Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးစျေးကွက်ရှိ ပဲစာဥပေါက်စျေး

         စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့် ပဲစာဥကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ပဲစာဥမှာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ပဲစာဥ(ပဲစိမ်းတောင့်) လက္ကားစျေး ၇၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊လက်လီ စျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ပဲစာဥအစိမ်းတစ်ပြည်လျှင်လက္ကား စျေး ၁၂၀၀၀ ကျပ်နှင့် ၁၃၀၀၀ ကျပ်၊လက်လီစျေး ၁၄၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်  ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း  ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီးနှင့် ၆ ဘီး)ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ပဲလိပ်ပြာစျေးအနည်းငယ်ကျဆင်း

         စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသထွက် ပဲလိပ်ပြာကုန်စိမ်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ပဲလိပ်ပြာမှာ စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ပဲလိပ်ပြာ (ပဲစိမ်းတောင့်) လက္ကားစျေး ၄၅၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ ပဲလိပ်ပြာ (ပဲစိမ်း)တစ်ပြည်လျှင်  လက္ကားစျေး ၇၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံ ဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီးနှင့် ၆ဘီး) ယာဉ်(၂၈၀)စီးနှင့် (၄၂၀)စီး အကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် နွေပဲသီးဝင်ရောက်မှုများပြား

        စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နွေပဲသီးတောင့်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ နွေပဲသီးတောင့်များ အရောင်းသွက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း  နွေပဲသီး ပေါက်စျေးအနေဖြင့် လက္ကားစျေးတစ်ပိဿာလျှင်  ၃၅၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်၊ လက်လီစျေးတစ်ပိဿာ လျှင် ၄၅၀၀ကျပ်နှင့်၅၀၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း  ပဲစိမ်းအစိုမျိုးစုံ အပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀) စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

ပဲပိုးတီဥများ မန္တလေးစျေးကွက်တွင် အရောင်းသွက်လျက်ရှိ

            မန္တလေးကုန်စိမ်းသီးနှံစျေးကွက်သို့   ပဲပိုးတီဥကုန်စိမ်းသီးနှံများ အများအပြားဝင်ရောက်ကြောင်း သိရှိရပါသည်။   ပဲပိုးတီကုန်စိမ်းသီးနှံမှာ ချိုစေးစေးအရသာရှိပြီး၊ ဆောင်းရာသီစာသီးနှံအဖြစ် ပဲပိုးတီသီးနှံအား အစိမ်းအတိုင်းစားသုံးခြင်း၊ အချဉ်ဖောက်၍ စားသုံးခြင်း၊ အရွက်များဖြင့် ကြော်စားခြင်း၊ အသုပ်အဖြစ် အမျိုးမျိုးစားသုံးကြကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်း စျေးကွက်အတွင်းပဲပိုးတီဥများအား ရှမ်းပြည်နယ်တောင်းပိုင်းဒေသမှဝင်ရောက်လျက်ရှိပြီး ၊တောင်းများဖြင့် ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံး ပတ်အတွင်း  ပဲပိုးတီဥ သီးနှံလက္ကားစျေးအနေဖြင့်  (၃၀ ပိဿာပါ)တောင်းတစ်ခုလျှင် ၁၈၀၀၀၀  ကျပ် နှင့်   ၁၈၅၀၀၀ကျပ်၊ လက်လီစျေးအနေဖြင့် တစ်ပိဿာလျှင်   ၇၀၀၀ ကျပ်နှင့်   ၈၀၀၀ ကျပ် တို့ဖြင့် ရောင်းချလျက်ရှိပြီး၊  အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့၊ ကမ်းနားလမ်းစျေးရှိကုန်စိမ်း ဆိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)  

