Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ် ပဲမျိုးစုံဈေးကွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဇွန်လ ပထမပတ်ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

      ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင် ကျပ်(၆၀၀၀၀)၊ (929)တစ်တင်းလျှင် ကျပ်(၆၂၀၀၀)၊ (V2)တစ်တင်းလျှင် ကျပ်(၆၃၀၀)နှင့် (V7)တစ်တင်းလျှင် ကျပ်(၆၂၀၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

     ဇွန်လ ပထမပတ်အတွင်း မတ်ပဲရိုးရိုးတစ်တင်းလျှင် ကျပ် ၇၁၀၀၀၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၇၃၅၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

          ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၇၅၀၀၀နှင့် အောက်စ တစ်တင်းလျှင် ကျပ် ၇၄၅၀၀ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုပတ်အတွင်း အရောင်းအဝယ်အေး၍ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

           ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၃၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

          စွန်တာနီ(ပဲနီ)တစ်တင်းလျှင် ကျပ် ၉၇၀၀၀၊ အကွဲအနာပါတစ်တင်းလျှင် ကျပ် ၉၆၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စွန်တာနီ (ပဲနီ)တစ်တင်းလျှင် ကျပ် ၄၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

       ပဲဇီးကွက်တစ်တင်းလျှင် ကျပ် ၈၂၀၀၀၊ အကွဲအနာပါလျှင် ကျပ် ၈၁၅၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲဇီးကွက် တစ်တင်းလျှင် ကျပ် ၇၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

     ဇွန်လ ပထမပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် ကျပ် ၁၃၄၀၀၀၊ အကွဲအနာပါတစ်တင်းလျှင် ကျပ် ၁၃၃၅၀၀ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ် ၁၀၀၀၀ ခန့်ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

      ဇွန်လ ပထမပတ်အတွင်း ပဲလွမ်းဖြူတစ်တင်းလျှင် ကျပ် ၉၁၀၀၀၊ အကွဲအနာပါ တစ်တင်းလျှင် ကျပ် ၉၀၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပထမပတ်အတွင်း မန္တလေးဈေးကွက်တွင် သီးနှံအဝင်နည်း၍ အဝယ်လိုက်ကာ ပဲလွမ်းဖြူသီးနှံ တစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ဆီထွက်သီးနှံဈေးကွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲဆန်နှင့် ကြက်ဆူ စသည်သီးနှံများ၏ ဇွန်လ ပထမပတ်ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

နှမ်း

          ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၌ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၂၂၁၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၀၇၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၇၀၀၀ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဆီနေကြာ

         ဇွန်လ ပထမပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၈၀၀၀၊ နေကြာညံ့လျှင် ကျပ် ၅၇၅၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

ကြက်ဆူ

        ကြက်ဆူတစ်တင်းလျှင် ကျပ် ၅၉၀၀၀၊ ကြက်ဆူညံ့လျှင် ကျပ် ၅၈၅၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကြက်ဆူတစ်တင်းလျှင် ကျပ် ၅၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

မြေပဲဆန်

          ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆန်များကို ဒေသတွင်းရှိ စိုက်ပျိုးသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိရာ ဇွန်လ ပထမပတ်အတွင်း မြေပဲလုံးဆန်တစ်ပိဿာ လျှင် ကျပ် ၇၆၀၀နှင့် ၂၅ ပိဿာတစ်အိတ်လျှင် ကျပ် ၁၉၀၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပထမပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်လာပါက ဒေသထွက်သီးနှံဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ပြည်ပပို့ကုန် ပဲစင်းငုံသီးနှံများ အောင်မြင်စွာ စိုက်ပျိုးလျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သောဒေသဖြစ်ပြီး ပဲစင်းငုံ (Pigeon Pea)သည် တောင်သူများအတွက် မိုးသီးနှံ/ ဆောင်းသီးနှံအဖြစ် အားထားရသည့် အဓိကစီးပွားဖြစ် သီးနှံတစ်မျိုးဖြစ်ပြီး စာရင်းဇယားများအရ ယခင်နှစ်စိုက်ပျိုးရာသီတွင် ဧကတစ်သိန်းကျော် စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာဌာနများထံမှ သိရသည်။

