှိ ကျေးရွာများ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ  ကုန်သည်များနှင့် တောင်သူများ နေ့စဉ် စုဝေးရာနေရာဒေသဖြစ်ပြီး   ဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့် ကြက်သွန်နီများ လာရောက်ရောင်းဝယ်ဖောက်ကားကြပါသည်။ နယ်မြေအခြေအနေပေါ်တွင် မူတည်၍ မုံရွာခရိုင်အစပ်ရှိကျေးရွာများနှင့် ယောဒေသထွက်ကုန် နှမ်းမျိုးစုံနှင့် တောင်ယာသီးနှံများ လည်း လာရောက်ရောင်းချကြောင်း သိရပါသည်။

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ ပဲစင်းငုံနီ ဈေးနှုန်းမှာ တစ်တင်း (၂၀ ပိဿာ)လျှင် ကျပ်(၉၉၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခုရက်ပိုင်းအတွင်း ဈေးတက် လာသောအခြေအနေဖြစ်ပါသည်။ ယနေ့ ဈေးကွက်အခြေအနေကို ယခင်တစ်ပတ်နှင့်ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့် ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။

         ဈေးကွက်သုံးသပ်ချက်အနေဖြင့် ပဲစင်းငုံသီးနှံသည် အိန္ဒိယနိုင်ငံသို့ အဓိကထားပြီး တင်ပို့ သော သီးနှံဖြစ်သောကြောင့် လက်ရှိအချိန်သည် အိန္ဒိယဘက်က ပဲစိုက်ပျိုးမှုနှင့် ရာသီဥတုမမှန်ခြင်းတို့ ကြောင့် ပဲပြတ်လပ်မှုဖြစ်ကာ ဝယ်လိုအားရှိနေခြင်း၊ ပြည်တွင်း၌ လှောင်ပဲလက်ကျန်သာရှိ၍ တောင်သူများနှင့် နယ်ကုန်သည်များက ဈေးလျှော့မရောင်းဘဲ ထိန်းထားခြင်းကြောင့် ဈေးကွက် အတွင်း အဝင်နည်းကာ ဈေးနှုန်းခိုင်မာနေပါသည်။

ရှေ့ဆက်ဖြစ်ပေါ်နိုင်သည့်ဈေးကွက် အလားအလာမှာ ဇူလိုင်လ (တတိယပတ်)မတိုင်မီအထိ ပဲစင်းငုံဈေးနှုန်းသည် လက်ရှိအတိုင်း ခိုင်မာတည်ငြိမ်နေမည့်အပြင် အနည်းငယ် ဈေးနှုန်းမြင့်တက် လာနိုင်ချေ ရှိပါသည်။ မြန်မာ့ပဲစင်းငုံသည် ပြည်ပဝယ်လိုအားနှင့် ဈေးကွက် အခွင့်အလမ်းကောင်းများ ဆက်လက်အားကောင်းနိုင်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ခေတ်ပြိုင်စားသုံးမှုနှင့်အတူ တစ်နိုင်တစ်ပိုင်ဝင်ငွေတိုးစေသည့် နေကြာပင်ပေါက် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

         လက်ရှိကာလတွင် စားသုံးသူမိဘပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော အော်ဂဲနစ် (Organic) စားသောက်ကုန်များကို ပိုမိုရွေးချယ်သုံးစွဲလာကြရာ ဈေးကွက်အတွင်း ()ရက်လျှင် တစ်ကြိမ်ငွေဖော်နိုင်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးစီးပွားလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်သည့် နေကြာ ပင်ပေါက်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများမှာ အလားအလာကောင်းမွန်သော MSME လုပ်ငန်းတစ်ခုအဖြစ် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

          လက်တွေ့စိုက်ပျိုးထုတ်လုပ်သူများ၏ ပြောကြားချက်အရ နေကြာပင်ပေါက် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရန်အတွက် မျိုးစေ့ရွေးချယ်မှုနှင့် ရေလောင်းစနစ်မှာ အဓိကသော့ချက်ဖြစ်သည်။ ပေါက်နှုန်းကောင်းမွန်ပြီး ပိုးသတ်ဆေးနှင့် ကြာရှည်ခံဆေးများ သုံးစွဲမထားသော နေကြာမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးရသည်။ ဈေးကွက်အတွင်း လှော်စားသည့် လက်ကြားနေကြာစေ့များ (သို့) ဆီထုတ် သည့်နေကြာစေ့များကို အသုံးပြု၍စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် မြေကြီး (သို့) အုန်းဆံမှုန့်ကို မြေခံအဖြစ်အသုံးပြုကြသည်။

