Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“တစ်ပိုင်တစ်နိုင်စိုက်ပျိုးသောရှောက်သီးများဈေးကောင်းရရှိ”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော ရှောက်ပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ ရှောက်ပင်အမျိုးအစားများမှာ ဗမာမျိုး၊ ရှောက်ဘီလူးမျိုး၊ ရှောက်သခွားမျိုးဟူ၍ စိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ဗမာမျိုးများဖြစ်ပြီး၊ ဗမာရှောက်သီးမျိုးသည် အခွံပါး၍ အရည်ရွှမ်းသောကြောင့် လူကြိုက်များကြောင်း၊ ခရိုင်အတွင်း ရှောက်ပင်ကို ဧကလိုက် စိုက်ပျိုးမှုမရှိသော်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ အပင်လျင်မြန် ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့်အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာ ကျွေးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်နှင့် တစ်နှစ်ခွဲသားတွင် စတင်၍ အသီးသီးကြောင်း၊ အချို့စိုက်ပျိုးသူများမှာ ရှောက်ကိုင်းဆက်ပျိုးပင်ကို ဝယ်ယူစိုက်ပျိုးပါက (၆)လ (၁)နှစ် အကြာတွင် စတင်၍သီးကြောင်း၊ အပင်အောင်မြင်ဖြစ်ထွန်းပါကတစ်ပင်လျှင်(၃၀-၄၀)လုံးခန့်သီးကြောင်း၊ ရှောက်သီးဈေးနှုန်းအနေဖြင့် လက်ကား (၁)လုံးလျှင်(၃၀၀/-)ကျပ်၊ လက်လီတစ်လုံးလျှင်(၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ရှောက်သီးစိုက်ပျိုးသောခြံအထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ရှောက်ပင်စိုက်ပျိုးရာတွင် အသီးသာမက အညွှန့်ပါရောင်းချရသောကြောင့် စိုက်ပျိုးရကျိုးနပ်ကြောင်း၊ ရှောက်သီးစားသုံးခြင်းဖြင့် လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ အစာမကြေခြင်းနှင့် အတက်စာများ စားသုံးမိပါက ရှောက်သီးဖျော်ရည်ကို သောက်ပေးရကြောင်း၊ ရှောက်ရွက် စားသုံးပေးခြင်းဖြင့် လေငန်းရောဂါ သက်သာပျောက်ကင်းစေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

“တဇောင်းခါးဈေးနှုန်းဈေးကွက်”

         မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အလျောက် တမာ၊ ထနောင်း၊ မန်ကျည်းပင်များပေါက်ရောက်သည့်အပြင် ဆေးဖက်ဝင် စားသုံး၍ရသော တ‌ဇောင်းပင်များလည်း တောင်တန်းနှင့်တောင်ကုန်းများတွင် ပေါက်ရောက်လျက်ရှိပြီး အချို့ဒေသများတွင် တဇောင်းပင်ကို စီးပွားဖြစ် ဧကလိုက်စိုက်ပျိုးလျက်ရှိကြောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဈေးများသို့ တဇောင်းခါးများ စတင်ဝင်ရောက်လျက်ရှိရာ တဇောင်းခါး လက်ကားတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင်(၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကုန်စိမ်းသည်များမှာ စားသုံးသူများ အဆင်ပြေစေရန်အတွက် (၅၀၀/၁၀၀၀)ကျပ်တန် အထုပ်ကလေးများ ထုပ်၍လည်း ရောင်းချပေးကြောင်း၊ တဇောင်းခါးစားသုံးခြင်းဖြင့် ကိုလက်စထရောကိုကျစေကြောင်း၊ နှလုံးသွေးကြော ကျဉ်းရောဂါကို ကာကွယ်နိုင်ကြောင်း၊ ဆီးချိုရောဂါကို ကျစေကြောင်း၊ လိပ်ခေါင်းရောဂါကိုလည်း သက်သာစေကြောင်း၊ တဇောင်းခါး၏ အရသာသည် ချဉ်ခါးသက်သက်လေးမို့ ချက်ပြုတ်စားသုံးလျှင် ခံတွင်းကိုမိန်စေသောကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိသော တဇောင်းခါးကို ဝယ်ယူစားသုံးသင့်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“အညာဒေသထွက်ဆီးချဉ်သီးများစတင်ထွက်ပေါ်”