        ကန့်ဘလူဒေသတွင် ပဲစင်းငုံကို သီးသန့်စိုက်ပျိုးခြင်းထက် သီးညှပ်အဖြစ် စိုက်ပျိုးမှုများပါသည်။ အထူးသဖြင့် မိုးမြေပဲ၊ နှမ်း၊ သို့မဟုတ် နေကြာ စသည့် သီးနှံများနှင့် တွဲဖက်၍ တန်းကြားညှပ် စိုက်ပျိုးကြသည်။ မြေစေးဆန်သောမြေနှင့် နှုန်းမြေများတွင် ဖြစ်ထွန်းမှုကောင်းပြီး ကန့်ဘလူမြို့နယ်၏ ရာသီဥတုနှင့် မြေဆီလွှာသည် ပဲစင်းငုံစိုက်ပျိုးရန် သင့်တော်သည်။ ပျမ်းမျှအားဖြင့် ပဲစင်းငုံ တစ်ဧကလျှင် ၁၅ တင်းမှ တင်း ၂၀ ကြား (စိုက်ပျိုးသည့် မျိုးစေ့၊ ရာသီဥတုနှင့် ပြုစုပျိုးထောင်မှုအပေါ်မူတည်၍) ထွက်ရှိလေ့ရှိသည်။ တန်းညှပ်စိုက်ပျိုးပါက အဓိကသီးနှံအပြင် ပဲစင်းငုံပါ ထပ်ဆောင်းရရှိသဖြင့် မြေအသုံးချမှု ထိရောက်ကြောင်း သိရသည်။

          ပဲစင်းငုံသည် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက အပင်ပြုစုခြင်းနှင့် သွင်းအားစု (မြေသြဇာ၊ ပိုးသတ်ဆေး) သုံးစွဲရမှု အနည်းငယ်သက်သာသော သီးနှံဖြစ်သည်။ မြေပြင်ခ၊ မျိုးစေ့ဖိုး၊ စိုက်ပျိုးခ၊ ပေါင်းမြက်ရှင်းလင်းခနှင့် ရိတ်သိမ်း/ခြွေလှေ့ခတို့ ဖြစ်သည်။ လက်ရှိသွင်းအားစုနှင့် လုပ်အားခ ဈေးနှုန်းများအရ ပဲစင်းငုံ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ (သီးညှပ်စိုက်ပျိုးခွဲဝေမှု အပေါ်မူတည်၍) ခန့်မှန်းခြေ ကျပ် ၅ သိန်းမှ ၇ သိန်းဝန်းကျင် ရှိနိုင်ကြောင်း သိရသည်။

          ပဲစင်းငုံသည် ပြည်ပပို့ကုန် (အထူးသဖြင့် အိန္ဒိယနိုင်ငံဈေးကွက်) ကို တိုက်ရိုက်မှီခိုနေရသော သီးနှံဖြစ်သဖြင့် အကျိုးအမြတ်သည် ကမ္ဘာ့ဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းအပေါ် များစွာမူတည်နေသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများမှစ၍ အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားမြင့်တက်မှုကြောင့် ပဲစင်းငုံဈေးနှုန်းမှာ သိသိသာသာ မြင့်တက်ခဲ့ပြီး တစ်တင်းလျှင် ကျပ်သိန်းဂဏန်းအထိ စံချိန်တင် ဈေးကောင်းရရှိခဲ့ဖူးသည်။ ပဲစင်းငုံရိတ်သိမ်းပြီးနောက် ကျန်ရှိသော ပဲရိုး/ပဲပင်တိုင်များသည် ကျေးလက်ဒေသတွင် အဖိုးတန် ထင်းစိုက်စရာ (လောင်စာ) အဖြစ်သော်လည်းကောင်း၊ နွားစာအဖြစ်သော်လည်းကောင်း အသုံးဝင်သဖြင့် ကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ သက်သာစေသည်။