သုံးရာသီသရက်သီးစိမ်းများ အရောင်းသွက်လျက်ရှိ

          စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သုံးရာသီသရက်သီး(အစိမ်း)များဝင်ရောက်လျက်ရှိပြီး၊ ကုန်စိမ်းစျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း သရက်သီး အစိမ်း (သုံးရာသီသရက်သီး)များအား  အလေးချိန်ဖြင့် ရောင်းချလျက်ရှိပြီး၊ သရက်သီးအစိမ်း တစ်ပိဿာ လျှင် လက္ကားစျေး ၆၀၀၀ကျပ်နှင့်၇၀၀၀ ကျပ်၊ လက်လီစျေး ၇၅၀၀ ကျပ် နှင့် ၈၀၀၀ ကျပ်၊ သရက်ချဉ် (အိုးသိပ်ချဉ်အဟောင်း) တစ်ပိဿာလျှင် ၇၀၀၀ကျပ်နှင့် ၈၀၀၀ ကျပ်၊ (အိုးသိပ်ချဉ်အသစ်) တစ် ပိဿာလျှင်  ၈၅၀၀ကျပ်နှင့်၉၅၀၀ကျပ်၊ သရက်သီးသနပ်(ကုလားတည်ချဉ်) တစ်ပိဿာလျှင်  ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်နှင့် အသီးအရွယ်အစားအလိုက် သရက်ကင်း (အသီး လုံးသေး) ၁၀လုံးလျှင်  ၂၀၀၀ကျပ်နှင့် ၃၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့၊ ကမ်းနားလမ်းရှိကုန်စိမ်း စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ဖူးစားပြောင်းများအရောင်းသွက်လျက်ရှိ

         မန္တလေးစျေးကွက်သို့  ဖူးစားပြောင်း(ထိုင်ဝမ်) နှင့် ရှမ်း ပြောင်းသီးနှံများ အများအပြားဝင်ရောက်လျက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် ဖူးစားပြောင်း (ထိုင်ဝမ်) မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်းစုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ဖူးစားပြောင်းစျေးကွက်တွင် ထိုင်ဝမ်မျိုးပြောင်း ၁၀ ဖူးလျှင် လက္ကားစျေး  ၅၀၀၀ ကျပ် နှင့် ၆၀၀၀ ကျပ်၊ ရှမ်းပြောင်း ၁၀ ဖူးလျင်  ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေးမှာ ထိုင်ဝမ်ပြောင်း ၁၀ ဖူးလျှင် ၆၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ ရှမ်းပြောင်း ၁၀ ဖူး လျှင် ၇၅၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ဒေသထွက်မုန်လာဥများ အရောင်းအဝယ်ဖြစ်လျက်ရှိ”

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် လားရှိုးဒေသထွက် မုန်လာပင်ပေါက်နှင့် မုန်လာဥဖြူများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ မုန်လာဥကို ချဉ်ရည်ဟင်းချက်စားကြသလို မုန်လာဥပိုးတီချဉ်၊ မုန်လာဥသုပ်၊ မုန်လာဥချဉ်ဖက်စသည်ဖြင့် မျိုးစုံပြုလုပ်စားသုံးကြပါသည်။ မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ ဗီတာမင်စီနှင့် ဗီတာမင်ကေဓာတ်များက ခန္ဓာကိုယ်အရေပြား ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ မုန်လာဥဖြူဈေးနှုန်းမှာ မုန်လာဥဖြူအစည်း အကြီးအသေး ပေါ်မူတည်၍ တစ်စည်းလျှင် (၁၅၀၀ - ၂၀၀၀) ကျပ်နှုန်းခန့်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရှိရသည်။

      ဒေသထွက်ဖြစ်သည့်အတွက် တောင်သူများမှလည်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း၊ လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ဒေသအတွင်း ကုန်စည်တင်သွင်းအရောင်းအဝယ်အခက်ခဲရှိသော်လည်း ယခုလို ဒေသထွက် များရှိသည့်အတွက် ဒေသနေစားသုံးသူပြည်သူများအတွက် များစွာအဆင်ပြေကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးမြေပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