            ကျောက်ဆည်ခရိုင်အတွင်း ယခုအချိန်တွင် ဆီးချဉ်သီး၊ ဆီးချိုသီးများ စတင်ထွက်ပေါ် လျက်ရှိပါသည်။ ဆီးချဉ်ပင်ကိုသီးသန့်စိုက်ပျိူးမှုမရှိပါ။ မိမိတို့ တောတောင်များတွင် အရိပ်ရရန်အတွက် ကန်သင်းရိုးများတွင် စိုက်ပျိုးကြပါသည်။ အများအားဖြင့် အညာဒေသတွင် ဆီးချဉ်ပင် များအလေ့ကျပေါက်ရောက်သော အပင်ဖြစ်ပြီး တောသူတောင်သားများမှ တောလယ်ထွက်ရင်း ဆီးချဉ်သီးများကိုကောက်၍ နေလှန်းအခြောက်ခံကာ မြို့ပေါ်တက်၍ ရောင်းချကြသဖြင့် မိသားစု အပိုဝင်ငွေရရှိကြပါသည်။ ဆီးချိုပင်ကို ခြံဖြင့်စီးပွားဖြစ်စိုက်ပျိုးကြပြီး စဥ့်ကိုင်မြို့နယ်တွင် အများဆုံး စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ စဉ်ကိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထားသော ဆီးချိုပင်များမှာ အရည်အသွေးကောင်းသော အလုံးကြီးမျိုး၊ ထိုင်ဝမ်ဆီးချိုသီးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ဆီးချိုသီး/ ဆီးချဉ်သီးရောင်းချမှုတွင် ပြည်ချိန်ဖြင့် အများဆုံးရောင်းချကြကြောင်း၊ ဆီးချဉ်သီးမှာ အညာဒေသတွင် ဆီးပဲလှော်၊ ဆီးကြက်ဥ၊ ဝက်သက်ခေါက်ဆီးသီးဟူ၍ အမျိုးမျိုးပေါက်ရောက် ကြောင်း၊ ယခင်နှစ် ဆီးသီးခြောက် ဈေးနှုန်းအနေဖြင့် အခြောက်(၁)တင်း လျှင်(၁၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုပေါ်ဦးပေါ်စတွင် ဆီးချဉ်သီးအခြောက် (၁)တင်းလျှင် (၇၀၀၀/-)ကျပ်သာ ရောင်းချရကြောင်း၊ ယခင်နှစ်ထက် ပေါ်ဦးပေါ်စတွင် (၁)တင်းလျှင် (၃၀၀၀/-)ကျပ် လျော့နည်း ရောင်းချရကြောင်း၊ ဆီးသီးခြောက်ကို နီးစပ်ရာပွဲရုံများသို့ သွားရောက်ရောင်းချရကြောင်း၊ ဆီးချဉ်သီးအစိုကို အညာဒေသတွင် ဆီးသီးပေါင်းနှင့် ဆီးသီးငပိသုပ်အဖြစ် စားသုံးကြသလို ဆီးသီးခြောက်ကို ထန်းလျက်နှင့် ကျို၍ စားသုံးကြပါသည်။ ဆီးသီးခြောက်ကို ဆီးခွဲစက်များမှလည်း လာရောက်ဝယ်ယူကြကြောင်း၊ ဆီးယိုစားသုံးခြင်းဖြင့် ရင်ကိုအေး၍ နှလုံးကိုငြိမ်စေကြောင်း၊ ဆီးသီးစားသုံးခြင်းဖြင့် ဗီတာမင်စီ ကြွယ်ဝစွာရရှိသောကြောင့် တစ်နှစ်တစ်ခါသာပေါ်သော ရာသီပေါ်ဆီးသီးများကို စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

