Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာမြို့ရှိ ပဲစင်းငုံဈေးကွက်

     မိတ္ထီလာမြို့ရှိ သီးနှံပွဲရုံများတွင် အရောင်းအဝယ်သွက်သော ပဲစင်းငုံသီးနှံမှာ ဖေဖော်ဝါရီလဆန်းတွင် ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာကြောင်းသိရသည်။ ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ ဈေးကွက်ဝင်ရောက်လာသော ပဲစင်းငုံသီးနှံပေါ်စက တစ်တင်းလျင် (၈၈၀၀၀/)ကျပ်ဝန်းကျင် ဈေးရှိ ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလတွင် ဈေးကွက်အဝင်လှိုင်လာရာ တစ်တင်းလျင်(၉၂၀၀၀/)ကျပ် မှ စ၍ တဖြေး ဖြေးမြင့်တက်လာရာ လကုန်ပိုင်းတွင် (၁၀၃၀၀၀/)ကျပ်ထိဈေးမြင့်လာခြင်းကြောင့် တောင်သူများ စိတ်ကျေနပ်မှုရခဲ့သော်လည်း ဖေဖော်ဝါရီလဆန်းတွင် (၉၈၀၀၀/)ကျပ်သို့ ပြန်လည် ကျဆင်းသွားကြောင်း သိရသည်။သို့သော်လည်း သီးနှံပေါ်စနှင့် နှိုင်းယှဉ်လျင် ဈေးကောင်းနေဆဲ ဖြစ်ပြီး ဈေးကွက်အဝင်များ ကြောင်းသီးနှံပွဲရုံများမှသိရသည်။ မိတ္ထီလာမြို့ရှိ သီးနှံပွဲရုံများသို့ ကျေးရွာများရှိ ပဲစင်းငုံစိုက်တောင်သူများက ကိုယ်တိုင်လာရောက်ရောင်းချမှုများပြီး မိတ္ထီလာ ဈေးကွက်မှ ရန်ကုန်သို့ တင်ပို့ကြောင်းသိရ သည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်း

          မိတ္ထီလာမြို့ကြက်သွန်နီဈေးကွက်တွင် ဇန်နဝါရီလကုန်ပိုင်းမှစ၍ ကြက်သွန်နီလက်ကားဈေး ပြန်လည်ကျဆင်းကြောင်းသိရသည်။ ယခင်နှစ် ကြက်သွန်နီလက်ကျန်မရှိသလောက်နည်းလာခြင်း၊ ပြည်တွင်းဝယ်လက်ပုံမှန်ရှိသည့်အပြင် ပြည်ပဝယ်လိုအားရှိလာခြင်းတို့ကြောင့် ဒီဇင်ဘာလမှစ၍ ဈေးကောင်းလာခြင်းဖြစ်ကြောင်းသိရသည်။ ဇန်နဝါရီလကုန်ပိုင်းတွင် ဒေသစုံမှ မိုးကြက်သွန်နီ အသစ်များ ထွက်ရှိမှုလှိုင်ကာ ရန်ကုန်ဈေးကွက်သို့  အဝင်များခြင်းကြောင့်ဈေးအနည်းငယ် ပြန်အေးလာပါသည်။ ဇန်နဝါရီလလယ်တွင် တစ်ပိဿာလက်ကားဈေး (၂၈၀၀-၂၉၀၀)ကျပ် ၊ ဇန်နဝါရီလ တတိယပတ်၌ (၁၆၀၀-၂၁၀၀)ကျပ်သို့ ကျဆင်းလာကာ ယခုဖေဖော်ဝါရီလဆန်းတွင် (၁၅၀၀/)ကျပ် သို့ထပ်မံကျဆင်း ကြောင်းသိရသည်။ ဒေသစုံမှ ရန်ကုန်ဈေးကွက်သို့ အဝင်လှိုင်သည့်အပြင် တရုတ်နှစ်ကူးကာလနီးလာသည့်အတွက် တင်ပို့မှုနည်းလာကြောင်း ကြက်သွန်နီကုန်သည်များထံမှသိ ရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့ရှိ ထောပတ်ပဲဈေးကွက်