          ပဲစင်းငုံသည် သက်တမ်းရှည်သီးနှံ (၆ လမှ ၈ လခန့်) ဖြစ်သဖြင့် စိုက်ပျိုးချိန်နှင့် ပွင့်ငုံချိန်များတွင် မိုးခေါင်ခြင်း သို့မဟုတ် မိုးရွာသွန်းမှု မမှန်ကန်ပါက အထွက်နှုန်း သိသိသာသာ လျော့ကျတတ်သည်။ သီးတောင့်ဖောက်ပိုးနှင့် ယင်ကောင်အန္တရာယ်ကြောင့် အထွက်နှုန်း ထိခိုက်တတ်သဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းရန် လိုအပ်သည်။ ပြည်ပဝယ်လိုအားနှင့် ပေါ်လစီအပြောင်းအလဲပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျ ကြမ်းတတ်ခြင်းက တောင်သူများအတွက် စွန့်စားရမှုတစ်ခုဖြစ်ကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးခြင်းသည် သီးညှပ်စနစ်ဖြင့် စိုက်ပျိုးနိုင်ခြင်း၊ သွင်းအားစု စရိတ်သက်သာခြင်းတို့ကြောင့် စနစ်တကျ ပြုစုပျိုးထောင်ပြီး ဈေးကွက်အဆင်ပြေပါက တောင်သူများအတွက် မိသားစုဝင်ငွေ တိုးပွားစေရုံသာမက ဒေသတွင်း စီးပွားရေးကိုပါ အကျိုးပြုစေသည့် အလားအလာကောင်းသော သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဒေသတွင်းစီးပွားဖြစ် အစေ့ထုတ်ပြောင်း(CP)များ စိုက်ပျိုးအောင်မြင်၊ ယခုနှစ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိရန် မျှော်မှန်း

      ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေအရ အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းကို ပိုမိုတိုးချဲ့ လုပ်ကိုင်လာကြသည်။ အစေ့ထုတ်ပြောင်း (CP) သည် တိရစ္ဆာန်အစာစပ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့်အတွက် စျေးကွက်လိုအပ်ချက် အမြဲရှိနေခြင်း၊ အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက ပြုစုရလွယ်ကူပြီး အထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများ စိတ်ဝင်စားမှု မြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။

         အစေ့ထုတ်ပြောင်းက စိုက်ပျိုးရတာ သိပ်မခက်ခဲဘူး။ ရေသွင်းရေထုတ် စနစ်တကျလုပ်ပေးနိုင်ရင် အထွက်နှုန်းက စိတ်ချရတယ်။ အဓိကကတော့ ထွက်လာတဲ့ပြောင်းတွေကို ဝယ်မယ့်သူရှိနေပြီး စျေးကွက်ခိုင်မာမှုရှိလို့ အခုလိုစိုက်ပျိုးကြတာပါ" ဟု ဒေသခံပြောင်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် တောင်သူများသည် အထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပြောင်းမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးထားကြပြီး၊ စိုက်ပျိုးရေးဌာနမှလည်း လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းထွက်ရှိမည့်ကာလ

         ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) များကို များသောအားဖြင့် မိုးဦးကျကာလဖြစ်သည့် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး၊ ပြောင်းဖူးများရင့်မှည့်၍ ရိတ်သိမ်းခြွေလှေ့နိုင်မည့်အချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလ (သီတင်းကျွတ်၊ တန်ဆောင်မုန်းလ) များတွင် ဖြစ်သည်။ တောင်သူအချို့မှာမူ ဆောင်းသီးနှံအဖြစ် အောက်တိုဘာ/နိုဝင်ဘာတွင် ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးကြသူများလည်းရှိကြကြောင်း သိရသည်။

