Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုက်ထို၌ ကင်းပုဇွန်၊ ရေဘဝဲနှင့် ကင်းမွန် အပါအဝင် အဆင့်မြင့်ရေထွက်ကုန်များ ကုန်စည်ဝင်ရောက်မှုနည်းပြီး ဈေးနှုန်းများမြင့်မားလျက်ရှိ

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသတွင်း ပင်လယ်စာရောင်းဝယ်ရေး ပွဲရုံ များနှင့် မြို့မဈေးကွက်အတွင်းသို့ သံဖြူဇရပ်၊ ကျိုက္ခမီနှင့် ရေးမြို့နယ်တို့မှ တင်သွင်းလျက်ရှိ သည့် ကင်းပုဇွန်၊ ရေဘဝဲနှင့် ကင်းမွန်အပါအဝင် အဆင့်မြင့် ပင်လယ်ရေထွက်ကုန်များမှာ သယ်ယူပို့ဆောင်ရေးစရိတ်များပြားမှုနှင့် လမ်းခရီးကြန့်ကြာမှုများကြောင့် ကုန်စည် ဝင်ရောက်မှုလျော့နည်းကာ အိမ်နီးချင်း မြို့နယ်များထက် ပေါက်ဈေးမြင့်မားလျက် ရှိကြောင်း ဒေသခံ ရေထွက်ကုန်သည်များထံမှ သိရသည်။

          ကုန်စည်အမျိုးအစားအလိုက် ဖြစ်ပေါ်နေသော ကုန်စည်ဒိုင်/ပွဲရုံ ရောင်းဈေးများမှာ ကင်းပုဇွန်(Lobster/Crayfish) အစို(ဆိုဒ်ကြီး) ၁ ပိဿာလျှင် ကျပ် (၇၅၀၀၀) မှ (၉၅၀၀၀) ခန့်၊ အစို (ဆိုဒ်လတ်/သေး) ၁ ပိဿာလျှင် ကျပ် (၅၅၀၀၀) မှ (၆၅၀၀၀) ခန့်ရှိနေပြီး ဈေးကွက်အခြေအနေအရ ကင်းပုဇွန်သည် ဈေးနှုန်းကြီးမြင့်သည့်အပြင် ပုပ်သိုးလွယ်သည့် ကုန်စည်ဖြစ်သဖြင့် ပွဲရုံများအနေဖြင့် စားသောက်ဆိုင်ကြီးများနှင့် အော်ဒါမှာယူမှုများ အတွက်သာ အကန့်အသတ်ဖြင့် တင်သွင်းရောင်းချလျက်ရှိသည်။

          ရေဘဝဲ (Octopus) ဈေးနှုန်းအနေဖြင့် ယခုရက်ပိုင်းအတွင်း ရေဘဝဲအစို ၁ ပိဿာ လျှင် ကျပ် (၂၈၀၀၀) မှ (၄၂၀၀၀) ခန့်၊ ရေဘဝဲ အခြောက်/မီးကင် ၁ ပိဿာလျှင် ကျပ် (၅၂၀၀၀) မှ (၆၅၀၀၀) ထိရှိနေကာ ရေဘဝဲအစိုမှာ ဒေသတွင်း စားသောက်ဆိုင်များ အရောင်းအဝယ်ပုံမှန်ရှိပြီး အခြောက်နှင့် မီးကင်အမျိုးအစားများမှာ ကျိုက်ထီးရိုး ဘုရားဖူး ခရီးသွားများ အဝယ်များသည့် ဒေသထွက် လက်ဆောင်ကုန်စည်အဖြစ် အဓိက အရောင်း အဝယ်ဖြစ်နေသည်။

          ကျိုက်ထိုမြို့နယ်သည် ပင်လယ်ထွက်ရှိရာ ကမ်းရိုးတန်းနှင့် တိုက်ရိုက် မထိစပ်သဖြင့် ရေထွက်ကုန်များအားလုံးကို မွန်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များမှ တဆင့် တင်သွင်းရ ခြင်းဖြစ်သည်။ လက်ရှိတွင် ရေခဲစရိတ်၊ စက်သုံးဆီစရိတ်နှင့် လမ်းကြောင်း စစ်ဆေးမှု ဂိတ် စရိတ်များ မြင့်တက်နေခြင်းကြောင့် မူရင်းကမ်းလွန် ရောင်းဈေးထက် သယ်ယူစရိတ် ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပိုမိုကုန်ကျနေကြောင်း၊ ထို့ကြောင့် ရေထွက်ကုန် ပွဲရုံများ အနေဖြင့် အစိုအမျိုးအစားများထက် အခြောက်နှင့် ပြုပြင်ပြီး ကုန်စည်များကို ပိုမို ဦးစားပေး တင်သွင်းနေကြကြောင်း သတင်းရရှိသည်။

