
ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေအရ အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းကို ပိုမိုတိုးချဲ့ လုပ်ကိုင်လာကြသည်။ အစေ့ထုတ်ပြောင်း (CP) သည် တိရစ္ဆာန်အစာစပ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့်အတွက် စျေးကွက်လိုအပ်ချက် အမြဲရှိနေခြင်း၊ အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက ပြုစုရလွယ်ကူပြီး အထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများ စိတ်ဝင်စားမှု မြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်းက စိုက်ပျိုးရတာ သိပ်မခက်ခဲဘူး။ ရေသွင်းရေထုတ် စနစ်တကျလုပ်ပေးနိုင်ရင် အထွက်နှုန်းက စိတ်ချရတယ်။ အဓိကကတော့ ထွက်လာတဲ့ပြောင်းတွေကို ဝယ်မယ့်သူရှိနေပြီး စျေးကွက်ခိုင်မာမှုရှိလို့ အခုလိုစိုက်ပျိုးကြတာပါ" ဟု ဒေသခံပြောင်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် တောင်သူများသည် အထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပြောင်းမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးထားကြပြီး၊ စိုက်ပျိုးရေးဌာနမှလည်း လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းထွက်ရှိမည့်ကာလ
ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) များကို များသောအားဖြင့် မိုးဦးကျကာလဖြစ်သည့် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး၊ ပြောင်းဖူးများရင့်မှည့်၍ ရိတ်သိမ်းခြွေလှေ့နိုင်မည့်အချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလ (သီတင်းကျွတ်၊ တန်ဆောင်မုန်းလ) များတွင် ဖြစ်သည်။ တောင်သူအချို့မှာမူ ဆောင်းသီးနှံအဖြစ် အောက်တိုဘာ/နိုဝင်ဘာတွင် ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးကြသူများလည်းရှိကြကြောင်း သိရသည်။
တစ်ဧက ကုန်ကျစရိတ်နှင့် စိုက်ပျိုးမှုအခြေအနေ
ယခုနှစ် စိုက်ပျိုးရာသီတွင် သွင်းအားစုဖြစ်သည့် မျိုးစေ့ဖိုး၊ မြေဩဇာနှင့် စက်သုံးဆီစျေးနှုန်းများ၊ လုပ်အားခများ အနည်းငယ်မြင့်တက်နေသဖြင့် ပြောင်းစိုက်တောင်သူတစ်ဦး၏ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၇ သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ (မြေပြင်ဆင်ခြင်း၊ မျိုးစေ့နှင့် မြေဩဇာ ကျွေးခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းခအပါအဝင်) ကုန်ကျနိုင်ကြောင်း သိရသည်။
စျေးကွက်နှင့် တောင်သူအကျိုးအမြတ်
ယခုနှစ် မိုးရွာသွန်းမှု မှန်ကန်ပြီး ရာသီဥတု သင့်တင့်မျှတမှုရှိပါက အစေ့ထုတ်ပြောင်း အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း ၅၀ မှ ၆၀ ကျော်အထိ ကောင်းမွန်စွာထွက်ရှိနိုင်ရန် မျှော်မှန်းထားပါသည်။ ပြောင်းပေါ်ချိန်တွင် ကန့်ဘလူဒေသ၌ အစေ့ထုတ်ပြောင်း(CP) များသည် တိရစ္ဆာန်အစာစပ် စက်ရုံများနှင့် ကုန်သည်ကြီးများ၏ ဝယ်လိုအား အမြဲရှိနေသည့် သီးနှံဖြစ်သည်။ ပြောင်းပေါ်စကာလတွင် စျေးကွက်ပေါက်စျေးအပေါ်မူတည်၍ အထွက်နှုန်းကောင်းမွန်ပါက တစ်ဧကလျှင် အသားတင် အကျိုးအမြတ် ကျပ် ၅ သိန်းမှ ၈ သိန်းအထိ ရရှိနိုင်မည်ဖြစ်ကြောင်း တွက်ချက်ထားကြသည်ဟု သိရသည်။
လက်ရှိတွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီး၌ မိုးဦးကျ ပြောင်းစိုက်ခင်းများ သဘာဝမိုးရေဖြင့် စတင်အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ရာ၊ ရာသီဥတု ဆက်လက်သာယာပါက ယခုနှစ်တွင် ပြောင်းစိုက်တောင်သူများ စီးပွားရေးအရ ပိုမိုတွက်ချေကိုက်ပြီး အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း မျှော်မှန်းသုံးသပ်ရသည်ဟု သိရှိရပါသည်။
DOCA(စစ်ကိုင်း)