                 ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မိုးမြေပဲစိုက်ဧက စုစုပေါင်း (၂၈၀,၀၀၀) ခန့် စိုက်ပျိုးထားရှိပြီး ယခုရာသီတွင် ရာသီဥတု ကောင်းမွန်မှုကြောင့် အထွက်နှုန်းများ သတ်မှတ်ပန်းတိုင်ထက် ကျော်လွန်နေကြောင်း သိရသည်။ မြေပဲစိုက်ဧကများပြားသည့် တိုင်းအတွင်းရှိ မြို့နယ်များတွင် ဗီယက်နမ်၊ ဆင်းပဒေသာ-၁၁ နှင့် ဆွန်တာနီ အပါအဝင် အထွက်နှုန်းကောင်းမျိုးများကို အဓိကစိုက်ပျိုးလျက်ရှိသည်။

          အထွက်နှုန်းအနေဖြင့် ပန်းတိုင်အထွက်နှုန်း တင်း (၇၀) သတ်မှတ်ထားသော်လည်း လက်တွေ့တွင် တင်း (၇၅) မှ တင်း (၇၈) အထိ ထွက်ရှိသည့်အပြင် စိုက်ပျိုးရေးနည်းပညာ ကောင်းမွန်သည့် ကျေးရွာများတွင် တင်းကိုးဆယ်ကျော်အထိ ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများက ဆိုသည်။ ဈေးနှုန်းအနေဖြင့် အခွံအပါ တစ်ပိဿာလျှင် ကျပ် ၂,၈၀၀ မှ ၃,၀၀၀ အထိ ရရှိပြီး အခွံချွတ်ပြီး တစ်ပိဿာလျှင် ကျပ် ၆,၅၀၀ မှ ၆,၈၀၀ အထိ ရောင်းချနိုင်ကြောင်း သိရသည်။

          မြောင်းမြမြို့နယ်မှ တောင်သူတစ်ဦးက " ယခုနှစ် မိုးမြေပဲအထွက် ကောင်းတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ ပြီးခဲ့တဲ့နှစ်ကထက် နည်းနည်းလျော့နေတယ်။ ကုန်ကျစရိတ် ကတော့ မြင့်တက်နေတုန်းပဲ" ဟု ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိ သော မြေပဲများသည် ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာတွင်ပါ ဝယ်လိုအားကောင်းမွန်နေပြီး မြေပဲဆီချက်လုပ်ငန်းများ၊ မုန့်ပဲသွားရေစာလုပ်ငန်းများအတွက် အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိသည်။ ယခုရာသီတွင် မြေပဲအထွက်နှုန်း မြင့်မားမှုကြောင့် ပြည်တွင်း မြေပဲဆီ ဈေးနှုန်းများ တည်ငြိမ်နိုင်မည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

(DOCA ဧရာဝတီ)

 

ပွဲလမ်းသဘင်များနှင့်အတူ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေနိုင်သည့် မြန်မာ့သစ်ခွဈေးကွက်

                      မြန်မာနိုင်ငံ၏ ရိုးရာပွဲတော်များနှင့် အခမ်းအနားများတွင် သစ်ခွပန်းများ၏ အလှတရား သည် မပါမဖြစ်အရာတစ်ခုဖြစ်လာသည့်အတွက် သစ်ခွပန်းများသည် စီးပွားဖြစ်စိုက်ပျိုးသည့် စိုက်ပျိုးရေးကဏ္ဍတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ပွဲလမ်းသဘင်၊ အလှူဒါနနှင့် ဘွဲ့အခမ်း အနားများ ကျင်းပသည့် ရာသီတွင် အထူးဈေးကွက်ကောင်းရှိလာသည်။

          သစ်ခွစိုက်ပျိုးရေး၏ ပြောင်းလဲလာမှုအနေဖြင့် ယခင်က သစ်ခွပန်းများကို တောတောင် များမှ သဘာဝအလျောက်ပေါက်ရောက်သည့် အပင်များအဖြစ်သာ မြင်တွေ့ခဲ့ရသော်လည်း ယခုအခါ စနစ်တကျ စီမံခန့်ခွဲသည့် သစ်ခွပန်းခြံများအဖြစ် ပြောင်းလဲလာသည်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်စသည့် ဒေသများတွင် သစ်ခွပန်းခြံငယ်များမှ အလတ်စားနှင့် အကြီးစားစီးပွားဖြစ် သစ်ခွပန်းခြံများ အထိပေါ်ထွန်းလာသည်။

