
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးဒေသတစ်ခုဖြစ်သည့် အလျှောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိကအသက်သွေးကြောဖြစ်သော စပါးသီးနှံ ကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ မတ်လကုန် ဧပြီလဆန်းမှစတင်၍ နွေစပါးများစတင်စိုက်ပျိုးလျက် ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် နွေစပါး စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၅၅၉)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၇၁၈)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၀၁၁၀) ၊ စုစုပေါင်း(၂၄၃၈၇)ဧက စိုက်ပျိုးထားပြီး ယခုအချိန်တွင် နွေစပါးများ စတင်ရိတ်သိမ်း နေပြီဖြစ်ရာ ကျောက်ဆည်မြို့နယ်တွင် (၁၇၆၄)ဧက ရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နွေစပါး စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၈၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးမှာ မနောသုခမျိုးဖြစ်ကြောင်း ၊ အထွက်နှုန်းအနေဖြင့်(၈၅-၉၀)တင်းခန့် ထွက်ရှိကြောင်း ၊
ယခုလက်ရှိ စပါးပေါက်ဈေးအနေဖြင့် ဧရာပဒေသာ(အဟောင်း) တစ်တင်းလျှင် (၃၂၀၀၀ - ၃၅၀၀၀) ကျပ် ၊ မနောသုခ(အဟောင်း)တစ်တင်းလျှင်(၂၃၀၀၀-၂၅၀၀၀)ကျပ်၊ ဧရာပဒေသာ(အဟောင်း)ဆန် တစ်အိတ်လျှင်(၁၄၀၀၀၀-၁၄၅၀၀၀)ကျပ် ၊ မနောသုခ(အဟောင်း)ဆန် တစ်အိတ်လျှင်(၈၀၀၀၀-၈၅၀၀၀)ကျပ်၊မနောသုခနွေစပါး(အသစ်)တစ်တင်းလျှင်(၁၆၀၀၀-၁၇၀၀၀)ကျပ်၊မနောသုခ(အသစ်) ဆန်တစ်အိတ်လျှင်(၆၀၀၀၀-၆၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ဈေးကွက် အနေဖြင့် ပွဲစားများမှ စပါးစိုက်ပျိုးသည့် ကျေးရွာများသို့ တိုက်ရိုက်လာရောက်ဝယ်ယူကြကြောင်း၊ နွေစပါးထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်သောကြောင့် အကျိုး အမြတ်အနေဖြင့်(၅၆၀၀၀၀/-) ကျပ်ခန့်ရရှိကြောင်း နွေစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရသည်။
DOCA(ရှမ်း)
