Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများမှာ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလတတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၄၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၇၇၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

         နိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ဇီးကုန်းမြို့နယ်တွင် ကြောင်လျှာသီး (အနု)နှင့် ကြောင်လျှာသီး (အရင့်)များ အဝယ်လိုက်

             ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ  ကြောင်လျှာသီး သီးနှံဈေးကွက်မှာ ဈေးနှုန်းမြင့်တက်နေကြောင်း ကြောင်လျှာသီးဝယ်ယူရောင်းချနေသူ ထံမှသိရပါသည်။ ကြောင်လျှာသီး ဈေးကွက်အတွင်းတွင် အသီးနုသာမက အသီးရင့်များကိုပါ ဝယ်ယူမှုများရှိကြောင်း သိရပါသည်။

             ဈေးကွက်အတွင်း အသီးနုကိုစားသုံးရန်အတွက် ရောင်းဝယ်နေသလို စားလို့မရတော့တဲ့ ကြောင်လျှာသီးအရင့်များကိုလည်း ကြောင်လျှာသီးအရင့်ကနေ ကြောင်လျှာဆံထုတ်ရန် ဝယ်ယူမှုများရှိပြီး ကြောင်လျှာသီးအရင့်တစ်တောင့်လျှင် ၁၅၀ကျပ်၊ အနုတောင့် တစ်တောင့်လျှင် (၃၀၀ကျပ်မှ၄၀၀ကျပ်)၊ ကြောင်လျှာဆံ နေလှမ်းပြီးသား တစ်ပိဿာလျှင် (၁၅၀၀၀ ကျပ်)နှုန်း ရှိကြောင်းသိရပါသည်။ ကြောင်လျှာသီး အထဲကအဆံကို ယခင်နှစ်က ထိုင်းမှဝယ်ယူမှုရှိပြီး ယခုနှစ် တရုတ်ဘက်မှဝယ်ယူ၍ တိုင်းရင်းဆေးဝါးထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါသည်။ အသီးနုကိုတော့ ဒေသတွင်းနှင့် ရန်ကုန်မြို့ တညင်းကုန်းဈေးသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။  မြန်မာနိုင်ငံတွင် ကြောင်လျှာသီးကို စားစရာဟင်းလျှာအဖြစ်လည်းကောင်း၊ ဆေးဝါးဓာတ်စာအဖြစ်လည်းကောင်း၊ စားသုံးလေ့ရှိပြီး စီးပွားဖြစ်စိုက်ခင်းများအနေဖြင့် စိုက်ပျိုးမှုမရှိသလောက် ရှားပါးပြီး တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးကြ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)            

ဒေသထွက် ကလားဝါးဥ (ခေါ်) ဝါးဥများထွက်ရှိ

              ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့အတွင်းရှိကျေးရွာများတွင်  ကလားဝါးဥ (ခေါ်) ဝါးဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ယခုအချိန် နိုဝင်ဘာလတွင် ဝါးဥရာသီချိန်ဖြစ်၍ ဝါးဥများစတင်ထွက်ရှိနေပြီ ဖြစ်ပြီး မြို့နယ်ဈေးကွက်အတွင်း ဝါးဥတစ်ပိဿာလျှင် ငွေကျပ် (၃၈၀၀)၊ ၂၅ ကျပ်သားလျှင်ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိရာ စားသုံးသူများကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။

             ဝါးဥသည် ပရိုတင်းဓာတ်နှင့် သန်ဓာတ်ကိုလည်း အားဖြည့်ပေးပါသည်။ ဝါးဥကိုစားသုံး ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကိုရရှိစေပါသည်။ ဝါးဥပင်ကိုစိုက်ပျိုးရာတွင် တကူးတက စိုက်ပျိုးစရာမလိုဘဲ ဝါးဥကိုတူးဖော်စဉ်က အပင်တက်ထွက်ရာ ဝါးဥ၏ အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ပါသည်။ မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အပင်အမြင့်မှာ (၃ - ၄) ပေခန့် အမြင့်ရှိပြီး မိုးအကုန်တူးဖော်ရာတွင် တစ်ပင်ကို ဥပွားများ  (၃ - ၄) ဥပြန်လည် ထွက်ရှိပါသည်။

               ဝါးဥသည် အထိအခိုက် အထားခံ၍ သယ်ရလွယ်ကူသောကြောင့် ဒေသမရွေးမှာပင် ဝယ်ယူရရှိနိုင်ပါသည်။ ဓာတုဆေးဝါးလည်း ကင်းလွတ်သော အော်ဂဲနစ်သီးနှံလည်းဖြစ်၍ ရာသီပေါ် ကလားဝါးဥ (ခေါ်) ဝါးဥကို စားသုံးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်၏သံပုရာသီးဈေးကွက်