      မိတ္ထီလာဈေးကွက်ရှိ သီးနှံစုံပွဲရုံများ၌ ထောပတ်ပဲများအရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ မလှိုင်အတွင်း စိုက်ပျိုးသော ပဲအမျိုးအစားများတွင် ပဲစင်းငုံပြီးလျှင် ထောပတ်ပဲကို အဓိကထား စိုက် ပျိုးကြပါသည်။ ထောပတ်ပဲမှာ ပဲစိမ်းအနေဖြင့် ဈေးကွက်၌ ဝယ်လိုအားကောင်းသည့်အပြင် ပဲခြောက် အနေဖြင့်လည့် ရောင်းချနိုင်ရာ ယခုနှစ်တွင် တော်သူမျှော်မှန်းသလောက်ဈေးကောင်းမရဘဲ တစ်တင်းလျှင် (၇၀၀၀၀-၇၃၀၀၀) ကျပ်ဈေးဖြင့် ရောင်းချရကြောင်းသိရသည်။ ဒေသတွင်း ထောပတ် ပဲစိုက်တောင်သူများအနေဖြင့် ဒေသတွင်းစိုက်ပျိုးသီးနှံဖြစ်သည့်အပြင် ပဲအစိုအနေဖြင့်လည်း စားသုံး ရောင်းချနိုင်ခြင်းကြောင့် နှစ်စဉ်စိုက်ပျိုးကြကြောင်းသိရသည်။

DOCA(မန္တလေး)

ကြက်သွန်နီ(မိုး)ရိတ်သိမ်းမှုနှင့်အကျိုးအမြတ်ရရှိမှု

      နွားထိုးကြီးမြို့နယ်တွင် မိုးကြက်သွန်နီကို ဘုံသာရွာ၊ ကျွန်းဒေါင့်ရွာ၊ လျော်ဖြူရွာ၊ မျက်ရှု့ရွာ နှင့် ရွာသာအေးရွာတို့တွင် စိုက်ပျိုးထားကြောင်း၊ မိုးစိုက်ကို ဩဂုတ်လနှင့် စက်တင်ဘာလ တို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ကြက်သွန်နီ(မိုး)စိုက်ပျိုးထားရှိမှုမှာ (၁၃၉၇)ဧက စိုက်ပျိုး ထားရှိပြီး၊ ယခင်နှစ်စိုက်ဧကထက် ယခုနှစ်တွင် (၉၀၀) ဧကခန့်ပိုမိုစိုက်ပျိုးထားကြောင်း၊ အစိုဓာတ်ရှိသော မြေအမျိုးအစားတွင် စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပျိုးပင်သက် (၄၅-၅၀)ရက်သားတွင် စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးကြောင်း၊ ပင်ကြား၊ တန်းကြား(၃လက်မ) အကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၀)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ကြက်သွန်နီ(မိုး) တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၉၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန်တွင် ကြက်သွန်နီမိုး တစ်ပိဿာလျှင်(၁၂၀၀-၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ ကြက်သွန်နီ(မိုး)သည်  ကြက်သွန်နီ (ဆောင်း) သီးနှံကုန်ဆုံးချိန်တွင် သုံးစွဲရန်အတွက် အစားထိုးစိုက်ပျိုးသော သီးနှံဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်  ဖေဖော်ဝါရီလတွင် ကြက်သွန်နီမိုးတစ်ပိဿာလျှင် (၁၅၀၀-၂၀၀၀)ကျပ် ခန့်ပေါက်ဈေးများရှိကြောင်း၊ ‌တောင်သူအကျိုးအမြတ်အနေဖြင့် (အထွေထွေကုန်ကျစရိတ်များနုတ်ပြီး) (၉၀၀၀၀၀) ကျပ်ခန့်အ ကျိုး အမြတ် ရရှိကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိရောင်းချနေသောကြံဈေးနှုန်းနှင့် ကြံရည်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များတွင် ရေလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ ဒေသ တွင်း စိုက်ပျိုးရေးလုပ်ငန်းမှ နွေရာသီတွင် ရောင်းအားကောင်းသော ကြံသည် ယခု မိုးရာသီတွင် ပိုမိုစိုက်ပျိုးကြကြောင်းလည်း တွေ့ရှိရပါသည်။ ကြံများကို တနင်္သာရီမြို့၊ ပုလောနှင့် ကဘင်းရွာ များတွင် အများဆုံးထွက်ရှိကြကြောင်း ကြံများသည် ရာသီမရွေးထွက်ပေါ်သော်လည်း အောက်တို ဘာလများတွင် ပိုမိုထွက်ရှိကြောင်း စျေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။