တစ်ဧက ကုန်ကျစရိတ်နှင့် စိုက်ပျိုးမှုအခြေအနေ

          ယခုနှစ် စိုက်ပျိုးရာသီတွင် သွင်းအားစုဖြစ်သည့် မျိုးစေ့ဖိုး၊ မြေဩဇာနှင့် စက်သုံးဆီစျေးနှုန်းများ၊ လုပ်အားခများ အနည်းငယ်မြင့်တက်နေသဖြင့် ပြောင်းစိုက်တောင်သူတစ်ဦး၏ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ (မြေပြင်ဆင်ခြင်း၊ မျိုးစေ့နှင့် မြေဩဇာ ကျွေးခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းခအပါအဝင်) ကုန်ကျနိုင်ကြောင်း သိရသည်။

စျေးကွက်နှင့် တောင်သူအကျိုးအမြတ်

          ယခုနှစ် မိုးရွာသွန်းမှု မှန်ကန်ပြီး ရာသီဥတု သင့်တင့်မျှတမှုရှိပါက အစေ့ထုတ်ပြောင်း အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း ၅၀ မှ ၆၀ ကျော်အထိ ကောင်းမွန်စွာထွက်ရှိနိုင်ရန် မျှော်မှန်းထားပါသည်။ ပြောင်းပေါ်ချိန်တွင် ကန့်ဘလူဒေသ၌ အစေ့ထုတ်ပြောင်း(CP) များသည် တိရစ္ဆာန်အစာစပ် စက်ရုံများနှင့် ကုန်သည်ကြီးများ၏ ဝယ်လိုအား အမြဲရှိနေသည့် သီးနှံဖြစ်သည်။ ပြောင်းပေါ်စကာလတွင် စျေးကွက်ပေါက်စျေးအပေါ်မူတည်၍ အထွက်နှုန်းကောင်းမွန်ပါက တစ်ဧကလျှင် အသားတင် အကျိုးအမြတ် ကျပ် သိန်းမှ သိန်းအထိ ရရှိနိုင်မည်ဖြစ်ကြောင်း တွက်ချက်ထားကြသည်ဟု သိရသည်။

           လက်ရှိတွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီး၌ မိုးဦးကျ ပြောင်းစိုက်ခင်းများ သဘာဝမိုးရေဖြင့် စတင်အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ရာ၊ ရာသီဥတု ဆက်လက်သာယာပါက ယခုနှစ်တွင် ပြောင်းစိုက်တောင်သူများ စီးပွားရေးအရ ပိုမိုတွက်ချေကိုက်ပြီး အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း မျှော်မှန်းသုံးသပ်ရသည်ဟု သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီးမှ မေလအတွင်း ကွမ်းသီးတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်

        တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် နှစ်ရှည်သီးပင်စားပင်များ စိုက် ပျိုးထားလျက်ရှိရာ ကွမ်းသီးပင်များလည်းစိုက်ပျိုးထားပါသည်။ ကွမ်းသီးပင်များမှ ကွမ်းသီး များကို ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့များမှ အဝယ်ဒိုင်ကြီးများကဝယ်ယူကာ ကွမ်းသီး ခြောက်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ် နှင့်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ထို့အပြင်  ၎င်းတို့မှတစ်ဆင့် ပြည်ပ နိုင်ငံများသို့  တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