အိုးမုံညင်းစိုက်ပျိုးမှုနှင့် စျေးနှုန်းအခြေအနေ

         ကျောက်ဆည်မြို့နယ်တွင် ဒေသမရွေးစိုက်ပျိုးနိုင်သည့် အိုးမုံညင်းများကို စိုက်ပျိုးလျက်ရှိပါသည်။ အိုးမုံညင်းများကို အေးသောရာသီဥတုရှိသည့် ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး မုံညင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး ဝါတွင်းကာလများတွင် အသားရှောင်လိုသူများအတွက် အကြိုက်တွေ့စေသည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ မုံညင်းအမျိုးအစားများကို အရွက်၊ အရောင်၊ အကြီး၊ အသေး၊ အချော၊ အကြမ်းပေါ်မူတည်၍ အမျိုးအစားအမျိုးမျိုးကွဲပြားကြပြီး မေလမှ ဒီဇင်ဘာလထိ စိုက်ပျိုးနိုင်ကြောင်း၊ မစိုက်ပျိုးမီ (၃-၄)ပတ်အလိုတွင် မြေပြုပြင်ရန် လိုအပ်ကြောင်း၊ ရေဝပ်သော နေရာဖြစ်ပါက ဘောင်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မျိုးစေ့ (၆-၇)ပေါင်ခန့် အသုံးပြုရကြောင်း၊ ပျိုးထောင်ပြီး (၅-၆) ရက်ကြာပြီးနောက် စိုက်ခင်းအတွင်းသို့ ပြောင်းရွှေ့၍ တစ်ပင်နှင့် တစ်ပင် တစ်ပေခြား စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးနေချိန်တွင် စိုက်ခင်းအတွင်း ရေအလုံအလောက်ရှိရန် လိုအပ်ကြောင်း၊ စတင်စိုက်ပျိုးပြီး ရက်ပေါင်း (၂၅-၃၀) ရက်အကြာတွင် မုံညင်းရွက်များကို စတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အိုးမုံညင်း (၅)ပင်ပါ တစ်စီးလျှင် (၂၅၀-၃၀၀)ကျပ်ဖြင့်လည်းကောင်း ၊ တစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်ဖြင့်လည်းကောင်း စိုက်ခင်းအတွင်း လာရောက်ဝယ်ယူကြပြီး စားသုံးသူများ ဝယ်ယူရာတွင် အဆင်ပြေစေရန် အနေတော်အစီးလေးများစီး၍ ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချကြကြောင်း၊ တစ်ဧကလျှင် အိုးမုံညင်း (၇၀၀-၈၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၃၀၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ အိုးမုံညင်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိသည့်အပြင် စီးပွားဖြစ်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ပဲစဉ်းငုံများယခင်အပတ်ထက်စျေးနှုန်းမြင့်တက်”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်တွင် (၁၇၀၀)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ပဲစဉ်းငုံကို သီးသန့် စိုက်ပျိုးမှုများရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း၊ အများဆုံးစိုက်ပျိုးသောပျိုးခဲ့ပြီး ယခုအချိန်တွင် ပဲစဉ်းငုံများ စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁၁-၁၂) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခင်အပတ် စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခုအပတ်တွင် တစ်တင်းလျှင်(၉၂၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်အပတ်နှင့်နှိုင်ယှဉ်ပါက စျေးနှုန်းများမြင့်တက်လာကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၇၁၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ကျောက်ဆည်မြို့နယ်ရှိ ဘော်တောင်ကျေးရွာနှင့် တံတားဦး၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မလှိုင်ဘက်မှ ပဲစဉ်းငုံများ ဝင်ရောက်လျက်ရှိကြောင်း၊ တောင်သူများမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဖြစ်ထွန်းအောင်မြင်နေသောဆောင်းမြေပဲများ စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်

          နွားထိုးကြီးမြို့နယ်သည် ဆည်ရေသောက်များတည်ရှိပြီး၊ ဆောင်းသီးနှံများကိုလည်း စိုက်ပျိုးထားရှိသည်။ ဆောင်းမြေပဲ သီးနှံကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။