    ယခု၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလတတိယပတ်များတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော အထွက်များသောရာသီတွင် ကြံဈေးနှုန်းမှာ (၁၀)ချောင်းတစ်စည်းလျှင်(၁၃၀၀၀)ကျပ်ရှိပြီး ထွက်ရှိ နည်းသောကာလတွင် (၁၀)ချောင်းတစ်စည်းလျှင် (၁၅၀၀၀)ကျပ်ရှိကြောင်း ကြံများရောင်းချသူများ ထံမှ သိရှိရပါသည်။ မြိတ်မြို့၊ အအေးဆိုင်များနှင့်လမ်းဘေးကြံရည်ဆိုင်များတွင် ကြံရည်များကို တစ်ခွက်လျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြင်းခြံမြို့၊အေးမြသီတာဈေးရှိအခြေခံစားကုန်ဈေးနှုန်းများ

    မြင်းခြံမြို့နယ်အတွင်းရှိ အေးမြသီတာဈေး၌ စားသောက်ကုန်အမျိုးမျိုး၊ လူအသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ သစ်သီးဝလံဟင်းသီးဟင်းရွက်နှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၇၅၀၀ - ၇၆၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ ပိဿာလျှင်(၇၁၃၈ -၇၃၇၅) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀- ၁၅၅၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၅၀၀ - ၁၇၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၅၅၀၀ - ၆၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၃၀၀၀-၂၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၂၂၀၀၀-၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၂၀၀၀ - ၁၄၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၂၁၀၀၀ - ၂၂၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၅၀-၄၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ်ပေါက်ဈေး များဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လထက်  ယခုလတွင် ကြက်သွန်ဖြူ၊ ငါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမှာ ဈေးတည်ငြိမ်လျက်ရှိပြီး၊ ပဲဆီသန့်၊ ကြက်သွန်နီ၊ အမဲသားနှင့် ကြက်သားဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့၍ စားအုန်းဆီ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြိတ်ခရိုင်ဒေသထွက် ကွမ်းသီးစျေးနှုန်း ကျဆင်းနေ