       ၂၀၂၆ ခုနှစ်၊ မေလအတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၁၄၇၀၇၄၀)ပိဿာ တန်အားဖြင့်(၂၄၀၁.၆၃၉)ရှိပြီး၊ မြိတ်ခရိုင်မှ (၇၂၃၈၉၀၀) ပိဿာ တန်အားဖြင့်(၁၁၈၂၀.၇၃၅)ရှိပြီး၊ ကော့သောင်းခရိုင်မှ (၅၉၃၀၀)ပိဿာ တန်အားဖြင့် (၉၆.၈၃၄)နှင့် ဘုတ်ပြင်းခရိုင်မှ (၇၅၇၀၅၀) ပိဿာ တန်အားဖြင့်(၁၂၃၆.၂၂၂)ရှိကြောင်း သိရပါသည်။ ယခုတစ်ပတ်အတွင်း ကွမ်းသီးခြောက် အခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ရှိပြီး တောင်သူများတွက်ချေ ကိုက်လျက်ရှိ ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ စျေးကွက်အတွင်းအာလူးအရောင်းအဝယ်သွက်နေ

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ အခြားဒေသများမှ အာလူးများနေ့စဉ်ဝင်ရောက် လျက်ရှိပြီး ထားဝယ်ဒေသတွင် အာလူးကို အဓိကအားဖြင့် ရှမ်းပြည်နယ်၊ အောင်ပန်း၊ ဟဲဟိုးနှင့် ပြင် ဦးလွင်ဒေသများမှ ကုန်တင်ယာဉ်များဖြင့် တင်သွင်းလျက်ရှိပြီး ဒေသတွင်းစျေးကွက်အတွင်းအရောင်း အဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

   လက်ရှိတွင် အာလူးစားသုံးမှုမြင့်တက်နေခြင်းကြောင့် လက်ကားနှင့်လက်လီ‌စျေးကွက်များ၌ ဝယ်လိုအားကောင်းနေပြီး စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အိမ်ထောင်စုများမှ ပုံမှန်ဝယ်ယူ အသုံးပြုလျက်ရှိသလို အထူးသဖြင့် အကြော်လုပ်ငန်းများနှင့် အာလူးအခြေခံထုတ်လုပ်သူများ၏ ဝယ်လိုအားများကြောင့် စျေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိပြီး ထားဝယ်မြို့ရှိ စည်ပင် သာယာစျေးကြီးများနှင့် ရပ်ကွက်စျေးများတွင် ရောင်းချနေသာ စျေးနှုန်းများအရ အာလူး တစ်ပိဿာ လျှင် ကျပ် (၅၀၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။

    ယခုကာလများတွင် အာလူးများပုံမှန်ဝင်ရောက်မှုများရှိပြီး ဝယ်လိုအားလည်းကောင်းမွန်လျက်ရှိသလို အာလူးအရည်အသွေး၊ အရွယ်အစားနှင့်သယ်ယူပို့ဆောင်စရိတ်များအပေါ်မူတည်၍ စျေးနှုန်းအတက်အကျရှိသော်လည်း အများအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း၊ ယခုကာလအတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပုံမှန်လည်ပတ်နိုင်မှုကြောင့် ကုန်စည်စီးဆင်းမှုများ အဆင် ပြေချောမွေ့လျက်ရှိသလို လာမည့်ကာလများတွင်လည်း အာလူးဝင်ရောက်မှုဆက်လက်တည်ငြိမ်နိုင် မည်ဆိုပါက ထားဝယ်ဒေသရှိ ပြည်သူများအနေဖြင့် အာလူးကိုနေ့စဉ်စားသုံးကုန်တစ်မျိုးအဖြစ် အသုံးပြုလျက်ရှိရာ ‌စျေးကွက်အတွင်း ပုံမှန်ဝင်ရောက်မှုရှိခြင်းသည် ဒေသအတွင်း စားသောက်ကုန် ဖူလုံရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တောင်ငူမြို့၏တစ်ပိုင်တစ်နိုင်စီးပွားရေးဖြစ်သော အသင့်စားကြက်သွန်နီကြော်