          ခေတ်မီသစ်ခွပန်းခြံများတွင် တိမ်တိုက်မွေးခြင်း (Tissue Culture) နည်းပညာဖြင့် မျိုးပွားခြင်း၊ အပူချိန်ထိန်းညှိသည့် ဖန်သီးကပ်များ (Greenhouse) တည်ဆောက်ခြင်း၊ ရေမွှေး သွင်းစနစ် (Fertigation) နှင့် အလင်းရောင်ထိန်းညှိခြင်းစနစ်များ အသုံးပြုလာကြသည်။ ဤနည်းပညာများကြောင့် သစ်ခွပန်းပွင့်ချိန်ကို ထိန်းချုပ်နိုင်ပြီး ပွဲလမ်းသဘင်ရာသီအတွက် သစ်ခွပန်းများ ပုံမှန်ထုတ်လုပ်နိုင်လာသည်။

          ဇွန်လမှ စက်တင်ဘာလအတွင်း ကျင်းပသော တက္ကသိုလ်ဘွဲ့နှင်းသဘင်များသည် သစ်ခွပန်းများ၏ အဓိကဈေးကွက်ကြီးတစ်ခုဖြစ်သည်။ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အတွက် ရင်ကပ်ပန်းမှသည် မိသားစုဝင်များ၏ ရင်ထိုးပန်းကြိုးများအထိ သစ်ခွပန်းများကို အမြောက် အမြား အသုံးပြုကြသည်။ ဤရာသီတွင် ပန်းရောင်နှင့် အဖြူရောင် ဒန်ဒရိုဗီယမ် (Dendrobium) မျိုးစိတ်များသည် အထူးခေတ်စားပသည်။

          မြန်မာ့ရိုးရာမင်္ဂလာဆောင်များတွင် ဖဲခင်းများနှင့်ဧည့်ခံစားပွဲများတွင် အလှဆင်ခြင်း၊ လက်ဖွဲ့ပန်းများနှင့် မဂ်လာဆောင်နောက်ခံပိတ်များနှင့် Photo Booth (ဓါတ်ပုံရိုက်ရန် အလှဆင် ထားသည့်နေရာ) များတွင် အလှဆင်ခြင်းအထိ သစ်ခွပန်းများ၏ အသုံးဝင်မှုသည် ကျယ်ပြန့်လာသည်။ ငွေကြေးတက်နိုင်သည့် မိသားစုများတွင် ဖီးလ်ဒင်နီယပ် (Phalaenopsis) ကဲ့သို့သော ဈေးကြီးသစ်ခွမျိုးစိတ်များကို မင်္ဂလာဆောင်အလှဆင်ပစ္စည်းအဖြစ် အသုံးပြုလာ ကြပါသည်။

          ထို့ပြင် ဆိုင်းဘုတ်ဖော်ပွဲများနှင့် လုပ်ငန်းဆိုင်ရာအခမ်းအနားများဖြစ်သည့် ကုမ္ပဏီ အသစ်များ ဆိုင်းဘုတ်ဖော်ခြင်း၊ လုပ်ငန်းသစ်များ ဖွင့်လှစ်ခြင်းနှင့် အဖွဲ့အစည်းများ၏ နှစ်ပတ်လည်အခမ်းအနားများတွင် သစ်ခွပန်းများဖြင့် အလှဆင်ခြင်းသည် ခေတ်စားလာသည်။ ဤအခမ်းအနားများအတွက် ကတ်တလာယာ (Cattleya) နှင့် ဗန်ဒါ (Vanda) ကဲ့သို့သော ခမ်းနားသည့် သစ်ခွမျိုးစိတ်များကို ပိုမိုအသုံးပြုသည့်အပြင် အလှူဒါနများနှင့် ဘာသာရေး ပွဲများတွင် ရွှေရောင်ရှိသော သစ်ခွများသည် ဘုရားပန်းအိုးအဖြစ် အသုံးပြုလျက်ရှိပါသည်။       သစ်ခွပန်းဈေးကွက်တွင် မျိုးစိတ်၊ အရောင်အသွေး၊ ပန်းပွင့်အရွယ်အစားနှင့် အိုးအမျိုး အစားပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်။ ဒေသခံမျိုးစိတ်များ - ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ နိုင်ငံခြားမျိုးစိတ်များ - ကျပ် ၁၅,၀၀၀ မှ ၁၀၀,၀၀၀ အထိ (အထူးမျိုးများ) စီးရီးလိုင်း အလိုက် စိုက်ပျိုးထားသော သစ်ခွများ - ကျပ် ၃၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး သစ်ခွပန်းများအား ဈေးကွက်တွင် တိုက်ရိုက်ရောင်းချခြင်း၊ ကွန်တိန်နာဖြင့် ရောင်းချခြင်း၊ အွန်လိုင်းမှတစ်ဆင့် မှာယူရောင်းချခြင်းနှင့် ပန်းဆိုင်များသို့ ဖြန့်ချိရောင်းချခြင်း စသည့် ရောင်းချမှုနည်းလမ်းမျိုးစုံကို အသုံးပြုလာကြသည်။

          စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာမှုအနေဖြင့် တိမ်တိုက်မွေးခြင်း (Tissue Culture) နည်းပညာသည် သစ်ခွမျိုးစိတ်များကို အရည်အသွေးတူ မျိုးပွားနိုင်ရန် ကူညီပေး သည့်အတွက် ရှားပါးမျိုးစိတ်များကို ဈေးသက်သာစွာ မျိုးပွားနိုင်ပြီး ဈေးကွက်တွင် ရောင်းချ နိုင်သည်။ ဖန်သီးကပ်များ (Greenhouse) နှင့် ရာသီဥတုထိန်းညှိသည့် စနစ်များသည် သစ်ခွပန်းများ၏ ကြီးထွားမှုကို မြန်ဆန်စေပြီး ရောဂါကျရောက်မှုကို လျှော့ချပေးသည်။

          သစ်ခွစိုက်ပျိုးရေးလုပ်ငန်းတွင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်နည်းပါးခြင်း ၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါများ ကျရောက်မှုမြင့်မားခြင်း ၊ ရာသီအလိုက် ဝယ်လိုအားပြောင်းလဲမှု များခြင်း ၊ နိုင်ငံခြားမှ တင်သွင်းသည့် သစ်ခွများနှင့် ယှဉ်ပြိုင်ရခြင်းစသည့်တို့နှင့် အဓိက ရင်ဆိုင်နေရသော်လည်း တစ်ဖက်တွင် အာရှတွင်းနိုင်ငံများသို့ တင်ပို့နိုင်သည့် ဈေးကွက်အလား အလာများ ၊ နိုင်ငံခြားခရီးသွားများအတွက် ဒေသခံသစ်ခွများ ရောင်းချနိုင်ခြင်း၊ အလှကုန် ထုတ်ကုန်များတွင် သစ်ခွပန်းမှ ထုတ်လုပ်သည့် ရေမွှေး၊ အဆီအနှစ်များ ထုတ်လုပ်နိုင်ခြင်း စသည့် အခွင့်အလမ်းများလည်း များစွာရှိပါသည်။

          ထို့ကြောင့် သစ်ခွပန်းဈေးကွက်သည် မြန်မာနိုင်ငံတွင် တိုးတက်လျက်ရှိပြီး နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုများလည်း ရှိလာသည်။ ပွဲလမ်းသဘင်များ၏ အလှဆင်ပစ္စည်းတစ်ခုအနေမှ လူတိုင်းနှင့် ရင်းနှီးသော ပစ္စည်းတစ်ခုအထိ ဖွံ့ဖြိုးလာသည့် သစ်ခွပန်းဈေးကွက်သည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ စိတ်ဝင်စားဖွယ် အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ယခုထက်ပိုမိုသည့် နည်းပညာမြှင့်တင်ခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် ထုတ်လုပ်မှု စွမ်းရည် မြှင့်တင်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကဏ္ဍတစ်ခုအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

(DOCA ဧရာဝတီ)