      နေကြာပင်ပေါက်လုပ်ငန်းသည် သက်တမ်းအားဖြင့် ()ရက်လျှင်တစ်ကြိမ် ငွေဖော်နိုင်သော် လည်း လက်တွေ့တွင် ရင်းနှီးမြုပ်နှံမှုကန့်သတ်ချက်များရှိသည်။

         စိုက်ပျိုးပြီးထွက်ရှိလာသော မြေဟောင်းများကို ချက်ချင်းပြန်လည် အသုံးပြု၍မရဘဲ မြေဆွေးအဖြစ် ပြန်လည်ပြုပြင်ရန်အတွက် ()လခန့်အချိန်ယူရသဖြင့် အခြေခံမြေပြင်ဆင်မှုစရိတ်နှင့် နေရာ စရိတ်များလိုအပ်ကြောင်း သိရသည်။

          စိုက်ပျိုးစဉ်အတွင်း ရာသီဥတုကြောင့်မှိုလိုက်သွားခြင်း၊ မျိုးစေ့တစ် ဗန်းလုံး ပျက်ဆီးသွားခြင်းမျိုး ကြုံတွေ့ရတတ်သကဲ့သို့ ခူးဆွတ်ပြီးပါကလည်း ရက်ရှည်ကြာကြာထားရှိ၍မရဘဲ အရောင်းမသွက်ပါက အရှုံးပွားနိုင်ချေရှိသဖြင့် တစ်ပိုင်တစ်နိုင်ထုတ်လုပ်သူများသည် ဈေးကွက်အခြေအနေကိုကြည့်၍ပမာဏ အနည်းငယ်စီသာ စိုက်ပျိုးလေ့ရှိကြကြောင်း သိရသည်။

         လက်ရှိတွင် နေကြာပင်ပေါက်စားသုံးမှုသည် တဖြည်းဖြည်းချဲ့ထွင် နေရဆဲအဆင့်တွင်သာရှိသေးသော်လည်း ကျန်းမာရေးလိုက်စားသူများအကြားတွင် ဈေးကွက်ရရှိမှု ပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။

       လုပ်ငန်းတစ်ခုလုံး၏အလုပ်သမားစရိတ်နှင့် ပစ္စည်းစရိတ်များ အားလုံးနှုတ်ပယ်ပြီးပါကလုပ်ငန်း ပမာဏပေါ် မူတည်၍ ပျမ်းမျှ (၁၀%) မှ (၁၅%) ဝန်းကျင်အထိ (သို့) စိုက်ပျိုးထွက်ရှိသမျှအားလုံး ရောင်းချရပါက (၂၀%)ဝန်းကျင်အထိ အသားတင်အမြတ်ငွေကျန်ရှိနိုင် ကြောင်းသိရသည်။

       ဈေးကွက်အတွင်း တင်ပို့ရောင်းချရာတွင် ကုန်ချောများကို (၁၀၀)ဂရမ်ဘူး (သို့) (၁၅၀)ဂရမ်ဘူး များဖြင့် စနစ်တကျထုပ်ပိုးရောင်းချကြသည်။ အရည်အသွေးအလိုက် ၁၀၀ဂရမ် တစ်ဘူးလျှင် (၃၅၀၀) ကျပ်ဝန်းကျင်နှင့် (၁၅၀)ဂရမ်တစ်ဘူးလျှင် (၅၅၀၀)ကျပ်ဝန်းကျင် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          အနှစ်ချုပ်အားဖြင့် နေကြာပင်ပေါက် စိုက်ပျိုးခြင်း လုပ်ငန်းသည် သက်တမ်းတိုတိုအတွင်းငွေဖော်နိုင်သည့် အားသာချက်ရှိသော်လည်း စနစ်တကျစိုက်ပျိုးနည်းစနစ်နှင့် သိုလှောင်ရောင်းချမှု အပိုင်းတွင် ဂရုစိုက်ရသည့်လုပ်ငန်းဖြစ်သည်။ နောက်ပိုင်းတွင် စာသုံးသူဈေးကွက်ပိုမိုကျယ်ပြန့် လာသည်နှင့်အမျှ တန်ဖိုးမြှင့်အိမ်တွင်း အသေးစားစိုက်ပျိုးစီးပွားလုပ်ငန်းတစ်ခုအဖြစ် ပိုမိုအဆင်ပြေလည်ပတ်လာနိုင်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