DOCA (မွန်)

“ကျောက်ဖရုံသီးဈေးနှုန်း အနည်းငယ်မြင့်တက်”

            ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ကျောက်ဖရုံသီးသီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီး မျိုးများမှာ အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများဖြစ်ပြီး အိုမီကာ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ကျောက်ဖရုံသီး စိုက်ပျိုးမည်ဆိုပါက (၁)ဧကလျှင်(၄-၅)ထုပ်စိုက်ပျိုးရကြောင်း ၊ မျိုးစေ့ (၁)ထုပ် ဈေးနှုန်းအနေဖြင့် အိုမီကာ(ထိုင်ဝမ်)မျိုး(၁)ထုတ်လျှင်(၂၀၀၀၀)ကျပ် ဗမာမျိုး(၁)ထုပ်လျှင် (၁၅၀၀၀) ကျပ်ရှိကြောင်း၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း (၁)ပင်နှင့်(၁)ပင် (၅) တောင်ခန့်ဖွင့်၍(၁)ပေခွဲခန့်ခြား စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသည့်ကျေးရွာများမှာ စဉ့်ကိုင်မြို့နယ် စဉ့်ကိုင်ကြီးကျေးရွာ၊ ပင်းချားကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာတို့ဖြစ်ကြကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကြကြောင်း၊ ယခင်က ကျောက်ဖရုံးသီး ဈေးနှုန်းအနေဖြင့် အိုမီကာ (ထိုင်ဝမ်) တစ်လုံးလျှင် လက်လီဈေး(၅၀၀၀/-)ကျပ်၊ လက်ကားဈေး (၄၀၀၀-၄၅၀၀)ကျပ်၊ ဗမာသီးတစ်လုံးလျှင် လက်ကားဈေး (၇၀၀၀/-)ကျပ်၊ လက်လီဈေး (၈၀၀၀/-)ကျပ်ဖြင့် ၊ ယခု ကျောက်ဖရုံးသီး ဈေးနှုန်းအနေဖြင့် အိုမီကာ (ထိုင်ဝမ်)တစ်လုံးလျှင် လက်လီဈေး(၅၅၀၀/-)ကျပ်၊ လက်ကားဈေး (၄၅၀၀-၅၀၀၀) ကျပ်၊ ဗမာသီးတစ်လုံးလျှင် လက်ကားဈေး (၇၅၀၀/-)ကျပ်၊ လက်လီဈေး (၈၀၀၀-၈၅၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု လည်းရှိကြောင်း၊ ဝါတွင်းကာလဖြစ်သောကြောင့် ကျောက်ဖရုံသီးများ ဈေးနှုန်းအနည်းငယ်မြင့်တက် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးကို စိုက်ခင်းထဲထိ ပွဲစားများမှလာရောက် ဝယ်ယူကြပြီး၊ ကျောက်ဖရုံစိုက် တောင်သူများမှလည်း ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့များနှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့မဈေးများတွင်လည်း သွားရောက်ရောင်းချကြကြောင်း၊ အညာ ဒေသအလှူ၊မင်္ဂလာဆောင်များတွင်လည်းကျောက်ဖရုံသီးကိုအသားဟင်းတစ်မျိုးမျိုးနှင့်ရော၍ချက်ပြုတ်ကျွေးမွေးကြသောကြောင့် ကျောက်ဖရုံသီးနှံသည်ဈေးကွက်တွင်အရောင်းအဝယ်သွက်၍တောင်သူများအနေဖြင့်အကျိုးအမြတ်ရရှိသောသီးနှံဖြစ်သောကြောင့် ကျောက်ဖရုံသီးသီးနှံကို ပိုမို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူနီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

          ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ တစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ် ၄၈၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၂၀၀အောင်ပန်းထူး-၄ ကျပ် ၇၃၀၀အောင်ပန်းထူး-၅ ကျပ် ၈၃၀၀၊ ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူ (ရှယ်) ကျပ် ၅၈၀၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၅၈၀၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၅၆၀၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၄၇၀၀၊ မုံရွာ (ရှယ်) ကျပ် ၅၉၀၀၊ မုံရွာ (လတ်ကြီး) ကျပ် ၅၉၀၀၊ မုံရွာ(လတ်သန့်) ကျပ် ၅၇၀၀၊ မုံရွာ (လတ်ချော) ကျပ် ၄၉၀၀၊  ပခုက္ကူ(ရှယ်) ကျပ် ၅၉၀၀၊ ပခုက္ကူ (လတ်ကြီး) ကျပ် ၅၉၀၀၊ ပခုက္ကူ (လတ်သန့်) ကျပ် ၅၇၀၀၊ ပခုက္ကူ (လတ်ချော) ကျပ် ၅၀၀၀၊ မြင်းခြံ(ရှယ်) ကျပ် ၅၉၀၀၊ မြင်းခြံ (လတ်ကြီး) ကျပ် ၅၉၀၀၊ မြင်းခြံ(လတ်သန့်) ကျပ် ၅၇၀၀၊ မြင်းခြံ (လတ်ချော) ကျပ် ၅၁၀၀ တို့ရှိကြောင်း၊ အာလူး တစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်း A1 ကျပ် ၁၇၀၀၊ အောင်ပန်း OK ကျပ် ၂၆၀၀၊ အောင်ပန်း S1 ကျပ် ၃၃၀၀၊ အောင်ပန်း S2 ကျပ် ၃၃၀၀ တို့ဖြစ်ပါကြောင်း၊ ယခင်တစ်ပတ်ထက် ယခု ဩဂုတ်လ ပထမပတ်တွင် ကြက်သွန်နီ ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၀၀-၀၀ တက်ပါကြောင်း၊ အောင်ပန်း ကြက်သွန်ဖြူမှာ ဈေးနှုန်းမပြောင်းပါကြောင်း၊ အောင်ပန်း အာလူး A1 ၊ OK၊ S1၊ S2 မှာ တစ်ပိဿာ လျှင် ကျပ် ၂၀၀ ကျပါကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်သာမြို့နယ်၏မိုးငရုတ်(အစို)စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

            တောင်သာမြို့နယ်သည် အပူပိုင်းခြောက်သွေ့သော ရာသီဥတုရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါဝင်ပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ကြက်သွန်နီ၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ မိုးငရုတ်(အစို) များကိုလည်း စိုက်ပျိုးထား ကြောင်း၊  မိုးငရုတ်(အစို) ကိုမေလနှင့် ဇွန်လ(နယုန်လ)တို့တွင်  စတင်ပျိုးထောင်ပြီး၊ ပျိုးသက် (၃၀- ၄၅) ရက်သားအရွယ်၌ မိုးဥကျ ဇွန်လနှင့် ဇူလိုင်လများတွင်ပျိုးပင်များကို မြေချရွေ့ပြောင်းစိုက် ပျိုးရသည်။ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။

            ၂၀၂၅-၂၀၂၆ ခုနှစ်၊ တောင်သာမြို့နယ်တွင်  မိုးငရုတ်စီမံကိန်းဧက ( ၁၅၇) လျာထားခဲ့ပြီး စိုက်ပျိုးပြီးဧက (၈၅) ဧကစိုက်ပျိုးထားကြောင်း၊ လျာထားချက်ပြည့်မှီအောင်ဆက်လက် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ မိုးငရုတ်(အစို) များကို တစ်မိုက်သာရွာ၊ ဖက်တောရွာ၊ ရုံးစည်ကြီးရွာ၊ ဆီမီးကန်ရွာ၊ ရုံးတောရွာ၊ ရသစ်ရွာနှင့် ဝဲလောင်ရွာတို့တွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်း အနေဖြင့် (၄၃၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ငရုတ်သီး စိမ်းလက်ကားတစ်ပိသာလျှင် (၃၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် တောင်သာမြို့ရှိ မြို့မဈေး၊ ဘုရားကြီးဈေးနှင့် မင်္ဂလာရွှေတောင် ဈေးများတွင် ဒေသခံတောင်သူများကိုယ်တိုင် ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၄-၈-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၄ -၈ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

၂၀၂၆ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

          ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲထွက်ချိန်မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည်ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၈၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန် ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၀၀၀) ဝန်းကျင်ခန့်ဝင်သည်ဟု ခန့်မှန်းပါသည်။ နှမ်းနက် (ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၂၀၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန် ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ်(၁၅၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ်လက်ကျန် တန်ချိန် (၁၇၀၀၀) ဝန်းကျင်ရှိ ကြောင်းနှင့် ဇူလိုင်လ စတုတ္ထပတ်တွင် နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၅၅၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၈၀၀၀၀ ကျပ်၊ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၄၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၅၂၀၀၀၀ ကျပ်ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်သာမြို့နယ်၏အစေ့ထုတ်ပြောင်းဈေးကွက်အနည်းငယ်မြင့်တက်လာကြောင်း