            နွားထိုးကြီးမြို့နယ်သည် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ၂၀၂၅-၂၀၂၆ခုနှစ်၌ ဆောင်းမြေပဲသီးနှံကို စီမံကိန်းဧက (၆၃၇၄) လျားထားဧကအနက် စိုက်ပျိုးဧက(၁၇၁၂၄) ဧက စိုက်ပျိုးထားရှိပြီး  လျာထားချက်ထက် (၁၀၇၅၀)ဧကကျော်ပိုမို စိုက်ပျိုးထားကြောင်း မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဆောင်းမြေပဲစိုက်ပျိုးထားရှိသော ကျေးရွာများမှာ အိုးပုံတောရွာ၊ ပြင်စည်၊ ကျွန်းဒေါင့်ရွာ၊ မကျီးကန်ရွာ၊ မျက်ရှုရွာနှင့် ရွာသာအေး စသည့်ကျေးရွာများ၌ စိုက်ပျိုးထားရှိကြောင်း၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးများကို စိုက်ပျိုးထားရှိကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၇၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅၂)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်၌ မြေပဲဆံတစ်တင်းလျှင်(၁၁၃၀၀၀) ကျပ်ခန့်ရရှိခဲ့ကြောင်း၊ ယခုနှစ် တွင်စိုက်ပျိုးထားသော ဆောင်းမြေပဲများ ရာသီဥတုကောင်းမွန်ပြီး ရေသွင်းရေထုတ်၊ အပင်ပြုစုမှုနှင့် မြေဩဇာများပုံမှန်ကျွေးနိုင်ပါက မြေပဲများ အထွက်နှုန်းကောင်းနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း  မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးထားရှိမှုနှင့် တောင်သူအကျိုးအမြတ်ရရှိကြောင်း

         မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး  စိုက်ပျိုးရးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြာင်းပြုကြသည်။ စပါး၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ပြောင်း၊ ဆီထွက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ အစေ့ထုတ်ပြောင်း (မိုးကြို/မိုး)သီးနှံကို မေလ၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးပြီး မေလနှင့် ဒီဇင်ဘာလတို့အထိ စတင်ရိတ်သိမ်းကြောင်း ၂၀၂၆ခုနှစ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုအနေဖြင့် စိုက်ဧက(၂၂၉၂)ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း များကောင်းကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မျိုးအနေဖြင့် အထွက်နှုန်းကောင်းသော ( 808 နှင့် 888) များကို အများဆုံးစိုက်ပျိုး ကြကြောင်း၊   တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိူး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် (၆၅၀,၀၀ဝ) ကျပ်ခန့်ကုန်ကျ ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၃)တင်းခန့် ထွက်ရှိကြောင်း၊ မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများ အနည်းငယ်  ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် အစေ့ထုတ်ပြောင်း တစ်တင်းလျှင်  (၂၃,၀၀၀)ကျပ်၊ တစ်ဧကအကျိုးအမြတ်အနေဖြင့်  (၁,၀၀၀,၀၀၀)ကျပ်ခန့် အကျိုး အမြတ်ရရှိကြောင်း သင်္ဘောတင်ကျေးရွာမှ အစေ့ထုတ် ပြောင်းစိုက် တောင်သူ၏ပြောပြချက် အရသိရှိရသည်။ ‌ဒေသတွင်းကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော အစေ့ထုတ်ပြောင်းများကို တောင်သူများကိုယ်တိုင် မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေးမြို့၊ ပခုက္ကူမြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများ ထံမှသိရှိရပါသည်။

DOCA(မန္တလေး)     

မိုးစပါးစိုက်ပျိုးထားရှိမှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု

          နွားထိုးကြီးမြို့နယ်၌ မိုးစပါးသီးနှံကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးသီးနှံကို  (၁၁၈၅၉) ဧကစိုက်ပျိုးထားရှိသည့်အနက် ဧကအားလုံး ရိတ်သိမ်းခဲ့ပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် (၇၅)တင်းခန့် ထွက်ရှိကြောင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုး သောကျေးရွာများမှာ ခက်လန်းကျေးရွာ၊ လက်ပံရွာ၊ တပါယ်ရွာ၊ နဘဲမြစ်ရွာ၊ လက်ပံရွာနှင့် ကျွန်းဒေါင့်ရွာ   စသည်တို့တွင် အများတွင်စိုက်ပျိုးထားကြောင်း၊ ပျိုးထောင်ရက် (၂၁)ရက် အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရပြီး စပါးတစ်သီး ရင့်မှည့်ချိန် အထိ ငါးလကြာမြင့်ကြောင်း၊   မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၇၈၀,၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးသည့် စပါးမျိုးများမှာ  မနောသုခနှင့် အောင်နိုင်တိုး စပါးမျိုးများကိုသာ  စိုက်ပျိုးထားကြောင်း၊ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ မိုးစပါးများ စတင်ရိတ် သိမ်းပြီဖြစ်ကြောင်း၊  စပါးစျေးနှုန်းအနေဖြင့် မနောသုခ စပါး(မိုး) (၁)တင်းလျှင် (၁၄,၅၀၀-၁၅,၀၀၀) ကျပ်၊ မိုးစပါး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၇,၅၀၀)ကျပ် ခန့်ရရှိကြောင်း၊ ဒေသတွင်း ဝမ်းစာအဖြစ် စားသုံးရန်အတွက်သာစိုက်ပျိုးကြကြောင်း၊ မနောသုခဆန် (သစ်) ၂၄ပြည် တစ်အိတ်လျှင် (၅၅,၀၀၀-၆၅,၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ထွက်ရှိသော စပါးများကိုကျေးရွာ အတွင်းရှိစက်များ၌ ကြိတ်ခွဲပြီးရရှိလာသော ဆန်များကို မိမိတို့၏မိသားစု ဝမ်းစာနှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြကြောင်း ခတ်လန်းရွာမှ စပါးစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဘိလပ်မြေဈေးကွက်