            လူတို့သည် သံပုရာသီးကို နေ့စဉ်တစ်မျိုးမဟုတ်တစ်မျိုး စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရအသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာသီးကို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တော်တော်များများစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင်ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၅၀-၁၀၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် ၂၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ သံပုရာသီးများကို ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် နယ်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။


              ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် အပိုဝင်ငွေများလည်း ရရှိလာမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

        အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ်၂၀၅၀၀ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်းဈေးနှုန်းများသည် ယခင်အပတ်ထက် ယခုအပတ်တွင် (၁)တင်းလျှင် ငွေကျပ်၂၀၀၀မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ နေကြာသီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

       မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။

        မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ တတိယပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ်၆၁၀၀၀ဖြင့်ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။

        ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့၊ ဇီးကုန်းမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်းများကို ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ငွေကျပ်၉၀၀၀ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်မြို့ရှိ ငှက်ပျောသီးဈေးကွက်

             ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာဒေသများမှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အားစိုက်ပျိုးရာတွင် အချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ဘေးပတ်လည်၊ နောက်ဘေး စသည့်နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် ငှက်ပျောပင် (၂၀-၅၀)ခန့် စိုက်ပျိုးထားကြပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ်စိုက်ပျိုးသည့်ဉယျာဉ်ခြံများတွင် တစ်ဧကစိုက်ပျိုးလျှင် ငှက်ပျောပင်တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ ၁၀ပေခြား၍ စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျောအမျိုးအစားများမှာ ဒေသအခေါ် ရခိုင်ငှက်ပျောသီးနှင့် ဖီးကြမ်းငှက်ပျောသီးများ ဖြစ်ကြပါသည်။ ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိပါသည်။ သစ်ချီတင်ရွာနှင့် ရှမ်းစုရွာများမှ ထွက်ရှိသောငှက်ပျောသီးများကို ပြည်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး၊ မြို့သစ်ဈေး၊ အောင်မင်္ဂလာဈေးတို့တွင်ရောင်းချပြီး ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့နှင့်နေပြည်တော်စသည့် မြို့ကြီးများသို့လည်း တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ နှမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။

         ယခုအခါ နှမ်းများ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများမှာ နိုဝင်ဘာလ တတိယပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၁၀၀၀၀ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၄၀၀၀၀ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

         ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)တစ်တင်းလျှင် ၅၀၀၀ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၃၀၀၀ကျပ်ကျဆင်းလာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                     

ရွှေဘိုမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

          နိုဝင်ဘာလ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၅၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့်  ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 100cc တစ်ဘူးလျှင် (၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဘူးလျှင် (၇၃၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ရောင်းချသည့်ဈေးနှုန်းများမှာလည်း နိုဝင်ဘာလ၊ ပထမအပတ်မှစ၍ ဒုတိယဈေးနှုန်းများမှာ တူညီပြီး ဈေးငြိမ်နေကြောင်း  ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်မြို့၏ ပန်းဂေါ်ဖီစိမ်းဈေးနှုန်းဈေးကွက်

             ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများသည် ပန်းဂေါ်ဖီအဖြူကဲ့သို့ အအေးကြိုက်ကြပါသည်။ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဆောင်းရာသီရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြပါသည်။ အေး၍ခြောက်သွေ့ သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းမှာ အပင်သက်တမ်း(၁၁)လခန့် အထိကြာမြင့်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးသည့်နေရာများမှာ အောင်ဆန်း ပြည်သာယာဘက်ရှိ ဉယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သောနုန်းမြေများတွင် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့်လိုအပ်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မှီမခုတ်ပါက ပန်းပွင့်မှာ အရောင်ပြောင်းသွားသည်ဟုသိရပါသည်။ ပန်းဂေါ်ဖီအစိမ်း တစ်ဧကလျှင် မျိုးအလိုက်ကွာခြားပြီး မျိုးကောင်းလျှင်ကောင်းသလိုတစ်ဧကလျှင် ပျမ်းမျှအပွင့်ရေ ၁၅၀၀-၂၀၀၀ခန့်ထွက် ရှိသည်ဟုသိရပါသည်။

             ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ဈေးကွက်၌ ယခုအချိန်တွင် ဈေးကောင်းရနေပြီး တစ်ပွင့် လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အပွင့်သေးလျှင် (၉၀၀-၁၀၀၀)ကျပ်အထိ ရောင်းချကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသောပန်းဂေါ်ဖီစိမ်းမှာ ဒေသတွင်းသာစားသုံးပြီး နယ်သို့တင်ပို့ရောင်းချခြင်းမရှိဟု သိရှိရပါသည်။ ပန်းဂေါ်ဖီအစိမ်းမှာ ပန်းဂေါ်ဖီအဖြူထက်ဈေးကောင်းပြီး လူကြိုက်များသဖြင့် ပိုမိုတိုးချဲ့စိုက်လျှင် စိုက်ပျိုးသူအဖို့ ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း