ဈေးကောင်းရလို့ တိုးချဲ့စိုက်ပျိုးလာသော ကောက်ညှင်းဈေးကွက်

                        ပုသိမ်မြို့နယ်အတွင်း စပါးစိုက်ပျိုးလျက်ရှိသော တောင်သူများမှာ ကောက်ညှင်းစပါးကို ထည့်သွင်းစိုက်ပျိုးလျက်ရှိသော်လည်း ယခင်နှစ်မှစတင်၍ ကောက်ညှင်းစပါးဈေးနှုန်းမှာ ဈေးကောင်းရရှိသည့်အတွက် ယခုနှစ်တွင်လည်း ကောက်ညှင်းစပါးကို တိုးချဲ့စိုက်ပျိုးလျက်ရှိ သော တောင်သူများထံမှ သိရသည်။

                      ယခင်နှစ်ကောက်ညှင်းဈေးကွက်တွင် ကောက်ညှင်းစပါးတင်း ၁၀၀ ဈေးနှုန်းမှာ ပေါ်ကာစ ကျပ် ၄၅ သိန်းဝန်းကျင်ဈေးရရှိပြီး ရာသီကုန်ချိန်တွင် ကောက်ညှင်းစပါးဈေးမှာ ကျပ်သိန်း ၃၀ ခန့် ဈေးရရှိသော်လည်း တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း သိရသည် ။ ယခုနှစ် မိုးစပါး ပေါ်ချိန် အောက်တိုဘာလလကောက်ညှင်းစပေါ်ချိန် ကောက်ညှင်းဈေးမှာ တင်း ၁၀၀ ကျပ် ၃၈ သိန်းဝန်းကျင် ပေါက်ဈေးရှိပြီး ယခုအချိန် ကောက်ညှင်းဈေးနှုန်းမှာ တင်း ၁၀၀ ကျပ် ၂၆/၂၇ သိန်း ဝန်းကျင်ဈေးရှိသော်လည်း တောင်သူများအကျိုးအမြတ် ရရှိကြောင်း သိရသည်။ ယခုအချိန် မိုးဧည့်မထ စပါးဈေးနှုန်းမှာ တင်း ၁၀၀ ကျပ် ၁၃/၁၄ သိန်းဈေးဖြင့် အရောင်းအဝယ်ဖြစ်နေချိန် ဈေးနှုန်းပိုမိုရရှိသော ကောက်ညှင်းစပါးဈေးနှုန်းမှာ တောင်သူများ တွက်ချေကိုက်မှု ရှိကြောင်း သိရသည်။

          ပုသိမ်မြို့နယ်တွင် စိုက်ပျိုးလျက်ရှိသော ကောက်ညှင်းအမျိုးအစားများမှာ မှော်ဘီ ကောက်ညှင်း ၊ လာအိုကောက်ညှင်း ၊ ကောက်ညှင်းအရင် ၊ ကောက်ညှင်းအသွယ်မျိုးတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး မိုးရာသီတွင် တင်း ၈၀ နှင့်အထက် ဆောင်းစပါးရာသီတွင်လည်း တင်း ၁၀၀ နှင့် ၁၂၀ ကြား ထွက်ရှိကြောင်း စိုက်ပျိုးစရိတ်မှာ ကျပ် ၁၀ သိန်းဝန်ကျင်ရှိပြီး လက်ရှိ ကောက်ညှင်း ဈေးမှာ တောင်သူများအကျိုးအမြတ် ရရှိကြောင်း သိရသည်။ မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးနေသော မုန့်ပဲသရေစာအများစုတွင် မပါမဖြစ် ပါဝင်နေသော ကောက်ညှင်း ကိုယခု ဆောင်းရာသီတွင်း ပုသိမ်မြို့နယ်အတွင်းရှိ ကြက်ပေါင် ၊ စာဖြူစု ၊ ရေမနေ ၊ ရေအိုးစင် ၊ တလိုင်းချောင်း ၊ ဥတို ၊ ဆယ်ပင်ကြီး ၊ ဆယ်ပင်လေး ၊ ခရမ်းကွင်းကျေးရွာနှင့် အခြား ကျေးရွာ များတွင်လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

(DOCA) ဧရာဝတီ

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း