နွားထိုးကြီးဈေးကွက်၌ အစေ့ထုတ်ပြောင်းဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း

           မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် လျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံများကို အုပ်သျှစ်ကုန်းရွာ၊ ပြရာချောင်းရွာ၊ အင်ချောင်းရွာ၊ သရက်ကန်ရွာနှင့် သပြေသာရွာတို့တွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော အထွက်နှုန်း ကောင်းမွန်သည့် စီပီ(808)နှင့် (888)မျိုးများကို စိုက်ပျိုးထားကြောင်း သိရသည်။ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်အနေဖြင့် အစေ့ထုတ်ပြောင်း စိုက်ဧက (၁၀၃၈)ဧက စိုက်ပျိုးထား ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများ အရသိရှိရသည်။

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း အရည်အသွေးကောင်းသော အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် (၁၅၀၀-၁၆၀၀) ကျပ်ခန့်၊ အရည်အသွေးညံ့သော အစေ့ထုတ်ပြောင်း တစ်ပိဿာ လျှင် (၁၄၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အရည်အသွေးအမျိုးအစားကိုလိုက်၍ အစေ့ထုတ်ပြောင်း  တစ်ပိဿာလျှင် (၁၅၀-၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ အရောင်းအဝယ် ဖြစ်မှုအနေ ဖြင့် တစ်ပတ်လျှင် (၂၀၀- ၃၀၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း၊  တင်ပို့မှုအနေဖြင့် ပခုက္ကူမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ ရောင်းချကြောင်း၊ ဒေသတွင်းကုန်လက်ကျန်နည်းလာပြီ ဖြစ်သောကြောင့်  အစေ့ထုတ်ပြောင်း ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း၊  အစေ့ထုတ်ပြောင်းများကို ပြည်တွင်း၌ မွေးမြူရေးလုပ်ငန်းများတွင် ကုန်ကြမ်းတိရိစ္ဆာန် အစာအဖြစ်အသုံးပြုကြသလို အပင်များကိုကျွဲ၊ နွားအစာအဖြစ်လည်းကောင်း၊ အစားသောက် ကုန်ကြမ်းအဖြစ် ဝယ်ယူမှုများ၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။ 

DOCa(မန္တလေး)

ညောင်ဦးမြို့နယ်တွင် မိုးနှမ်းများစတင်ထွက်ပေါ်

               မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းကို ညောင်ဦးမြို့နယ်အနေဖြင့်(၁၈၁၃၇)ဧက စိုက်ပျိုးရန်လျာထားရာတွင်(၁၆၃၃)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာန၏ စာရင်း များအရ သိရသည်။

          မိုးနှမ်းကို ဧပြီလတွင်စိုက်ပျိုးကြပြီး ယခုဇူလိုင်လတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ ဒေသအနေဖြင့်စိုက်ပျိုးသည့်နှမ်းမျိုးများအနေဖြင့် ဆင်းရတနာ-၃၊ မယ်သီလနှင့်နှမ်းနီ ၂၅/၁၆၀ မျိုးများစိုက်ပျိုးကြပြီး တစ်ဧကလျှင်မျိုးစေ့(၂)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင်တစ်ဧကလျှင် စုစုပေါင်းငွေကျပ်(၄၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကပျမ်းမျှအထွက် နှုန်းအနေ ဖြင့်(၅)တင်း(၆)တင်းခန့်ထွက်ရှိကြေင်း၊ ယခင်နှစ်နှမ်းထွက်ပေါ်ချိန်ဈေးနှုန်းများအနေဖြင့် နှမ်းညိုတစ်တင်းလျှင်(၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၁၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၈၀၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်း များမှာ နှမ်းညိုတစ်တင်းလျှင်(၁၁၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၁၈၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင်(၁၅၈၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်အနေဖြင့် တောင်သူများက ညောင်ဦးမြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးနှင့်ရန်ကုန်များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း