             မြင်းခြံခရိုင်၊ တောင်သာမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံများကို သာယာအေးရွာ၊ ရွာလေးကုန်းကျေးရွာ၊ ငါးပင်စင်ရွာ၊ ဆင်မင်း ကျေးရွာ၊ နန်တည်ရွာ၊ သံဘိုကျေးရွာနှင့် ရုံးပင်ရွာတို့တွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော အထွက်နှုန်းကောင်းမွန်သည့် စီပီ(808)နှင့် (888)မျိုးများကို စိုက်ပျိုးထားကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တောင်သာမြို့နယ်အနေဖြင့် အစေ့ထုတ်ပြောင်း စိုက်ဧက (၇၀၄)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများ အရသိရှိရသည်။

     တောင်သာမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စတုထ္တပတ်အတွင်း အရည်အသွေးကောင်းသော အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် (၁၅၇၀-၁၆၃၀) ကျပ်ခန့်၊ အရည်အသွေးညံ့သော အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အရည်အသွေးအမျိုးအစားကိုလိုက်၍ အစေ့ထုတ်ပြောင်း  တစ်ပိဿာလျှင် (၂၀၀-၂၅၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်ပတ်လျှင် (၂၅၀) အိတ် ခန့်အရောင်းအဝယ်ဖြစ်ကြောင်း၊  တင်ပို့မှုအနေဖြင့် ပခုက္ကူမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ ရောင်းချကြောင်း၊ ဒေသတွင်းကုန်လက်ကျန်နည်းလာပြီ ဖြစ်သောကြောင့်  အစေ့ထုတ်ပြောင်း ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း၊  အစေ့ထုတ်ပြောင်းများကို ပြည်တွင်း၌ မွေးမြူရေးလုပ်ငန်းများတွင် ကုန်ကြမ်းတိရိစ္ဆာန် အစာအဖြစ်အသုံးပြုကြသလို အပင်များကိုကျွဲ၊ နွားအစာအဖြစ်လည်းကောင်း၊ အစားသောက်ကုန်ကြမ်းအဖြစ် ဝယ်ယူမှုများ၍ ဈေးကွက် ခိုင်မာမှုရှိ ကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။ 

DOCA(မန္တလေး)

ရသာကျေးရွာမှနွေနှမ်းများစိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်

                မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်သည်  နွေနှမ်းများကို ဧပြီလမှစ၍ စတင်စိုက်ပျိုးလျက်ရှိကြောင်း၊  စိုက်ပျိုးထားရှိမှုမှာ (၇၈၅) ဧကစိုက်ပျိုးထားကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း နွေနှမ်းများ စိုက်ပျိုးရန်အတွက် ဆည်မြောင်းဝန်ကြီးဌာနမှ ရေပေးစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ နှမ်းစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပြီးအများဆုံး စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူနှင့် နှမ်းညိုများကိုစိုက်ပျိုးကြသည်။ မျိုးစေ့တစ်ပြည်လျှင် (၈၀၀၀-၉၀၀၀) ကျပ်အထိပေးဝယ်ရ ကြောင်း ၊ တစ်ဧကစိုက်ပျိုးရာတွင်မျိုး ၃ပြီမှ ၄ပြီခန့်စိုက်ပျိုး၍ ကြဲပတ်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း (၄၈၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးထားသောကျေးရွာများမှာ သင်ပြွန်းရွာ၊ ကျားတိုင်ရွာ၊ ရသာရွာ၊ ငါ့နန်းရွာနှင့် ဖက်ပင်အိုင်ရွာ တို့တွင်အများဆုံးစိုက်ပျိုးထားကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် မြင်းခြံကုန်စည်ဒိုင် ပေါက်ဈေး၌ နှမ်းဖြူတစ်တင်းလျှင် (၁၁၁၆၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊  နှမ်းဆီတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ တောင်သူများမှ ထွက်ရှိသောနှမ်းများကို မန္တလေးမြို့၊ မကွေးမြို့၊ ရန်ကုန်တိုင်းအတွင်းရှိ ဘုရင့်နောင် ပွဲရုံနှင့်  ရွှေပြည်သာမြို့များသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြ ကြောင်း၊ စားသုံးဆီ ဖူလုံစေရေးအတွက်  တောင်သူများမှာ နှမ်းကိုဆီထွက်သီးနှံအဖြစ် တိုးချဲ့စိုက် ပျိုး လျက်ရှိကြောင်း၊  ယခင်နှစ်အထွက်နှုန်းအနေဖြင့် (၈-၉)ခန့်ထွက်ရှိကြောင်း၊ နွေနှမ်းများကို ဇူလိုင်လကုန်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ရာသီဥတုကောင်းမွန်ပြီး အထွက် နှုန်းကောင်းပါက စျေးကောင်းရရှိ၍  တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိနိုင်ကြောင်း ရသာကျေးရွာမှ နှမ်းစိုက်တောင်သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့် ပဲတီစိမ်း (ပဲနှောက်စိမ်း)ဈေးနှုန်းဈေးကွက် အခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်း ကျေးရွာများတွင် စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းသီးနှံများ ပခုက္ကူမြို့ရှိ ပွဲရုံများသို့ လှိုင်လှိုင်ဝင် ရောက်လျက်ရှိကြောင်း ပခုက္ကူမြို့၊အမှတ် (၅)ရပ်ကွက်ရှိ “အာကာ” ပွဲရုံပိုင်ရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