            ပြည်သူတို့နေ့စဉ်ချက်ပြုတ်စားသောက်ကြရာတွင် ကြက်သွန်နီကို ဟင်းခတ်အမွှေးကြိုင်အဖြစ် အသုံးပြုကြပါသည်။ ကြက်သွန်နီသည် ဟင်းများချက်ပြုတ်ရာတွင် အိမ်ရှင်မများအတွက် မရှိမဖြစ် လိုအပ်သည့်အတွက် အရောင်းသွက်လျက် ရှိနေသည်။ ကြက်သွန်နီကြော်ပြုလုပ်ရာတွင် ကြက်သွန်နီ ပိဿာ(၂၀)ကို ပါးပါးလှီး၍ ရေဆေး၍ စစ်ပြီးပါက ဆီ(၃)ပိဿာ၊ ဆန်မှုန့်(၃)ပိဿာဖြင့် ပြုလုပ်ပါက ကြက်သွန်နီအသင့်စား (၆)ပိဿာ ခန့် ထွက်ရှိကြောင်း တောင်ငူမြို့ အသင့်စားကြက်သွန်နီကြော် ပြုလုပ်ရောင်းချသူ ပိုင်ရှင်၏ ပြောကြားချက်အရ သိရှိရသည်။

            ယခင်နှစ်ကြက်သွန်နီဝယ်ယူရာတွင် ကြက်သွန်နီ(ဂျွန်) ၁ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ဝယ်ယူရပြီး အသင့်စား ကြက်သွန်နီကြော်၂၅ ကျပ်သား လျှင် ၃၅၀၀ ကျပ်၊(၁)ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် တောင်ငူခရိုင်အတွင်းရှိ အမြို့မြို့အနယ်နယ်သို့ လက်လီ /လက်ကား ဖြုန့်ဖြူး ရောင်းချလျက်ရှိနေသည်။ ဖြန့်ဖြူးရောင်းချရာတွင် တစ်နေ့လျှင် ပိဿာ(၁၀)ခန့် ရောင်းချရကြောင်း၊  ဟင်းချက်ရာတွင် အချိန်ကုန် သက်သာစေပြီး အသုံးပြုရာတွင် လွယ်ကူစေသည့်အတွက် ရောင်းအားကောင်းကြောင်း တောင်ငူမြို့ အသင့်စားကြက်သွန်နီကြော် ပြုလုပ်ရောင်းချသူ၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)   

​​​​​​​အုတ်တွင်းမြို့နယ်ရှိ နွေစပါးစိုက်ရိတ်ထွက်နှုန်းအခြေအနေ

                တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၏‌၂၀၂၅-၂၀၂ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမှုမှာ    စုစုပေါင်း ၈၉၁၀၀ ဧက စိုက်ပျိုးခဲ့ပါသည်။ နွေစပါးစိုက် တောင်သူများအနေဖြင့် အုတ်တွင်းမြို့နယ်တွင် ခပေါင်းဆည်၊ မင်းရဲဆည်နှင့် ရေသိုးဆည်တို့မှ ဆည်ရေရရှိပြီး ရေပေးဝေမှုကို မြို့နယ်ခွဲများအလိုက် ရရှိသောကြောင့် နွေစပါး စိုက်ပျိုးရာတွင် အခက်အခဲမရှိ အဆင်ပြေလျက်ရှိပါသည်။အုတ်တွင်းမြို့နယ်တွင် နွေစပါးများကို ယခုနှစ်တွင် seeder နှင့် စိုက်ပျိုးခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် ပျိုးထောင်၍ လုပ်သား အင်အားများဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ ဆင်းသုခ၊ ထိုင်း ရက် ၉၀၊ စပါးမျိုးများကို အများဆုံးစိုက်ပျိုး‌ကြောင်း သိရသည်။