    မြိတ်ဒေသတွင် ဒေသထွက်ကုန်ဖြစ်သော ရာဘာ၊ သီဟိုဠ်၊ ဆီအုန်း၊ ကွမ်းသီးများစိုက်ပျိုး လျက်ရှိပြီး ပြည်တွင်းပြည်ပတင်ပို့လျက်ရှိရာ ဒေသထွက်ကွမ်းသီးစျေးနှုန်းများ ကျဆင်းလာကြောင်း သိရှိရပါသည်။ ကွမ်းသီးကို မြိတ်ခရိုင်ရှိ မြို့နယ်များဖြစ်သော ပုလော၊ တနင်္သာရီ၊ ကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်များတွင် အများဆုံးထွက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းတို့အား တင်ပို့ရောင်းချလျက်ရှိသည်။  ၎င်းတို့မှတစ်ဆင့်ဒေသထွက်ကုန်ကွမ်းသီးများကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချကြပြီး ယခုအခါ အထွက်နှုန်းကောင်းမွန်ခြင်း၊ လမ်းပမ်းဆက်သွယ်ရေးအခြေအနေများကြောင့်နှင့် ဝယ်လိုအား လျော့ နည်းလာခြင်းတို့ကြောင့် မြိတ်ဒေသထွက် ကွမ်းသီးများစျေးနှုန်းကျဆင်းလာ‌ကြောင်း သိရှိရပါသည်။ ယခင်နှစ်က ကွမ်းသီးအလုံးတစ်ပိဿာစျေးနှုန်း ၂၀၀၀၀ကျပ်ခန့် ပတ်လည်ဝန်းကျင်ရှိရာမှ ယခု စျေးနှုန်းတစ်ပိဿာ ၁၄၀၀၀ကျပ်ခန့်ထိစျေးကျဆင်းသွားကြောင်း သိရှိရပါသည်။ ယခုလအတွင်း ကွမ်းသီးရောင်းချသူခန့်မှန်းပြောကြားချက်အရ ၁၃၀၀၀ကျပ်ခန့်အထိ စျေးကျဆင်းသွားမည်ဖြစ် ကြောင်းသိရှိရပါသည်။ မြိတ်ဒေသတွင် ကွမ်းသီးအလုံး၊ ခွဲခြမ်း၊ အနု ဟူ၍ ရောင်းချကြရာမှ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကွမ်းသီးအလုံးတစ်ပိဿာစျေးနှုန်းမှာ ၁၄၀၀၀ကျပ်၊ ခွဲခြမ်းတစ်ပိဿာစျေးနှုန်းမှာ ၁၁၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဟင်္သာတ ကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန် မတ်ပဲအသစ်များဈေးကွက်ဝင်ရောက်

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် မိုးစပါးရိတ်သိမ်းပြီးချိန်၌ သီးထပ်အဖြစ် ပဲမျိုးစုံကို စိုက်ပျိုးကြပြီး ပြည်ပပို့ကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံမတ်ပဲကို အများဆုံး စိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သီးထပ်ရာသီတွင် မတ်ပဲစိုက်ဧက ၂၆၀၀၀၀ ကျော် စိုက်ပျိုးခဲ့ပါသည်။၂၀၂၅ ခုနှစ် အောက်တိုဘာလ ပထမ သီတင်းပတ်တွင်စတင် စိုက်ပျိုးသော မတ်ပဲသီးနှံများသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ တတိယသီတင်းပတ်တွင် ဈေးကွက်ဝင်ရောက်လာကာ ဟင်္သာတ ကုန်စည်ဒိုင်တွင် နေ့စဉ် မတ်ပဲအိတ် ၄၀၀၀ မှ ၅၀၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၇.၁.၂၀၂၆ နေ့တွင် မတ်ပဲ တစ်တင်းဈေးနှုန်းမှာ ၉၂၀၀၀ ကျပ် ဈေးပေါက်လျက်ရှိပါသည်။ မတ်ပဲ တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှ (၁၅)တင်းခန့်ထွက်ရှိပြီး တစ်ဧက ကုန်ကျစရိတ်မှာ ၇ သိန်းကျပ် ဝန်းကျင်ရှိသည့်အတွက် မတ်ပဲစိုက်တောင်သူတို့အနေဖြင့် တစ်ဧကလျှင် ၇ သိန်းကျပ်ဝန်းကျင်ခန့် အကျိုးအမြတ် ရရှိလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၂၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၀  ရက်နေ့မှ ၂၆  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၆,၂၅၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

             ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ  ၅.၂.၂၀၂၆ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၁၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ် အိတ်လျှင် ၃၁၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၉၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၅၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၉၁၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ် ပိဿာလျှင် ၉၄၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၉၀၀၀ ကျပ်ခန့်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ် လျှင် ၃၀၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၁၀၀၀၀ ကျပ်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA (ရန်ကုန်)  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း