        ပဲတီစိမ်းသီးနှံကို ရေစကြိုမြို့နယ်တွင် ရေသွင်းစိုက်ပျိုးသော ပဲတီစိမ်းကြီးနှင့် မိုးဦးကာလတွင် ပခုက္ကူ၊ မြိုင်၊ ရေစကြိုမြို့နယ်တို့တွင် စိုက်ပျိုးသည့် ပဲနှောက်စိမ်းသီးနှံ ဇွန်လမှ ယနေ့အချိန်ထိ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ကုန်ဝင်အနေဖြင့် မိမိပွဲရုံကို တစ်နေ့လျှင် အိတ် (၅၀) မှ (၁၀၀) ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများ အားလုံးပေါင်း တစ်နေ့လျှင် (၁၅၀၀) ခန့် ဝင် ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

        ဈေးနှုန်းများအနေဖြင့်၂၀၂၆ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် စိမ်းကြီး (ကျွန်း) (၁) တင်းလျှင် ကျပ် (၇၇၀၀၀ မှ ၈၃၀၀၀)၊ စိမ်းကြီး(ကုန်း) (၁)တင်းလျှင် ကျပ် (၉၀၀၀၀) နှင့် ပဲနှောက်စိမ်း(သေး) (၁)တင်းလျှင်ကျပ် (၉၅၅၀၀)ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ(ပထမ ပတ်)တွင် စိမ်းကြီး (ကျွန်း) (၁) တင်းလျှင် ကျပ် (၇၃၀၀၀ မှ ၇၉၀၀၀)၊ စိမ်းကြီး (ကုန်း) (၁)တင်းလျှင် ကျပ် (၈၅၀၀၀) နှင့် ပဲနှောက်စိမ်း (သေး) (၁) တင်းလျှင်ကျပ် (၉၃၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအချိန်တွင် ဈေးကွက်ဝယ်လိုအားရှိသောကြောင့် ဈေးအနည်းငယ်မြင့် တက်လျက်ရှိကြောင်း၊ မန္တလေးဒေသကြီးသို့ အများဆုံးတင်ပို့လျက်ရှိပြီး မန္တလေးမှ တရုတ်သို့ တင်ပို့ကြောင်း ပွဲရုံပိုင်ရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ရေစကြိုမြို့နယ်တွင် ဝါသီးနှံများ စိုက်ပျိုးလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြပါသည်။ ရေစကြိုမြို့နယ်အနေဖြင့် ဝါသီးနှံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် (၄၅၆၈) ဧက လျာထားကြောင်း၊ ပခန်းကြီး၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်းကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း စည်သာကျေးရွာနေ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

        ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် အများအားဖြင့် သီးသန့်စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ငွေချည်-၁၁၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါများကို ဇွန်လ၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြကြောင်း၊  မိမိအနေဖြင့် ယခင်နှစ် က (၃) ဧက စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် (၅) ဧက စိုက်ပျိုးထားရှိကြောင်း၊ (၁) ဧက အနေဖြင့် မျိုးစေ့ (၃) ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းတို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၁၀) သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁) ဧကလျှင် (၄၅၀) ပိဿာ ထွက်ရှိပြီး (၁) ပိဿာလျှင် ကျပ်(၄၅၀၀) ခန့်ရောင်းရ၍ အကျိုး အမြတ်အနေဖြင့်ကျပ် (၁၀) သိန်းခန့်ရရှိခဲ့ကြောင်း သိရှိရပါသည်။ 

          ဝါသီးနှံသည် မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကြကာ မိုးကြိုက်သောသီးနှံဖြစ်ပြီး မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ပါကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ပဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများစိုက်ပျိုးပြီး အပင်ပေါက်ဖြစ်ထွန်းမှုကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း