             နွေစပါးများကို ဧပြီလ တတိယသီတင်းပတ်မှစ၍ ဇွန်လ ပထမသီတင်းပတ်အထိ ရိတ်သိမ်းကြပြီး တစ်ဧကလျှင် ပျမ်းမျှ တင်း မှ ၀၀ ကြား၊၁၀၀ မှ ၁၂၀ ကြား ထွက်ရှိသည့်အတွက် နွေစပါးစိုက်တောင်သူများ တွက်ခြေကိုက် လျက်ရှိပါသည်။ အစိုဓာတ် ၁၃ ပိဿာ ၅၀ ရှိ နွေစပါး ၄၆ ပေါင် တင်း (၁၀၀)လျှင် ကွင်းအထိုင်ဈေး ၆၇၀၀၀ ကျပ်ခန့်ရှိပြီး၊ ဆန်စက်အရောက်ဈေးမှာ ၁၇၃၀၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၅-၂၀၂ဘဏ္ဍာနှစ် နွေစပါး စိုက်ပျိုးခြင်းအတွက် မျိုး၊ထွန်ယက်ခ၊ စိုက်ခ၊ သွင်းအားစု၊ ရေတင်ခ၊ ရိတ်ခြွေခအပါအဝင် တစ်ဧက စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ရှစ်သိန်းဝန်းကျင် ခန့်ရှိပါသည်။ ကုန်ကျစရိတ် နှုတ်ပြီး တစ်ဧကလျှင် ၇သိန်း ကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

မြိတ်ဒေသထွက်ရုံးပတေသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော ကြောင့် စိုက်ပျိုးရေးထက် ရေလုပ်ငန်းကို ပိုမိုလုပ်ကိုင်ကြပါသည်။ ဒေသစားသုံးရန်လိုအပ်သော ဟင်းသီးဟင်းရွက်မျိုးစုံနှင့် အသီးအနှံများအား ရန်ကုန်မြို့မှကားလမ်းများဖြင့်သယ်ယူ၍ မြို့ပေါ်ရှိ ဈေးကြီး များရပ်ကွက်ဈေးဆိုင်များတွင် ရောင်းချကြပါသည်။ ယခုအခါ ကုန်စိမ်းသီးနှံများဖြစ်သော ရုံးပတေ သီး၊ ဘူးသီး၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်၊ မုန်ညင်းဖြူ၊ ကိုက်လန်ရွက်၊ ထိုင်ဝမ်မုန်ညင်း စသည်တို့ကို မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီ မြို့တို့တွင် ယခင်ကထက် စိုက်ပျိုးလာကြောင်းသိရပါသည်။ ထွက်ရှိလာသော ကုန်စိမ်းသီးနှံများကို ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချကြပါသည်။ ကုန်စိမ်းသီးနှံများထဲမှ ရုံးပတေသီးကို ရာသီမရွေးစိုက်ပျိုးနိုင် သောကြောင့် စိုက်ပျိုးသူများအတွက် တွက်ချေကိုက်သောကြောင့် ပိုမိုစိုက်ပျိုးလာြကပါသည်။ ရုံး ပတေသီးစားသုံးခြင်းဖြင့် အစာအိမ်ရောဂါတွေကောင်းစေသလို အစာအိမ်ထဲကအက်ဆစ်ကို လျော့ချ ပေးလို့ ဗိုက်အောင့်တာသက်သာစေပြီး၊ သွေးနီဥတွေ ထုတ်လုပ်မှုကို လှုံဆော်ပေးတာကြောင့် ခွန်အား ပိုမိုရရှိစေပါသည်။ “ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းမခဲဘူး’’ဆိုသလို ဝမ်းကိုမှန်စေပါသည်။ တနေ့ လျှင် ရုံးပတေသီး ၂ တောင့် ၃ တောင့် စားပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးအများကြီးရရှိ စေမှာ ဖြစ်ပါသည်။

          ၂၀၂၆ခု၊ ဇွန်လ ပထမပတ်တွင် မြိတ်မြို့ပေါ်တွင်ရုံးပတေသီး(၁၀)တောင့်လျှင် ၁၀၀၀ ကျပ်ခန့် ရှိပြီး ယခင်မေလပထမအပတ်နှင့်နှိုင်းယှဥ်ပါက စျေးနှုန်းကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူ များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇၃၅၄ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ 5 ရက်နေ့မှ ၁၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် 7,354 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း