        မိတ္ထီလာဈေးကွက်အတွင်း ယခုဇန်နဝါရီလတတိယအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၆၈၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၆၈၀၀)ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ် လျှင်(၁၆၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် Alpha ဘိလပ်မြေ၊ အပါချီဘိလပ်မြေနှင့် ကြံ့နှစ်ကောင်ဘိလပ်မြေတို့မှာ တစ်အိတ်လျင် (၁၀၀) ကျပ် မြင့်တက်လာရာ သယ်ယူပို့ဆောင်စရိတ်ကြောင့် မြင့်တက်လာခြင်းဖြစ်ကြောင်း အရောင်းဆိုင်များမှ သိရသည်။ ယခုအခါ ပွင့်လင်းရာသီ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်လာပြီဖြစ်၍ ဈေးကွက်တွင် အရောင်းအဝယ်မှာ ယခင်ထက်သွက်လာကြောင်း သိရသည်။ မိတ္ထီလာမြို့သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ ဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက်များသို့ ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာ ခရိုင်တွင်ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊နေကြာကို မိုး၊ ဆောင်းရာသီနှစ်မျိုးလုံးစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ရာသီချိန်တွင်ဒေသတွင်း စားသုံးမှုအတွက်ကြိတ်ခွဲထုတ်လုပ်ကြသည့် အပြင်ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ရောင်းချကြကြောင်း၊ ယခုအခါပဲဖတ်၊ နှမ်းဖတ်ဈေးနှုန်းများမြှင့်တက်လာသဖြင့် ဆီစက်များကြိတ်ခွဲထုတ်လုပ်မှုများလာကြောင်း သိရှိရပါသည်။

        ယခုဇန်နဝါရီလ တတိယပတ်တွင် နှမ်းညိုတစ်တင်း လျှင်(၉၅၀၀၀-၉၇၅၀၀) ကျပ်၊ နှမ်းဖြူ တစ် တင်းလျှင်(၉၅၀၀၀-၁၀၀၀၀၀)ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာ လျှင် (၄၈၀၀-၄၈၅၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလ တူနှိုင်းယှဉ်လျှင် နှမ်းညိုနှင့် နှမ်းဖြူ တစ်တင်းလျှင်(၈၀၀၀-၉၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၅၀၀-၁၀၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၀၀-၂၅၀)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ နှမ်းဖတ်ဈေးများမြင့်တက်လာ၍ ဆီစက်လုပ်ငန်းများ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

      ဈေးကွက်အတွင်း၌မြေပဲလုံးဆံ တစ်ပိဿာလျှင် (၁၁၇၀၀)ကျပ်၊ ဆီဆန်တစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀-) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၇၂၅၀-၇၃၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် မြေပဲလုံးဆန်နှင့် ဆီဆန် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ပဲဖတ်တစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်းပဲဖတ်ဈေးနှုန်းများမြှင့်တက်လာခြင်းကြောင်း ဖြစ်သည်ဟု သိရှိရပါသည်။

           ဈေးကွက်အတွင်း၌ နေကြာစေ့တစ်ပိဿာလျှင်  (၇၀၀၀)ကျပ်ရှိပြီး၊ နေကြာဆီ တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း