
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရာသီမရွေး ဈေးကွက်ဝင်ပြီး စားသုံးမှုများပြားသည့် ခရမ်းစိုက်ပျိုးခြင်းကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြရာ ယခုနှစ်တွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေတိုးပွားကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းစိုက်ပျိုးရာတွင် ဒေသရေမြေနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို အဓိကထား ရွေးချယ်စိုက်ပျိုးကြသည်။ ခရမ်းကို ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ကန့်ဘလူဒေသတွင် ဆောင်းစိုက်နှင့် မိုးကြိုစိုက်အဖြစ် အများဆုံးစိုက်ပျိုးကြသည်။ အတန်းလိုက် စနစ်တကျ စိုက်ပျိုးပါက တစ်ဧကလျှင် ခရမ်းပင်အနည်းဆုံး (၂၅၀၀) မှ (၃၅၀၀) ဝန်းကျင်အထိ ဝင်ဆံ့ စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ခရမ်းစိုက်ပျိုးထုတ်လုပ်မှုတွင် တစ်ဧကလျှင် မျိုးစေ့ဖိုး၊ မြေပြုပြင်ခိုင်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးနှင့် လုပ်အားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ငွေကျပ် (၁၅) သိန်းမှ (၂၀) သိန်းဝန်းကျင် ထိရှိသည်။ စိုက်ပျိုးပြီးနောက် အစိုဓာတ်မပြတ်စေရန် ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ်ခြင်းတို့ကို စနစ်တကျ ဂရုစိုက်ပြုစုရကြောင်း သိရသည်။
ခရမ်းပင်များသည် ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးပြီး ရက်ပေါင်း (၆၀) မှ (၇၅) ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး အပင်သက်တမ်း (၆) လမှ (၈) လအထိ ရေရှည်ခူးဆွတ်ရောင်းချနိုင်သည်။ ကန့်ဘလူဒေသ ခရမ်းစိုက်ခင်းများ၏ အထွက်နှုန်းမှာ ပုံမှန်အားဖြင့် တစ်ဧကလျှင် ပိဿာချိန် (၅၀၀၀) မှ (၇၀၀၀) ကျော်အထိ ထွက်ရှိကြောင်း တောင်သူများထံမှ သိရသည်။ လက်ရှိ ကန့်ဘလူဒေသတွင်းတွင် ခရမ်းသီးတစ်ပိဿာလျှင် အရည်အသွေးအလိုက် လက္ကားစျေး ကျပ် ၆၀၀ မှ ၈၀၀ ဝန်းကျင်အထိ ရရှိနေသဖြင့် အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းကျော် အထိရရှိကြောင်း ခရမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ကန့်ဘလူမြို့နယ်ထွက် ခရမ်းသီးများသည် အခြားဒေသမှဝင်ရောက်လာသော ခရမ်းသီးများထက် ပိုမိုလတ်ဆတ်ပြီး စျေးနှုန်းချိုသာသဖြင့် ဒေသတွင်းစားသုံးသူများနှင့် ကုန်သည်များအကြား ရေပန်းစားလျက်ရှိရာ ခရမ်းစိုက်ပျိုးခြင်းသည် ဒေသခံတောင်သူများအတွက် စီးပွားရေးအရ အားကိုးရသည့် သီးနှံတစ်မျိုးဖြစ်လာနေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
